
Facebook Myanmar Team မှ မြန်မာဝန်ထမ်းတချို့ ကိုရိုနာဗိုင်းရပ်ကူးစက်၍ သေဆုံးမှုများရှိနေသည် ဟုဆိုသည့် သတင်းမှားများသည် သင်္ကြန်ရုံးပိတ်ရက်ကာလ ဧပြီ ၁၃ မှ စတင်ပျံ့နှံ့လာခဲ့ပြီး ထောင်နှင့်ချီ၍ ပြန်လည်မျှဝေနေသည်ကို တွေ့ရသည်။
အဆိုပါ အကြောင်းအရာကို Aung Kyaw Htet ဆိုသည့် အကောင့်က စတင်ကာ သူသည် Facebook Myanmar Team မှဖြစ်ကြောင်း ကိုရိုနာဗိုင်းရပ်ကူးစက်ခံရပြီဖြစ်ကြောင်း စတင်ရေးသားခဲ့ခြင်းဖြစ်သည်။ ယင်းရေးသားချက်ကို ဒီဗွီဘီ (DVB – Democratic Voice of Burma) က သတင်း ရေးသားဖော်ပြခဲ့ပြီး ယင်း သတင်းမှားမှာ ပိုမိုပျံ့နှံ့သွားခဲ့သည်။
ဒီဗွီဘီ သတင်းတွင် “အမေရိကန် နယူးယောက်မှာရှိတဲ့ ဖေ့စ်ဘွတ်ခ်မြန်မာနည်းပညာအဖွဲ့က ခေါင်းဆောင်တစ်ယောက် ကိုရိုနာဗိုင်းရပ်ကူးစက်ခံရလို့ လတ်တလောမှာ သတင်းမှားတွေကို မဖျက်နိုင်တော့တာကြောင့် ချင့်ချိန် ယုံကြဖို့ အဖွဲ့တာဝန်ရှိသူ တစ်ယောက်က ပြောပါတယ်။ ဖေ့စ်ဘွတ်ခ်ကို အကြောင်းကြား(ရီပို့လုပ်) လာတဲ့ အကောင့်တွေကို ဖျက်တဲ့အဖွဲ့က ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ကိုအောင်ကျော်ထက်ဟာ ဧပြီ ၁၁ ရက်ညက ကိုရိုနာဗိုင်းရပ်ကူးခံထားရတယ်လို့ အဖြေထွက်ခဲ့တာပါ” ဟု ရေးသားခဲ့သည်။
အဆိုပါ သတင်းမှား ရေးသားခဲ့မိမှုနှင့်ပတ်သက်ပြီး ဒီဗွီဘီသတင်းဌာန၏ အယ်ဒီတာ တစ်ဦးထံ Myanmar Now က ဖုန်းဆက်မေးမြန်းခဲ့သည်။
Myanmar Now က ဒီဗွီဘီကို မေးမြန်းပြီးနောက် တစ်နာရီခန့်အကြာတွင် “DVB Burmese ဝက်ဘ်ဆိုက်တွင် ဧပြီ ၁၃ ရက်က ဖော်ပြခဲ့သည့် ‘အမေရိကန်ရှိ ဖေ့စ်ဘွတ်ခ်မြန်မာနည်းပညာအဖွဲ့ခေါင်းဆောင်တစ်ဦး ကိုရိုနာကူးစက်ခံရ’ သတင်းသည် မှန်ကန်မှုမရှိကြောင်း အသိပေးတောင်းပန်အပ်ပါသည်” ဟု ၎င်းတို့၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။
အဆိုပါအကြောင်းအရာနှင့်ပတ်သက်ပြီး Facebook တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းရာတွင် “အဆိုပါအချက်အလက်များသည် မမှန်ကန်သည့်အချက်အလက်များဖြစ်ပြီး DVB ၏ သတင်းတွင် ကိုးကားထားသူများသည်လည်း Facebook ၏ ဝန်ထမ်းများ မဟုတ်ကြောင်း” Facebook ၏ Policy Communications မန်နေဂျာ Amy Sawitta Lefevre က ဧပြီ ၁၅ တွင် Myanmar Now ကို Email မှတစ်ဆင့် ပြောသည်။
