သတင်း

Fact-Check | ‘မီးသတ်အသွင်ဖမ်းကာ အနုကြမ်းစီးမှုဖြစ်ပွား’ ဟူသည့် သတင်းမှား ပျံ့နှံ့နေ

သတင်းမှားဖြန့် ဝင်ငွေရှာနေသည့် thinkmyanmar.com ဝက်ဘ်ဆိုက်က အဓိက ရေးသားသည့် ‘ပိုးသတ်ဆေးဖျန်းမည်ဟု မီးသတ်အသွင်းဖမ်းကာ အနုကြမ်းစီးမှုဖြစ်ပွား’ ဟူသည့် သတင်းအမှားတစ်ခု ပျံ့နှံ့နေသည်ကို Myanmar Now က တွေ့ရှိရသည်။

၎င်းသတင်းသည် Myat Noe Pann (cuttie baby) (facebook.com/100003861249493) ဆိုသော Account က နေရာဒေသ တိတိကျကျ နှင့် ပြည့်စုံစွာ ဖော်ပြထားခြင်းမရှိဘဲ ပိုးသတ်ဆေးလိုက်ဖြန်းပေးသူများ အယောင်ဆောင်ကာ အိမ်တအိမ်ကို အနုကြမ်းဝင်စီးခဲ့သည့်အကြောင်း မတ် ၃၀ က ရေးသားထားသည့် ရေးသားချက် တစ်ခုမှ အစပြုခဲ့သည်ကို တွေ့ရသည်။

အဆိုပါ Myat Noe Pann ၏ရေးသားချက်ကို လူပေါင်း သုံးသောင်းကျော်က like လုပ်ထားပြီး လူပေါင်း သုံးသောင်းသုံးထောင်ကျော်က ပြန်လည်ဖြန့်ဝေထားသည်ကို တွေ့ရသည်။

Myanmar Now က Myat Noe Pann ကို Facebook Messenger မှ တဆင့် ဆက်သွယ်ရာ “အတိအကျသိချင်ရင် မြကန်သာ ကန်ကောက်ရပ်ကွက်ရေးမှူးအိမ် လူကိုယ်တိုင် လာရောက် စုံစမ်းနိုင်ပါတယ်” ဟု ဆိုပြီး “ကာယကံရှင်မဟုတ်လို့ အတိအကျမသိပါဘူး” ဟု ပြန်လည် ဖြေကြားခဲ့သည်။

အဆိုပါ အမျိုးသမီး၏ မှတ်ချက်​ (Comment) များတွင် တွေ့ရသည်မှာ ယင်းအဖြစ်အပျက်ဖြစ်ခဲ့သည်မှာ မြကန်သာ၊ ကန်ကောက်ဟု တွေ့ရသည်။ တစ်ချိန်က မြကန်သာဟု ခေါ်သည့် ကန်ကောက် (အရှေ့ရွာ) မှာ ပုသိမ်ကြီးမြို့နယ် နန်းဦးလွင်ကျေးရွာအုပ်စုအောက်တွင် တည်ရှိပြီး မန္တလေးမြို့၏ အရှေ့ဘက်တွင် ဖြစ်သည်။

Myat Noe Pann ဟူသည့် အမျိုးသမီးက ယင်းကိစ္စတင်ထားသည်ကို တွေ့ရှိခဲ့ရာမှ ကန်ကောက် (အရှေ့ရွာ) မှ ရာအိမ်မှူး ဦးထွန်းထွန်းက ၎င်း၏ရွာတွင် စုံစမ်းမှုလုပ်ခဲ့သည်ဟု ဆိုသည်။ သူက “မတွေ့ဘူး၊ ဘာမှ မဖြစ်ခဲ့ဘူး။ အဲ့ဒီအမျိုးသမီးကလည်း ကျွန်တော်တို့ရွာက မဟုတ်ပါဘူး” ဟု Myanmar Now ကို ပြောသည်။

ယင်းကိစ္စဖြစ်သည်ဆို၍ ပုသိမ်ကြီး မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ထွေအုပ် တို့က ဧပြီ ၁ က လာရောက်စုံစမ်းခဲ့သေးပြီး အဆိုပါ ဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်း မရှိဟု ရာအိမ်မှူး ဦးထွန်းထွန်းက Myanmar Now ကို ပြောသည်။ ခရိုင်ထွေအုပ်နှင့် ခရိုင်ရဲတပ်ဖွဲ့ထံ အဆိုပါဖြစ်ရပ်မှာ မဟုတ်မှန်ကြောင်း စာတင်ခဲ့ရသည်ဟု ၎င်းက ဆိုသည်။

ထို့ပြင် ၎င်း၏ ရေးသားချက်ကို thinkmyanmar.com ဝက်ဘ်ဆိုက် မှ ပုံစံပြောင်းရေးသားကာ ပြန်လည်ဖော်ပြခဲ့သည်။ အဆိုပါအခြေအမြစ်မရှိသော သတင်းအမှားသည် thinkmyanmar.com ဝက်ဘ်ဆိုက်မှတစ်ဆင့် ၎င်းနှင့် ဆက်စပ်လျက်ရှိသော Facebook Page နှင့် Public Group ၃၈ ခုတွင် ပျံ့နှံ့ခဲ့သည်။

သတင်းမှားများ ပုံမှန်ဖြန့်လေ့ရှိသည့် “မှုခင်းနှင့် သတင်းစုံ” ဟူသော လူ တစ်သန်းကျော်ရှိသည့် Facebook Group တွင် အဆိုပါသတင်းအမှားကို အုပ်စုတစ်ခုတည်းဟု ယုံကြည်ရသည့် Account ခြောက်ခုကျော်က တစ်ဆင့်ဖြန့်ချိခဲ့ရာ ပြန်လည်ဝေမျှသူပေါင်း ၃ ထောင်ကျော်ခန့်ရှိခဲ့သည်။

သတင်းမှားများ ပုံမှန်ဖြန့်လေ့ရှိသည့် အလားတူ “သတင်းစုံ” ဟုအမည်ပေးထားသော လူ နှစ်သန်းခန့်ရှိသော Facebook Group တွင်လည်း အထက်ပါ အုပ်စုတစ်ခုကပင် ဖြန့်ဝေခဲ့ပြီး ပြန်လည်ဝေမျှသူပေါင်း ၂ ထောင်ကျော်ခန့်ရှိခဲ့သည်။

အဆိုပါသတင်းအမှားကို “မြန်မာသတင်းထူးသတင်းဦးများ၊ ပုဂံညောင်းဦး (သတင်းစုံ)၊ မြန်မာ့ဆေးနည်း၊ စီးပွားရေးသတင်းနှင့်ခန့်မှန်းချက်များ၊ သတင်းရွာ၊ ရွှေဘိုသတင်းပုံရိပ်များ” စသည့် လူသိန်းသောင်းချီရှိသည့် Facebook Group နှင့် Page များမှ တစ်ဆင့်ပြန်လည်ဖြန့်ဝေမှု လုပ်ခဲ့ကြသည်။

“Aroma Zulu Wedding Studio” ဟူသော မင်္ဂလာဆောင် ဝန်ဆောင်မှုပေးသည့်ဆိုင်၏ တရားဝင် Facebook Page က လည်း အဆိုပါသတင်းအမှားအား ပြန်လည် ဝေမျှခြင်းပြုလုပ်ခဲ့သည်ကို တွေ့ရသည်။

Show More

Related Articles

Back to top button