သတင်း

ရန်ကုန်မြို့တွင်းပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်နှင့် ရထားများအစီးရေလျှော့ချ

ကိုဗစ်နိုင်တင်း (COVID-19) ဂယက်ကြောင့် ရန်ကုန်မြို့တွင်းခရီးသွားများ လျော့နည်းသွား၍ဟုဆိုကာ ရန်ကုန်မြို့တွင်းပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်နှင့် ရထားများအစီးရေလျှော့ချ ပြေးဆွဲလာကြသည်။

ရန်ကုန်မြို့နေလူထု အဓိကစီးနင်းသည့် မြို့တွင်းပို့ဆောင်မှု လုပ်ငန်းတစ်ခုဖြစ်သည့် မြို့ပတ်ရထားပြေးဆွဲနေမှုကို ယခင်ကထက် သုံးပုံတစ်ပုံခန့် လျှော့ချပြေးဆွဲနေသည်ဟု မြန်မာ့မီးရထားလုပ်ငန်း၊ ရန်ကုန်မှ တိုင်း – ၇ မန်နေဂျာ ဦးဇော်လွင်က Myanmar Now ပြောသည်။

အခြားလမ်းကြောင်းတူပြေးဆွဲသည့် ရထားများရှိနေသဖြင့် ရန်ကုန်-အင်းစိန်ရထားနှင့် ရန်ကုန်-ပုရွက်ဆိတ်ကုန်း ပြေးဆွဲသည့်ရထားလိုင်းနှစ်ခုကို လုံးဝရပ်နားခဲ့ကြောင်း ၎င်းကဆိုသည်။

“ခရီးသည်မရှိတော့ဗျာ ဒီအတိုင်းအခွံချည်းပဲ ပြေးနေတာထက်စာရင်ဆိုပြီး လျှော့လိုက်တာပေါ့။ အရင်က ရုံးတက်ချိန်ဆိုရင် ပြည့်ကျပ်နေတာ အခုက စီးမယ့်သူကို မရှိသလောက်ပဲ”ဟု ၎င်းကပြောသည်။

ယခင်က ရန်ကုန်မြို့တွင်းရထားစီးခရီးသည် တစ်ရက်လျှင် ခြောက်သောင်းခန့်ရှိခဲ့ပြီး ဧပြီ ၁ တွင် ခရီးသည် ၁၇,၀၀၀ ကျော်သာ ရှိတော့ကြောင်း ယင်းကြောင့် ရန်ကုန်မြို့တွင်း တွဲဆိုင်း ၂၁ တွဲဖြင့် နေ့စဉ်ပြေးဆွဲလျက်ရှိသည့် ခရီးသည်စီးရထား အခေါက်ရေ ၁၆၈ ခေါက်ကို ပြေးဆွဲခြင်းမရှိတော့ဘဲ မတ် ၂၉ မှစ၍ ရထားတွဲဆိုင်း ၁၅ တွဲဖြင့် အခေါက်ရေ ၉၉ ခေါက်သာ ပြေးဆွဲတော့ကြောင်း ၎င်းကဆိုသည်။

ယင်းသို့ပင် ရန်ကုန်မြို့တွင်းခရီးသည်ပို့ဆောင်ရေး လုပ်ငန်းတစ်ခုဖြစ်သည် YBS (Yangon Bus Service) ယာဉ်လိုင်းများလည်း လျှော့ချရပ်နားမှုများရှိလာခဲ့သည်ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောသည်။

ပြီးခဲ့သည့်လကတည်းက လေဆိပ်နှင့် ဘူတာကြီးပြေးဆွဲလျက်ရှိသည့် ယာဉ်လိုင်း Airport Shuttle နှစ်လိုင်းနှင့် YBS ၁၀၁ ယာဉ်လိုင်းတို့ကို ခရီးသည်လိုက်ပါစီးနင်းမှု မရှိတော့သည့်အတွက် YRTA သို့တင်ပြပြီး ရပ်နားထားခဲ့သည်ဟု Omni Focus General Services Public Co., ltd မန်နေဂျင်းဒါရိုက်တာ ဦးထွန်းတောက်ဝင်းက ဆိုသည်။