ထို့ပြင် Facebook ၏ ပြောရေးဆိုခွင့်ရှိသူ Karishma Chainani ကလည်း [Facebook Myanmar Team တွင် “သေဆုံးမှု မရှိပါ” ဟု Email မှတစ်ဆင့် ပြန်လည်ဖြေကြားခဲ့သည်။
လက်ရှိတွင် သတင်းမှားကို စတင် ပုံဖော်ခဲ့သည့် Aung Kyaw Htet Account ကို Facebook တွင် မတွေ့ရတော့ပေ။ ထပ်မံပြီး ဧပြီ ၁၃ ရက် ညပိုင်းတွင် Hosey Akre ဆိုသည့် Account က ၎င်းသည် Facebook Myanmar Team မှဖြစ်ကြောင်း သူသည်လည်း ဗိုင်းရပ်ကူးစက်ခံရကြောင်း ရေးသားခဲ့ပြီး အဆိုပါအကြောင်းအရာကို ပြန်လည် မျှဝေမှု အကြိမ်ရေ ၁၉၀၀ ကျော်ရှိခဲ့သည်။
ထို့နောက် ဧပြီ ၁၄ ညနေ ၆ နာရီခွဲဝန်းကျင်တွင် သေဆုံးသွားပြီဖြစ်ကြောင်း Hosey Akre ၏ Account တွင် Remembering Account အနေဖြင့် ပေါ်လာခဲ့သည့် အတွက် လူအများစုမှာ အဆိုပါ အကြောင်းအရာကို ထပ်မံ၍ ဖြန့်ဝေကြပြန်သည်။ ထို့နောက် ဧပြီ ၁၅ မနက်အစောပိုင်းတွင် Inginn Khin ဆိုသည့် Account က ၎င်းသည်လည်း Facebook Myanmar Team မှဖြစ်ကြောင်းနှင့် အဖွဲ့ခေါင်းဆောင် ကိုဇေယျာလင်း Account ကို ဖော်ပြပေးမည်ဖြစ်ကြောင်း ရေးသားခဲ့သည်။
ထို့နောက် အမျိုးသမီးငယ်တစ်ဦး၏ Account တစ်ခုရှိ ဓာတ်ပုံများ၊ ကိုယ်ရေးအချက်အလက်များကိုဖျက်ပြီး ပြန်လည်ပြုလုပ်ထားသည့် ‘ဇေယျာလင်း’ ဆိုသည့် Account ထွက်ပေါ်လာပြန်သည်။ ထို့အပြင် Htoi San Naw, Sabrina Nya, Red Fireflies ဆိုသည့် Account များသည်လည်း အဆိုပါ Account များတွင် မကြာခဏ comment ဝင်ရေးခြင်း အကြောင်းအရာများကို ပြန်လည် ကူးယူဖော်ပြခြင်းများ ပြုလုပ်ခဲ့ကြသည်။
လက်ရှိတွင် Inginn Khin ဆိုသည့် Account နှင့် Sanmaung Man ဆိုသည့် ဇေယျာလင်း Account တို့ မှာ Facebook တွင် မတွေ့ရတော့ပေ။ ထို့နောက် Team Zayar Lynn USA ဆိုသည့် Facebook Page ကို ဧပြီ ၁၅ ရက် မနက်ပိုင်းတွင် ထပ်မံ ပြုလုပ်ထားကာ လိမ်လည်ထားသည့် အကြောင်းအရာများနှင့် သတင်းမှားများ ဖြန့်ဝေနေသေးသည်ကို တွေ့ရသည်။ နာရီပိုင်းအကြာတွင် အဆိုပါ Page ကိုလည်း မတွေ့ရတော့ပေ။
