သတင်း

အငှားယာဉ်မောင်း သေဆုံးမှု အမှုမှန်ပေါ်အောင် စစ်ပေးရန် မိခင်က သမ္မတထံ တိုင်ကြားထား

ရန်ကုန် – ခိုးမှုကြံရာပါသံသယဖြင့် ဖမ်းခံခဲ့ရသည့် အငှားယာဉ်မောင်းတစ်ဦး အမှုစစ်ခံနေစဉ်အတွင်း ပြီးခဲ့သည့် စက်တင်ဘာလက သန်လျင်မြို့နယ်၌ သေဆုံးခဲ့သည့် ကိစ္စနှင့်ပတ်သက်ပြီး ကာယကံရှင်၏ မိခင်က ထိုကိစ္စကို စစ်ဆေးပေးရန် နိုင်ငံတော်သမ္မတအပါအဝင် သက်ဆိုင်ရာ ဌာနများသို့ ပြီးခဲ့သည့် လပိုင်းအတွင်း စာဖြင့် တိုင်ကြားထားသည်။

သန်လျင်မြို့နယ် ဗိုလ်ချုပ်နေဝင်းလမ်းနေ အငှားယာဉ်မောင်း အသက် ၂၈ နှစ်အရွယ် ကိုအောင်အောင်သည် စက်တင်ဘာ ၁၂ ရက်နေ့ ညက သန်လျင်မြို့နယ်အတွင်း ခရီးသည်အမျိုးသား နှစ်ဦးကို ပို့ဆောင်ပေးနေစဉ် ရဲက ပိတ်ဆို့ရှာဖွေသည့် နေရာအရောက် စစ်ဆေးခံစဉ် ခရီးသည်နှစ်ဦးနှင့်အတူ ပါလာသည့် ဘက်ထရီအိုးနှစ်လုံးမှာ ခိုးရာပါ ပစ္စည်းများဖြစ်ကြောင်း၊ ထိုခိုးမှုတွင် ကိုအောင်အောင်လည်း ပါဝင်သည်ဟု ရဲက ယူဆကာ သန်လျင်မြို့နယ်ရဲစခန်းသို့ ဖမ်းခေါ်သွားခဲ့ကြောင်း အတူနေ မိခင် ဒေါ်အေး၏ တိုင်ကြားစာတွင် ဖော်ပြထားသည်။

၎င်း၏ သားဖြစ်သူ ကိုအောင်အောင်ကို သန်လျင်စခန်းအချုပ်တွင် ရဲက ရိုက်နှက်စစ်ဆေးခြင်းကြောင့် အရိုက်ခံရသည့်ဒဏ်ရာများဖြင့် စက်တင်ဘာ ၂၆ ရက်နေ့တွင် သန်လျင်ဆေးရုံ၌ သေဆုံးခဲ့သဖြင့် အမှန်တရား ပေါ်ပေါက်အောင် ကူညီပေးပါဟု ဆိုကာ ဒေါ်အေးက နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော် လူ့အခွင့်အရေး ကော်မတီ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင်နှင့် သက်ဆိုင်ရာမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ စသည်ဖြင့် ရှစ်နေရာအထိ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ထိုတိုင်စာတွင် ဖော်ပြထားသည်။

“ကျွန်မသားကို ရဲစခန်းမှာ (စက်တင်ဘာ) ၁၂ ရက်နေ့ကနေ စချုပ်ထားတာ။ ၁၄ ရက်နေ့မှ (ရဲစခန်းမှာ) ကျွန်မ တွေ့ရတယ်။ တွေ့တော့ သူ့မှာ မတ်တတ်တောင်မရပ်နိုင်လို့ လူတွဲပြီး တွေ့ရ တာ။ အင်းစိန်ထောင်ကို ပို့ပြီး ထောင်ဝင်စာ သွားတွေ့တော့လည်း သားကို အချုပ်သားအချင်းချင်းတွဲပြီး ထုတ်လာရတယ်။ (အင်းစိန်ရောက်တော့မှ) သားက ပွင့်ပွင့်လင်းလင်း ပြောရဲ တော့တယ်။ သူ့ကို (ရဲအချုပ်မှာတုန်းက) လက်ထိတ်နောက်ပြန်ခတ်ပြီး ရင်ဘတ်ကို တုတ်နဲ့ရိုက်၊ ကျင်စက်နဲ့ တို့တယ်။ ဒူးထောက်ခိုင်းပြီး ကျောကုန်းကို ဖိနပ်နဲ့ ကန်တယ်တဲ့” ဟု ဒေါ်အေးက Myanmar Now ကို ပြောသည်။

