သတင်း

ကိုဗစ်လက္ခဏာများဖြင့် ရန်ကုန်ဆေးရုံကြီးသို့ လာရောက်ပြသသူများကို အရေးပေါ်ဌာနတွင် သီးသန့်စောင့်ကြည့်မည်

ကိုဗစ်ရောဂါလက္ခဏာရှိသူ အယောက် ၄၀ အထိ တစ်ပြိုင်တည်း စောင့်ကြည့်ကုသပေးနိုင်မည့် နေရာတစ်ခုကို ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနတွင် ပြင်ဆင်နေသည်ဟု ဌာန၏ တာဝန်ခံ ပါမောက္ခမော်မော်ဦးက Myanmar Now ကို ပြောသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ အရေးပေါ်ဌာနကို ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်ရှိ လသာ (၂) ကျောင်းဝင်းအတွင်း ပြောင်းရွှေ့ဖွင့်လှစ်လိုက်ပြီး ယင်းဌာန၏ မူလနေရာကို ကိုဗစ်နိုင်တင်းရောဂါ သီးသန့်စောင့်ကြည့်ရေးစင်တာ ( COVID-19 Receiving Center) အဖြစ် ဧပြီ ၆ မှစ၍ ပြင်ဆင်နေကြောင်း ပါမောက္ခမော်မော်ဦးက ပြောသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတစ်ခုလုံးကို ကိုဗစ်နိုင်တင်းရောဂါ လက်ခံကုသရေးဌာနအဖြစ် ပြောင်းလဲခြင်း မဟုတ်ဘဲ အရေးပေါ်ဌာန၊ အရိုးနှင့်အကြော ကုသဆောင် အဆောင် (၅) နှင့် (၆) တို့ကိုသာ ကိုဗစ်နိုင်တင်းရောဂါလက္ခဏာရှိသည့် သံသယလူနာများ လက်ခံစောင့်ကြည့်နိုင်ရန် ပြင်ဆင်ပြောင်းလဲလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“ရန်ကုန်ဆေးရုံကြီးထဲမှာ ကိုဗစ်နဲ့ပတ်သက်ပြီး လာပြသူတွေကို လက်ခံမယ်။ လာပြတဲ့လူနာတွေထဲမှာ (ရောဂါ) ဆိုးတဲ့လူလည်းရှိမယ်။ (ရောဂါ) မဆိုးတဲ့လူလည်း ရှိမယ်။ လာပြတဲ့သူ အကုန်လုံးကို အရေးပေါ်ဌာနတစ်ခုတည်းမှာပဲ လက်ခံမယ်။ အခုပြင်ဆင်နေပြီ”ဟု ပါမောက္ခမော်မော်ဦးက ဧပြီ ၆ တွင် Myanmar Now ကို ပြောသည်။

အရေးပေါ်ဌာန၌ ကိုဗစ်နိုင်တင်းရောဂါ သံသယရှိသူများနှင့် ရောဂါလက္ခဏာပြင်းထန်သူများကို သီးခြားစီခွဲ၍ ကြီးကြပ်ကုသမည်ဖြစ်ပြီး ဓာတ်ခွဲခန်းအဖြေအရ ပိုးတွေ့အတည်ပြုလူနာများကို မြောက်ဥက္ကလာပမြို့နယ်ရှိ ဝေဘာဂီအထူးကုဆေးရုံ၊ တောင်ဥက္ကလာပမြို့နယ်ရှိ အမျိုးသမီးနှင့် ကလေးဆေးရုံကြီးနှင့် လှည်းကူးမြို့နယ်ရှိ ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး) တို့သို့ အချိန်မရွေး ပို့ဆောင်နိုင်ရန် ပြင်ဆင်ထားသည်ဟု ပါမောက္ခမော်မော်ဦးက ပြောသည်။

“(ပိုးတွေ့ အဖြေထွက်ရင်) ရန်ကုန်ဆေးရုံကြီးမှာ ထားဖို့ အစီအစဉ်မရှိဘူး။ ရောဂါအဖြေထွက်တဲ့အထိ စောင့်ကြည့်ဖို့ထားမှာ။ Negative (ပိုးမတွေ့) အဖြေထွက်ရင် ရန်ကုန်ဆေးရုံကြီးက အဆောင် (၅) နဲ့ (၆) မှာ ထားမယ်”ဟု ၎င်းက ပြောသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ အရေးပေါ်ဌာနကို ကိုဗစ်နိုင်တင်းရောဂါလက္ခဏာရှိသူများ လက်ခံကုသရေးဌာနအဖြစ် ပြောင်းလဲရခြင်းသည် ဝေဘာဂီဆေးရုံ၌ ကုသမှု မနိုင်သောကြောင့်မဟုတ်ဘဲ ရောဂါပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်လိုသောကြောင့် ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်နိုင်တင်းရောဂါစီမံခန့်ခွဲရေးကော်မတီ၏ ဆုံးဖြတ်ချက်အရ ပြင်ဆင်ရခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်နိုင်တင်းရောဂါစီမံခန့်ခွဲရေးကော်မတီသည် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာပဆေးရုံကြီး၊ သင်္ဃန်းကျွန်းဆေးရုံကြီးနှင့် အင်းစိန်ဆေးရုံကြီးတို့မှ ပါမောက္ခဆရာဝန်များဖြင့် ဖွဲ့စည်းထားသည့် ကော်မတီဖြစ်သည်။

