
သတင်းမှားများတင်သည့် အင်တာနက်စာမျက်နှာ ဝက်ဘ်ဆိုက်များကို အစိုးရက ပိတ်ပင်ခဲ့သည် ဟုဆိုသော်လည်း အဆိုပါဝက်ဘ်ဆိုက်များသည် သတင်းမှားများဆက်လက်ဖြန့်ဝေနေသလို အင်တာနက်အသုံးပြုသူများကလည်း အဆိုပါဝက်ဘ်ဆိုက်များမှ သတင်းမှားများကို ဆက်လက်ဖြန့်ဝေနေကြသည်ကို တွေ့ရသည်။
သတင်းမှားတင်လေ့ရှိသည့် ဝက်ဘ်ဆိုက်အများစုသည် Facebook ၏ ထုတ်ကုန်တစ်ခုဖြစ်သည့် Instant Articles ချိတ်ဆက်ထားကြသည်။ ထို့ကြောင့် အကြောင်းအရာများကို ဝက်ဘ်ဆိုက်သို့ ဝင်စရာမလိုဘဲ Facebook ပေါ်တွင်ပင် အလွယ်တကူဖတ်နိုင်ကြသည်။
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ဝက်ဘ်ဆိုက်ပေါင်း ၂၂၀ ကျော် ပိတ်ရန် မတ် ၂၀ ဝန်းကျင်က ညွှန်ကြားခဲ့ခြင်းဖြစ်သည်။ လိင်မှုဆိုင်ရာညစ်ညမ်း ဝက်ဘ်ဆိုက်များနှင့် သတင်းမှားတင်သည့် ဝက်ဘ်ဆိုက်များကို ပိတ်ရန် ဆက်သွယ်ရေးကုမ္ပဏီများနှင့် အင်တာနက်ဝန်ဆောင်မှုပေးသူများကို ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေက Myanmar Now ကိုပြောသည်။
“သတင်းမှားတင်တယ်ဆိုတဲ့ ဝက်ဘ်ဆိုက်တွေက ၃၀ – ၄၀ လောက်ပဲရှိပါတယ် ကျန်တာတွေက လိင်မှုရေးရာညစ်ညမ်း ဝက်ဘ်ဆိုက်တွေပါ” ဟု ဦးမျိုးဆွေကပြောသည်။
သို့သော် ပိတ်ခဲ့သည့် သတင်းမှားတင်သည့် ဝက်ဘ်ဆိုက်များစာရင်းကို ပေးရန် ငြင်းဆန်ခဲ့သည်။ Myanmar Now ၏ အချက်အလက်စစ်ဆေးမှုများအရ ပိတ်ပင်ထားသည့် ဝက်ဘ်ဆိုက်ပေါင်း ၃၇ ခုကို တွေ့ရှိခဲ့သည်။
အဆိုပါ ဝက်ဘ်ဆိုက်များတွင် သတင်းမှားအများဆုံးဖြန့်ဝေလေ့ရှိသည့် Innlay Media ဆိုသည့် ဝက်ဘ်ဆိုက်လည်းပါဝင်သည်။ သို့သော် အဆိုပါ ဝက်ဘ်ဆိုက်သည် Instant Articles ချိတ်ဆက်ထားသည့်အတွက် ၎င်းတို့၏ Instant Articles အကြောင်းအရာများကို မိုဘိုင်းဖုန်းဖြင့် Facebook ပေါ်တွင် အလွယ်တကူဖတ်ရှုနိုင်သည်။ ထို့ပြင် အဆိုပါ ဝက်ဘ်ဆိုက်ပိုင်ရှင်သည် ဝင်ရောက်ကြည့်ရှုနှုန်းပေါ် မူတည်ပြီး Facebook မှ ဝင်ငွေများလည်းရရှိနေသည်။
ယခုအခါ Innlay Media သည် Myanmar Daily Media ဆိုသည့် Page နှင့် Instant Articles ပြောင်းချိတ်ထားသည့်အတွက် ဖုန်းဖြင့်ကြည့်ရှုပါက မူလ Innlay Media ကို မမြင်ရတော့ဘဲ Myanmar Daily Media ဟုသာ တွေ့မြင်စေခြင်းဖြင့် မူလအသွင်သဏ္ဌာန်ကို ဖုံးကွယ်ထားပေသည်။
ထို့အပြင် လူမှုကွန်ရက်အသုံးပြုသူများ၏ အမူအကျင့်များအရ အများစုသည် ဝက်ဘ်ဆိုက်အတွင်းသို့ ဝင်မကြည့်ကြဘဲ ခေါင်းစဉ်ကိုသာဖတ်ပြီး ပြန်လည်မျှဝေလေ့ရှိကြသည်။ ထို့ကြောင့် ပိတ်ပင်ထားသည့် ဝက်ဘ်ဆိုက်များမှ ဖြန့်ဝေနေသည့်အကြောင်းအရာများမှာ ပျံ့နှံ့နေဆဲဖြစ်ပြီး အစိုးရ၏ သတင်းမှားတိုက်ဖျက်ရေးရည်ရွယ်ချက်မှာ အကျိုးမရှိခဲ့ပေ။