ထိုနေ့က ကိုအောင်အောင်ကို စစ်ဆေးခဲ့သည့် ရဲဝန်ထမ်းများစာရင်းကို အတိအကျ မသိရသော်လည်း ဒေါ်အေး၏ တိုင်စာထဲတွင်မူ “အမှုကိုင် သူရထွန်း”အပါအဝင် ငါးဦးက အလှည့်ကျ ရိုက်နှက်ကန်ကျောက်၍ စစ်မေးသည်ဟု ဖော်ပြထားသည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး ကိုအောင်အောင်၏အလောင်းကို စစ်ဆေးခဲ့သည့် သန်လျင်မြို့နယ်ဆေးရုံ ခရိုင် ဆရာဝန်ကြီးနှင့် တွေ့ဆုံကာ ဆေးစစ်ချက်အသေးစိတ်ကို ဆက်သွယ် မေးမြန်း ထားကြောင်း၊ လုပ်ထုံးလုပ်နည်းများအရ ပြောခွင့်ရှိမရှိကိုတော့ အတိအကျ မသိရသေးကြောင်း သန်လျင်မြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ထွန်းက ပြောသည်။

“တိုင်စာထဲမှာ တိုင်ထားတဲ့အချက်က မှန်လား၊ မမှန်လားဆိုတာ ကျွန်တော်တို့မှာ သေသွားသူရဲ့ ဓာတ်မှန်တွေ သက်သေ ရှိတယ်။ ကျွန်တော်တို့က အဲဒါဖြစ်နေတဲ့ အချိန်တုန်းက ကြားဖြတ် ရွေးကောက်ပွဲရှိနေလို့ မအားလပ်တာနဲ့ ဖိဖိစီးစီး မကူညီနိုင်ခဲ့တာ။ အခု ဒီကိစ္စကို သေသေချာချာ ဖြစ်အောင်ကို လုပ်ပေးမယ်” ဟု အဆိုပါ ကိစ္စကို လိုက်ပါကူညီပေးနေသည့် သန်လျင်မြို့ နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အမည်အဖော်လိုသူ တစ်ဦးက ပြောသည်။

ယခုကိစ္စကို သိရှိပြီးဖြစ်သော်လည်း ၎င်းသည် ပြောရေးဆိုခွင့်ရှိသူတစ်ဦး မဟုတ်သဖြင့် အသေးစိတ်ကို မှတ်ချက်မပြုလိုကြောင်း နေပြည်တော် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မှုခင်းဌာန တာဝန်ခံ ရဲမှူးကြီး မင်းဟန်က Myanmar Now ကို ပြောသည်။

သန်လျင်မြို့နယ်ရဲစခန်းမှ မှတ်တမ်းယူသည့် ရဲတပ်ကြပ်ကြီးစောနုကမူ ကိုအောင်အောင်သည် ရောဂါအခံကြောင့် သေဆုံးသွားခြင်းဖြစ်သည်ဟု Myanmar Now ကို ဖုန်းဖြင့် ဖြေကြား သည်။

“ကျွန်တော်တို့က ဆေးစာကို အမှုတွဲနဲ့အတူ ပူးတွဲပြီး တရားရုံးကို ပေးပို့ထားလိုက်ပါပြီ။ သေဆုံးသူကို ဖမ်းတဲ့နောက်နေ့မှာပဲ ရမန်ယူတယ်။ ထောင်ကို အချုပ်နဲ့ပို့တယ်။ ၁၅ ရက်ပြည့်တဲ့ နေ့မှာ သူ ရုံးထုတ်တယ်။ ရုံးထုတ်တာ ကျန်းမာရေးမကောင်းလို့ တရားရုံးတောင်မလာနိုင်ဘဲ သန်လျင်ဆေးရုံကို ပို့တယ်။ (၂၆ ရက်နေ့) ညနေပိုင်းမှာ သူသေသွားတာ” ဟု သူက ဆိုသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ တိုင်ကြားစာများဌာနသို့ တိုင်စာ မရောက်ရှိသေးကြောင်း ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောသည်။

“ဆေးစာမှာ ဘာတွေပါလဲ မသိသေးတော့ လတ်တလော မှတ်ချက်မပြုချင်သေးပါဘူး။ စာရောက်လာတာနဲ့ ဆေးစာကို ကျွန်တော်တို့ ရအောင်ကြည့်မယ်။ တကယ်မှန်ကန်တယ်ဆိုရင် ပြည်ထဲရေးကို ဒီကိစ္စ ဆက်လက်အရေးတယူ ဆောင်ရွက်ဖို့ စာပို့မယ်” ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် မြန်မာနိုင်ငံ၌ ပြည်သူတို့၏ အဝေဖန်ခံရဆုံး အဖွဲ့အစည်းတစ်ခု ဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ခရီးသွားလုပ်ငန်းရှင်တစ်ဦးကို အလုံမြို့နယ်တွင် ရဲက ခိုးမှုတရားခံနှင့် လူမှားဖမ်းကာ စခန်းတွင် နှိပ်စက် ညှဉ်းပန်းမှုနှင့် ကြုံခဲ့ရပြီးနောက် အသိမိတ်ဆွေများ၏အကူအညီဖြင့် ပြန်လည် လွတ်မြောက်လာခဲ့သည်။

၎င်းကို ရိုက်နှက်စစ်ဆေးခဲ့သည့် ရဲများကိုယ်တိုင်က ပြန်လည်တောင်းပန်သဖြင့် အမှုမဖွင့်တော့ဘဲ ကျေအေးပေးခဲ့သည်။

Show More

Related Articles

Back to top button