အခြေခံဥပဒေပြင်ဆင်ရေး မဲခွဲမှုများ ပြည်ထောင်စုလွှတ်တော်၌ ယနေ့ဆက်လက်ပြုလုပ်ရာတွင် ပုဒ်မ ၁၉ ခု ပါဝင်သည့်အနက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် တပ်မတော်တို့ သဘောထားတိုက်ဆိုင်သည့် ပြင်ဆင်ရန် အဆိုပြုချက် တစ်ခုသာ ထောက်ခံမဲ ၇၅ ရာခိုင်နှုန်း ကျော်ရရှိခဲ့သဖြင့် ပြင်ဆင်နိုင်လိုက်သည့် ပုဒ်မ သုံးခုရှိသွားပြီဖြစ်သည်။
တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးများ ခန့်အပ်တာဝန်ပေးရာတွင် “လွှတ်တော်ကိုယ်စားလှယ်များထဲကဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများထဲကဖြစ်စေ သတ်မှတ်ထားသည့်အရည်အချင်းများနှင့် ပြည့်စုံသော” ဟူသော မူလပြဋ္ဌာန်းချက်ပါစကားရပ်ကို “သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံသော” ဟု ပြင်ဆင်ရန် မာရသွန်မဲခွဲပွဲကြီး၏ သတ္တမမြောက်နေ့တွင် ပြင်ဆင်လိုက်နိုင်ခြင်းဖြစ်သည်။
ယင်းပုဒ်မကိုပြင်ဆင်ရန် ၅၉၂ မဲရခဲ့သဖြင့် လိုအပ်သည့် ၄၉၂ မဲထက်အသာရခဲ့ခြင်းဖြစ်သည်။
ထိုပုဒ်မပြင်ဆင်ချက်မှာ ဥပဒေကြမ်းထဲတွင် တပ်မတော်ကရော NLD ဘက်ကပါ အဆိုတင်သွင်းထားခြင်းဖြစ်သည်။ ယနေ့ မဲခွဲသည့် ကျန်ပုဒ်မ ၁၈ ခုမှာ ၆၀ ရာခိုင်နှုန်းအောက်သာမဲရပြီး ပြင်ဆင်နိုင်ရန် လုံလောက်သည့် ထောက်ခံမဲပမာဏ မရရှိခဲ့ပေ။
ယနေ့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှတင်သည့် ပုဒ်မ ၄ခု၊ တပ်မတော်သားများ တင်သည့် ပုဒ်မ ၈ ခု၊ NLD တင်သည့် ပုဒ်မ ၆ ခု၊ ပြင်ဆင်လိုမှုမကွာခြားသည့် NLDနှင့် တပ်မတော်တို့တင်သည့်ပုဒ်မ ၁ ခုတို့ကို မဲခွဲ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
“သော့နှစ်ချောင်းနဲ့ဖွင့်လို့မှ မရရင်တော့ အံ့အားသင့်စရာပေါ့”ဟု NLD ပါတီက ဦးဆောင်ဖွဲ့စည်းခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ၄၅ ဦးပူးပေါင်းကော်မတီ၏ အတွင်းရေးမှူး အမျိုးသားလွှတ်တော်အမတ် ဒေါက်တာမြတ်ဉာဏစိုးက မီဒီယာများကို ပြောသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးသောင်းအေးကလည်း ယနေ့ရလဒ်သည် အခြေခံဥပဒေပြင်ဆင်ရေး အကျပ်အတည်းအတွက် အဖြေပင်ဖြစ်ကြောင်းပြောသည်။
“ပြင်ဆင်ချင်တဲ့သူတွေ အားလုံးညှိညှိနှိုင်းနှိုင်းနဲ့ အဖြေတစ်ခုကိုရအောင်လုပ်ရမှာပါပဲ၊ အောင်မြင်သွားတဲ့ပုဒ်မတွေ ရှိတာကလည်း တူညီတဲ့အယူအဆတစ်ခုရလို့ပေါ့”ဟု ၎င်းက Myanmar Now ကိုပြောသည်။
အခြေခံဥပဒေပြင်ဆင်နိုင်ရေး အစုအဖွဲ့အလိုက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အချိုးကျဖြင့်ဖွဲ့စည်း ဆောင်ရွက်ခဲ့သည့် ၄၅ ဦးကော်မတီတွင် ပြည်ခိုင်ဖြိုးက ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်းရှိမရှိ မေးမြန်းရာတွင်မူ “ဘယ်သူ ဘာတင်ချင်လဲဆိုတာစုစည်းပြီး မဲခွဲလိုက်တာပဲ၊ သေချာအပြန်အလှန် အဖြေရတဲ့အထိ ညှိနှိုင်းကြတာမျိုးမဟုတ် ဘူး”ဟု ဦးသောင်းအေးကဆိုသည်။
ပြည်ထောင်စုလွှတ်တော်၌ အခြေခံဥပဒေပြင်ဆင်ရေးစတင် ဆောင်ရွက်နိုင်ရန် အဆိုတစ်ရပ်တင်သွင်းခဲ့သူ NLD ပါတီမှ အမျိုးသားလွှတ်တော်အမတ် ဦးအောင်ကြည်ညွန့်ကမူ အခြေခံဥပဒေပြင်ဆင်ရေး ဥပဒေကြမ်း တစ်ခု တင်နိုင်ရန် ပြည်ထောင်စုလွှတ်တော်အမတ် ၂၀ ရာခိုင်နှုန်း၏ထောက်ခံမှုသာလိုသော်လည်း ထိုသို့မလုပ်ဘဲ အစု အဖွဲ့အားလုံးပါဝင်သည့် ပူးပေါင်းကော်မတီတစ်ရပ် ဖွဲ့စည်းဆောင်ရွက်ခဲ့ခြင်းသာ ဖြစ်ကြောင်းပြောသည်။
“ညှိနှိုင်းနိုင်တဲ့ အခင်းအကျင်းထဲဝင်မလာတာက ဘယ်သူတွေလဲဆိုတာ အားလုံးသိတဲ့အတိုင်းပဲ” ဟု၎င်းက မေးခွန်း ထုတ်သည်။
လက်ရှိတွင် ပြည်ထောင်စုလွှတ်တော်၌ ပြင်ဆင်ရန်အဆိုပြုထားသည့် ပုဒ်မပေါင်း ၁၃၅ ခုအနက် ၁၀၇ ခုကိုမဲခွဲဆုံး ဖြတ်ပြီးစီးခဲ့ပြီဖြစ်သည်။ အဆိုပါကာလအတွင်း ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမဲရသော်လည်း လူထုဆန္ဒခံယူပွဲဖြင့် အတည်ပြုရန်စီစဉ်ရဦးမည့် ပုဒ်မနှစ်ခု၊ ၇၅ ရာခိုင်နှုန်းကျော်ထောက်ခံမဲရ၍ ပြင်ဆင်ပြီးဟု မှတ်ယူနိုင်သည့် ပုဒ်မ တစ်ခုသာ ရှိသေးသည်။ ယင်းတို့မှာလည်း စကားရပ်၊ စကားသုံး၊ ရေးထုံးဆိုင်ရာ ပြင်ဆင်ချက်များသာဖြစ်သည်။
လက်ကျန်ပုဒ်မ ၂၈ ခုအတွက် မဲခွဲမှုများကို မတ် ၂၀ (သောကြာနေ့) အထိ ဆက်လက်ဆောင်ရွက်ရန်ရှိသည်။