ပိတ်လိုက်သည့် ဝက်ဘ်ဆိုက်များထဲတွင် သတင်းမီဒီယာကျင့်ဝတ်နှင့်အညီ ရေးသားဖော်ပြနေသည့် တရားဝင်သတင်းဌာနများလည်း ပါဝင်ခဲ့သည်။ ရခိုင်အခြေစိုက် Development Media Group (DMG) နှင့် နိရဉ္ဇရာ သတင်းဌာန၊ မန္တလေးအခြေစိုက် Voice of Myanmar (VOM) သတင်းဌာနနှင့် Mandalay In-depth News သတင်းဌာန၊ ကရင်သတင်းဌာနတစ်ခုဖြစ်သည့် Karen News သတင်းဌာနများ၏ ဝက်ဘ်ဆိုက်များသည်လည်း ပိတ်ပင်ခံရသည့်အနက် ပါဝင်နေသည်။
ဝက်ဘ်ဆိုက်ပိတ်ပင်ခံခဲ့ရသည့် Mandalay In-depth News သတင်းဌာနမှ အယ်ဒီတာချုပ် ဦးအောင်ဆန်းဦးက “အခုလို Fake News တွေနဲ့ ရောပြီးတော့ ကျနော်တို့ကို Fake News အဖြစ်သတ်မှတ်ပြီး သူတို့ မစိစစ်ဘဲပိတ်လိုက်တဲ့အတွက် ကျွန်တော်တို့ ဂုဏ်သိက္ခာအရရော အကျိုးမြတ်အရရော ကျွန်တော်တို့ကြိုးစားတည်ဆောက်ခဲ့ရတာကော အကုန်လုံး နစ်နာတယ်။ နစ်နာတဲ့အတွက် အမြန်ဆုံးပြန်ဖွင့်ပေးစေချင်တာပေါ့” ဟုပြောသည်။
သတင်းဌာန ဝက်ဘ်ဆိုက်အများစုမှာ Facebook ၏ Instant Articles ဖြင့် ချိတ်ဆက်ထားခြင်းမရှိပေ။ ထို့ကြောင့် အစိုးရ၏ သတင်းမှားတိုက်ဖျက်ရေးလုပ်ဆောင်မှုသည် အမှန်တကယ် သတင်းမှားဖြန့်ဝေပြီး ဝင်ငွေရှာနေသည့် Clickbait ဝက်ဘ်ဆိုက်များကို မထိခိုက်စေဘဲ သတင်းမီဒီယာများကိုသာ ထိခိုက်စေခဲ့သည်ကို တွေ့ရသည်။
သတင်းမီဒီယာကောင်စီဝင် ဦးဇေယျာလှိုင်က ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြန်ကြားရေးဝန်ကြီးဌာနမှ တရားဝင်ခွင့်ပြုထားသည့် သတင်းဌာနများကို အကြောင်းမကြားဘဲ အခုလို ပိတ်လိုက်ခြင်းသည် ဘောင်ကျော်သည့်လုပ်ရပ်ဖြစ်ကြောင်း Myanmar Now ကိုပြောသည်။
“သတင်းတွေမှားတယ်ဆိုရင် ဘယ်ဟာတွေကမှားနေတာလဲ ဘယ်ဟာတွေက ပြည်သူလူထုကို အဆိပ်အတောက်ဖြစ်စေသလဲဆိုတာ ကျွန်တော်တို့ မီဒီယာကောင်စီကို လှမ်းပြီးအကြောင်းကြားလို့ရတဲ့ကိစ္စ။ အဲ့ဒီလိုလည်းမလုပ်ဘဲနဲ့ ပိတ်ပင်တားမြစ်ခြင်းက ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ ဒီမိုကရေစီနဲ့ ဆန့်ကျင်တဲ့လုပ်ရပ်ဖြစ်တယ်” ဟု ဦးဇေယျာလှိုင် ကပြောသည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ပိတ်ပင်ရမည့် ဝက်ဘ်ဆိုက်များစာရင်းကို ကိုယ်တိုင်စိစစ်ခြင်းမဟုတ်ဘဲ တခြားဝန်ကြီးဌာနများကပေးပို့သည့်စာရင်းများနှင့် သတင်းမီဒီယာများ ပြည်သူများက ပြောဆိုနေသည့် သတင်းမှားဝက်ဘ်ဆိုက်များကို တဆင့်ပြန်လည် ညွှန်ကြားလိုက်ခြင်းသာ ဖြစ်သည်ဟု ဦးမျိုးဆွေက ဆိုသည်။