“သူတို့တင်ပြတာက လေဆိပ်တွေမှာ ခရီးသည် မရှိတော့တာက တစ်ကြောင်း၊ တက္ကသိုလ်လေးခုကို ချိတ်ဆက်တဲ့အခါမှာ ကျောင်းသူ/ကျောင်းသားတွေ မရှိတော့တာ တစ်ကြောင်းပေါ့” ဟု ဒေါက်တာမောင်အောင်ကပြောသည်။

ရန်ကုန်မြို့တွင်းပြေးဆွဲရန် တရားဝင်မှတ်ပုံတင်ထားသည့် ယာဉ်အစီးရေ ခြောက်ထောင်ကျော်ရှိပြီး ယာဉ်လိုင်းပေါင်း ၁၀၂ လိုင်းရှိကာ ပြေးဆွဲမည့် ယာဉ်လမ်းကြောင်းပေါင်း ၁၃၇ ကြောင်းရှိကြောင်း ကိုဗစ်နိုင်တင်းမဖြစ်ခင်က တစ်ရက်လျှင် ၄၀၀၀ ကျော်ရှိခဲ့ရာမှ ဧပြီ ၃ နေ့လယ် ၁၂ နာရီအထိ နောက်ဆုံးစာရင်းအရ ပြေးဆွဲလျက်ရှိသည့် ယာဉ်အစီးရေ ၂၈၀၀ ခန့်သာရှိတော့ကြောင်း ၎င်းကဆိုသည်။

ခရီးသည်စီးနင်းမှု လျော့နည်းနေမှုကြောင့် YRTA က ယာဉ်လိုင်းပိုင်ရှင်များထံမှ ယာဉ်တစ်စီးလျှင် လေးထောင်နှုန်းဖြင့် နေ့စဉ်ကောက်ခံနေသည့် ရန်ပုံငွေကိုလည်း မတ် ၂၇ မှ ဧပြီလကုန်အထိ ကင်းလွတ်ခွင့်ပြုထားကြောင်း YRTA ကပြောသည်။

စီးနင်းသူ လျော့ကျလာသည့်အတွက် လက်ရှိအချိန်တွင် YBS ယာဉ်လိုင်းလုပ်ငန်းရှင်များအနေဖြင့် ဆီဖိုးနှင့် ယာဉ်မောင်းများ၏ လုပ်အားခပင် မရရှိတော့ကြောင်း Power Eleven Public Co., ltd အမှုဆောင်ညွှန်ကြားရေးမှူး ဦးသက်တင်ဝင်း (ခေါ်) ကိုတရုတ်ကလေးက Myanmar Now ကိုပြောသည်။

Power Eleven Public ကုမ္ပဏီသည် YBS ၂၁၊ ၃၉၊ ၄၁ စသည့်ယာဉ်လိုင်းများဖြင့် ပြေးဆွဲလျက်ရှိပြီး ယာဉ်အစီးရေ ၂၅၀ ကျော်၊ ယာဉ်မောင်း ၃၀၀ ခန့်ဖြင့် ရန်ကုန်မြို့တွင်းနေ့စဉ်ပြေးဆွဲလျက်ရှိသည်။

လက်ရှိပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများသည် ကုမ္ပဏီအဖွဲ့ပိုင် ယာဉ်လိုင်းများဖြစ်ပြီး တစ်ဦးချင်းပိုင် ယာဉ်လိုင်းများမှာမူ မတ်လအလယ်ပိုင်းကတည်းကစပြီး တဖြည်းဖြည်းရပ်တန့်သွားခဲ့သည်ဟု ကိုတရုတ်ကလေးကဆိုသည်။

ကိုဗစ်နိုင်တင်းရောဂါ ကူးစက်ဖြစ်ပွားနိုင်မှုကြောင့် လူထူထပ်သည့် နေရာများကို သွားလာမှုမပြုရန်နှင့် အဝေးပြေးယာဉ်လိုင်းများတွင် ခရီးသည်တစ်ဝက်သာ တင်ဆောင်ရန် အစိုးရက ညွှန်ကြားထားချိန်တွင် မြို့တွင်းခရီးသည်ပို့ဆောင်ရေး လုပ်ငန်းများက အစီးလျှော့ချပြေးဆွဲမှုအပေါ် ဝေဖန်ထောက်ပြမှုများလည်း ရှိနေသည်။