တစ်နေ့လျှင် လူနာ ၄၀ ကို အရေးပေါ်ဌာန၌ တစ်ပြိုင်တည်း လက်ခံကုသနိုင်ရန် ပြင်ဆင်ထားပြီး စစ်ဆေးနေဆဲ လူနာများကို သီးသန့်လက်ခံ၍ ကုသပေးနိုင်ရန် ပြင်ဆင်ထားကြောင်း၊ အဆောင် (၅) နှင့် (၆) တို့တွင်လည်း လူနာ ၅၀ ကို တစ်ပြိုင်တည်း လက်ခံကုသနိုင်ရန် ပြင်ဆင်ထားသည်ဟု ပါမောက္ခမော်မော်ဦးက ပြောသည်။

အရေးပေါ်ဌာနကို ကိုဗစ်နိုင်တင်းရောဂါလက္ခဏာရှိသူများ လက်ခံကုသရေးဌာနအဖြစ် မပြောင်းလဲခင်က သံသယလူနာများကို သီးသန့်မစောင့်ကြည့်နိုင်ဘဲ ရောဂါလက္ခဏာပိုမိုပြင်းထန်သူများနှင့်အတူ ကြီးကြပ်ရသောကြောင့် သာမန်ဖျားနာသူများအတွက် ပိုမိုစိုးရိမ်ဖွယ်ရာအခြေအနေ ဖြစ်ခဲ့သဖြင့် လူနာများအတွက် အဆင်ပြေနိုင်စေရန် ယခုကဲ့သို့ ပြောင်းလဲလိုက်ခြင်း ဖြစ်သည်ဟုလည်း ရန်ကုန်ပြည်သူ့ဆေးရုံမှ အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကိုဗစ်နိုင်တင်းရောဂါ လက်ခံကုသရာတွင် လိုအပ်သည့် ဆေးပစ္စည်းများ၊ ပိုးသတ်ဆေးများ၊ Patient Monitor များနှင့် အသက်ရှူစက် (Ventilator) များကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ရှိပြီးပစ္စည်းများကို အသုံးပြုမည်ဖြစ်သော်လည်း လက်ရှိတွင် အရေးပေါ်ဌာနကို ပြင်ဆင်နေဆဲဖြစ်သဖြင့် ပစ္စည်းအစုံမရွှေ့နိုင်သေးကြောင်း ဦးမော်မော်ဦးက ပြောသည်။

ရန်ကုန်တိုင်း တစ်ခုလုံးအနေဖြင့် အသက်ရှူစက် အလုံး ၁၀၀ကျော် ရှိပြီး ရန်ကုန်ဆေးရုံကြီး၌ ၃၄ လုံး ရှိကြောင်း၊ ကိုဗစ်နိုင်တင်းရောဂါ လက်ခံကုသရေးဌာနတွင် ၈ လုံး ထားရှိထားကြောင်း ဦးမော်မော်ဦးက ဆိုသည်။

“အဓိကက အများကြီး မဖြစ်လာဖို့နဲ့ ထိန်းချုပ်နိုင်ဖို့က အဓိကပါ။ အခုချိန်မှာ ထိန်းချုပ်လို့ရနေပေမယ့် ကျွန်တော်တို့ စိုးရိမ်တာက မိုးတွင်းကာလအတွက် ရည်ရွယ်ပြီး ပြင်ဆင်နေတာ။ ရန်ကုန်ဆေးရုံမှာ ရှိနေတဲ့ ပစ္စည်းတွေကို လှည့်သုံးရမယ်။ လိုအပ်လာရင် တခြားဆေးရုံက ပစ္စည်းတွေကိုလည်း အသုံးပြုဖို့ စီစဉ်ထားကြပါတယ်။ ventilator တင်တိုင်းလည်း အသက်ရှင်တာ မဟုတ်ဘူး။ ကျွန်တော်တို့က ventilator တင်ရမယ့်အခြေအနေ မရောက်အောင် ကြိုးစားနေတာ”ဟု ၎င်းက ပြောသည်။

ဧပြီ ၆ အထိ ရန်ကုန်ဆေးရုံကြီး၌ ကိုဗစ်ရောဂါရှိ၊ မရှိ ဓာတ်ခွဲခန်းအဖြေစောင့်နေသူ ၂၀ ဦးခန့်ရှိပြီး ၎င်းတို့ကို ဖျားနာကူးစက်ရောဂါစောင့်ကြည့်ကုသခန်း၌ ထားရှိကုသမှုပေးနေသည်ဟုလည်း ပါမောက္ခမော်မော်ဦးက ပြောသည်။

လက်ရှိတွင် ရန်ကုန်ဆေးရုံကြီးမှ သမားတော်များ၊ မေ့ဆေးဆရာဝန်များသည် ဝေဘာဂီဆေးရုံသို့ အလှည့်ကျ သွားရောက် ကြီးကြပ်နေရသော်လည်း ရန်ကုန်ဆေးရုံကြီး၌ စောင့်ကြည့်မည့် ကိုဗစ်နိုင်တင်းရောဂါသံသယလူနာများကို ကြီးကြပ်ရန် သမားတော်များ၊ ခွဲစိတ်ဆရာဝန်များအပါအဝင် ဆေးရုံရှိ ဆရာဝန်များ အလှည့်ကျ တာဝန်ယူ ကြီးကြပ်သွားမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါပိုးတွေ့သူ ပိုများလာပါက နယ်မှ ဆရာဝန်များကိုပါ စေတနာ့ဝန်ထမ်းအဖြစ် ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

Show More

Related Articles

Back to top button