“စာရင်း စိစစ်တာက ကျွန်တော်တို့မဟုတ်ဘူး။ ကျွန်တော်တို့က တချို့ဝန်ကြီးဌာနက သူတို့ပေးတဲ့ဟာကို ပြန်ပို့တာရှိတာပေါ့။ တရားဝင်သတင်းဌာနဖြစ်သော်လည်း သူတို့ ဘယ်သတင်းဖော်ပြလို့ဖြစ်တယ်ဆိုတာ ကျွန်တော်တို့လည်းသိပ်မသိတော့ တကယ်လို့ ဘာမှမဖော်ပြခဲ့ဘူး တရားဝင်သတင်းဌာနဖြစ်တယ် ဆိုရင်တော့ သက်ဆိုင်ရာက ဖြေရှင်းချက်လုပ်သင့်တယ်” ဟု ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ၎င်းက ပြောသည်။
သတင်းအမှားများကို တုံ့ပြန်ရာတွင် အင်တာနက်စာမျက်နှာများကို ပိတ်ပင်ခြင်းသည် ဒီမိုကရေစီစံနှုန်းနှင့် ကိုက်ညီသော လုပ်ဆောင်ချက်မဟုတ်ကြောင်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခြင်းမြန်မာ (Free Expression Myanmar) ဒါရိုက်တာ မယဉ်ရတနာသိန်း က ဆိုသည်။
“Fake News (သတင်းတု) ဆိုလို့ရှိရင် နိုင်ငံတကာစံနှုန်းအရ ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာရှိပြီးသား။ သတင်းအချက်အလက် စီးဆင်းမှုကို ကျွန်တော်တို့ကထောက်ပံ့ပေးရမှာပါ။ မီဒီယာလွတ်လပ်ခွင့်ကို ထောက်ပံ့ပေးရမှာပါ။ ဒါမျိုးဖြုတ်ချပစ်ရမှာ မဟုတ်ဘူး” ဟု Free Expression Myanmar မှ သူက ဆိုသည်။
အစိုးရအနေဖြင့် ကိုဗစ်နိုင်တင်း (COVID-19) ဖြစ်ပွားနေသည့်ကာလအတွင်း သတင်းမှားဖြန့်ဝေသူများကို အရေးယူသွားမည်ဟု မကြာခဏ ထုတ်ပြန်လေ့ရှိသည်။ သို့သော်လည်း လက်ရှိအချိန်ထိ ထိရောက်သည့် အရေးယူမှုများမလုပ်နိုင်သေးပေ။
Myanmar Now က တွေ့ရှိထားသည့် အစိုးရက ပိတ်ထားသည့် ဝက်ဘ်ဆိုက်များစာရင်းကို ဖော်ပြလိုက်ပါသည်။
တရားဝင် သတင်းဌာနအစစ်အမှန် ဝက်ဘ်ဆိုက်များ
https://www.vom-news.com/
https://mdyindepth.com/
သတင်းခိုးစာရင်းမှ ပယ်ဖျက်ထားပြီးသည့် ဝက်ဘ်ဆိုက်များ
သတင်း ခိုးကူး၊ သတင်းမှား ဖြန့်နေသည့် ဝက်ဘ်ဆိုက်များ
https://www.innlaymedia.com/
https://www.everytimestory.com/
https://www.pro7media.com
https://www.shwemyanmardaily.com/
https://www.myanmarnewsteam.com/
https://celemedia.club/
https://sportmyanmarnews.com/
https://mmsportmyanmar.com/
http://medicalsharing.website/
https://hlatawtar.com/
https://mmlivenews.com/
https://shweyaunglan.com/
https://topmmnews.com/
https://barnyarbarnyar.com/
https://thazinmedia.com/
https://mckzonecelebrity.com/
http://trend.lwinpyin.com/
https://kalaykalar.com/
https://www.kbzmedia.com/
https://swelsonenews.net/
https://realthadin.com/
တချို့ ဝက်ဘ်ဆိုက်များသည့် အသုံးပြုသည့် ဖုန်း အော်ပရေတာပေါ်မူတည်ပြီး ပိတ်ပင်ထားသည်များ ရှိသည့်အတွက် ဖုန်းအော်ပရေတာအလိုက် ဖွင့်၍ ရမရ ကွဲပြားမှုရှိနိုင်သည်။