ယင်းသို့ ရန်ကုန်မြို့တွင်း သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ယာဉ်အစီးရေလျှော့ချပြေးဆွဲခြင်းမှာ စီးနင်းသည့်ခရီးသည်များ ရောဂါပိုးကူးစက်ရန် အခွင့်အလမ်းပိုများကြောင်း YBS ၅၈ စီးပြီး နေ့စဉ်ရုံးသွားနေရသည့် ကိုကျော်ဇေယျက Myanmar Now ကိုပြောသည်။

ယနေ့(ဧပြီ ၃) နံနက် ၁၀ နာရီကျော်က ရုံးလာရန် YBS ၅၈ စီးရာတွင် ယာဉ်ပေါ်၌ မတ်တတ်ရပ်ခရီးသည်အပြည့်ဖြင့် တိုးကြိတ်စီးခဲ့ရကြောင်း ၎င်းက Facebook တွင် ဓာတ်ပုံနှင့်တကွ ရေးသားထောက်ပြခဲ့သည်။

ယနေ့(ဧပြီ ၃) နံနက် ၁၀ နာရီကျော်က YBS ၅၈ ပေါ်တွင် ခရီးသည်များ တိုးကြိတ်စီးနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- ကျော်ဇေယျ)

“ပုံမှန် နှစ်မိနစ် သုံးမိနစ် တစ်စီးလာနေတာကနေ ဒီကားတွေက တစ်ခါတလေကျရင် ၇ မိနစ် ဒီနေ့ဆိုရင် ၁၂ မိနစ် လောက်ကြာမှ တစ်စီးလာတော့ မှတ်တိုင်မှာ လူကပုံသွားရော။ အဲ့ဒီတော့ mask တပ်တာတွေ ဘာတွေက ကားပေါ်မှာ အသုံးမဝင်တော့ဘူး”ဟု ကိုကျော်ဇေယျကဆိုသည်။

ခရီးသည်တင်ယာဉ်လိုင်းများ ပုံမှန်ပေးဆွဲနိုင်ရန်အတွက် အစိုးရထံမှ အကူအညီများလိုအပ်ကြောင်း၊ ယာဉ်လိုင်းများအတွက် အစိုးရအနေဖြင့် စက်သုံးဆီထောက်ပံ့ပေးရန် YRTA ထံ စာတင်ပြထားကြောင်း ယာဉ်လိုင်းထောင်ထားသူများက ဆိုသည်။

“ကျွန်တော်တို့က ကျွန်တော်တို့ ဝန်ထမ်းတွေ၊ ယာဉ်မောင်းတွေ အတွက် ကျားကန်ပေးထားတယ်ဆိုလို့ရှိရင် အစိုးရကလည်း သူ့ရဲ့ ပြည်သူလူထုအတွက်တော့ သူက ကျားကန်ပေးသင့်တယ်”ဟု ကိုတရုတ်ကလေးက ပြောသည်။

တရားဝင်ယာဉ်လိုင်းများ ရပ်နားသွားသဖြင့် ယင်းနေရာများတွင် ကြားကားများက အစားထိုးဝင်ရောက်လာပြီး ရန်ကုန်မြို့တော်ခန်းမဘေး YBS 36 ဂိတ်အနီးနှင့် မဟာဗန္ဓုလပန်းခြံအရှေ့တွင် အောက်ဆိုက်ယာဉ်လိုင်း အချို့တော့ နေ့စဉ်ပြေးဆွဲလျက်ရှိသည်ကို တွေ့ရသည်။

အောက်ဆိုက်ကားများမှာ ယာဉ်စီးခပိုမိုပေးရခြင်း၊ ခရီးသည်ပြည်သည်အထိစောင့်ဆိုင်းခြင်း တို့ကြောင့် ခရီးသည်များအတွက် လုံခြုံမှုမရှိဘဲ ရောဂါကူးစက်ခံရမှုပိုမိုဖြစ်စေကြောင်း ခရီးသည်အချို့က ထောက်ပြကြသည်။

Show More

Related Articles

Back to top button