သတင်း

တန့်ဆည်ရှိ ပျူစောထီးစခန်းကို စီးနင်းတိုက်ခိုက်စဉ် လက်နက်များရ 

စစ်ကိုင်းတိုင်းအတွင်း ပျူစောထီးလက်နက်ကိုင်အဖွဲ့များ ဖွဲ့စည်းရာတွင် ဦးဆောင်နေသည့် ဦးဝါသဝ ဖွင့်လှစ်ထားသော တန့်ဆည်မြို့နယ်ရှိ ပျူစောထီးစခန်းကို ယမန်နေ့ (ဧပြီ ၂၅) တွင် စီးနင်းတိုက်ခိုက်ရာ၌ လက်နက်ခဲယမ်းအချို့ ရရှိခဲ့ကြောင်း ဒေသခံ တော်လှန်ရေးအဖွဲ့များက ဆိုသည်။

တန့်ဆည်မြို့မြောက်ဘက် ကန့်ဘလူမြို့နယ်အစပ် နဋောင်းကျကျေးရွာရှိ စခန်းတွင် ပျူစောထီး ၄၀ ခန့်ရှိကာ ယမန်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် ဝင်တိုက်စဉ် ၄၅ မိနစ်ခန့် ကြာသည်ဟု  မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ရှိသူတစ်ဦးက ပြောသည်။

“တစ်နာရီမပြည့်ခင်မှာပဲ စခန်းကို သိမ်းနိုင်ခဲ့ပါတယ်။ အဲ့ဒီပျူစခန်းက ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ပျူသင်တန်းပေးပြီးတော့ သင်တန်းဆင်းထားတာ။ ဒီရွာက ပျူတွေကလည်း ဝါသဝလာပြီးတော့ သင်တန်းပေးပြီး ပျူ ဖွဲ့ထားတာ” ဟု ၎င်းက ဆိုသည်။

ထိုသို့ စီးနင်းတိုက်ခိုက်စဉ် ပျူစောထီး ၁၂ ဦးခန့် သေဆုံးခဲ့ပြီး ကျန်သူများ ထွက်ပြေးသွားခဲ့ကြောင်း၊ စစ်ကောင်စီက တပ်ဆင်ပေးထားသည့် ကာဘိုင်သေနတ် ၄ လက်နှင့်  ပြောင်းချောသေနတ် ၃ လက်၊ လက်ပစ်ဗုံး ၉ လုံး၊ ကျည်ဘောက် ၃ ခုနှင့် ကျည်ဆန် ၂၀၀ ခန့်အပြင် စစ်တပ်ယူနီဖောင်းများပါ သိမ်းဆည်းနိုင်ခဲ့သည်ဟု သိရသည်။

“နဋောင်းကျရွာဝန်းကျင်ရွာတွေက ပျူအင်အားကောင်းတဲ့ရွာတွေဖြစ်တယ်။ ဝါသဝက သူ့နယ်ထဲက ရွာတွေတင်မကဘဲ ဒီရွာကို သင်တန်းပေးပြီး ပျူဖွဲ့ပေးလိုက်တာကို လက်ခံလိုက်တော့ အခုလို ချေမှုန်းခံရတာပေါ့” ဟု ပကဖတာဝန်ရှိသူ အမျိုးသားက ပြောသည်။

နဋောင်းကျကျေးရွာရှိ ပျူစောထီးစခန်းကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်မှ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ ရွှေဘိုခရိုင်တပ်ရင်းများနှင့်အတူ တန့်ဆည်မြို့နယ်ပကဖတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

နဋောင်းကျရွာ ပျူစောထီးစခန်းမှ သိမ်းဆည်းရမိသော လက်နက်တချို့နှင့် ပစ္စည်းများကို တွေ့ရစဉ်။ (ဓာတ်ပုံ- ပေးပို့)

ပျူစောထီး ၁၂ ဦး သေဆုံးသည်ဆိုသည့်အချက်အပေါ် သီးခြားအတည်မပြုနိုင်ပေ။

ပျူစောထီးခေါင်းဆောင်အဖြစ် လူသိများသည့် ဦးဝါသဝဆိုသည့် ဘုန်းကြီးက ကန့်ဘလူမြို့နယ်အတွင်း ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ သင်ပေးကာ ပျူအဖွဲ့များ ဖွဲ့စည်းထားခြင်းဖြစ်သည်ဟုလည်း အထက်ပါ ပကဖတာဝန်ရှိက ဆိုသည်။

လက်နက်ကိုင် ခုခံတော်လှန်မှုများကို ပြန်လည်တိုက်ခိုက်ရန် စစ်ကောင်စီက ၎င်းတို့ကို ထောက်ခံသူများကို  စစ်သင်တန်းပေးကာ လက်နက်တပ်ဆင်ပေးသည်။ စစ်ကောင်စီက ပြည်သူ့စစ်ဟု ဆိုသော်လည်း ပြည်သူလူထုက ပျူစောထီးဟုသာ သတ်မှတ်ထားသည်။

ပေါက်ကြားလာသည့် စစ်ကောင်စီ၏ အစည်းအဝေးမှတ်တမ်းတစ်ခုအရ စစ်ကိုင်းတိုင်းအတွင်း ပျူစောထီးအဖွဲ့များ တိုးချဲ့ဖွဲ့စည်းရေး၊ လက်နက်တပ်ဆင်ရေးပေးအတွက် တိုင်းဝန်ကြီးချုပ်က အာဏာသိမ်းခေါင်းဆောင်ကို တင်ပြခဲ့သည်။ မြို့နယ်ပေါင်း ၃၇ မြို့နယ်ရှိ စစ်ကိုင်းတိုင်းတွင် ပြည်သူ့စစ်အဖွဲ့ပေါင်း ၈၀ နီးပါးအထိ ဖွဲ့စည်းထားကြောင်း ယမန်နှစ် ဖေဖော်ဝါရီလက ပေါက်ကြားခဲ့သည့် အစည်းအဝေးမှတ်တမ်း၌ ဖော်ပြသည်။

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်နှင့် တန့်ဆည်မြို့နယ်မှ ပျူစောထီးအဖွဲ့ဝင် ၁၀၀ ကျော်အတွက် အခြေခံစားသောက်ကုန်များ ဝယ်ယူရန် ဦးဝါသဝကို စစ်ကောင်စီက ငွေကြေးထောက်ပံ့ကြောင်း ပြီးခဲ့သည့် အောက်တိုဘာလအတွင်း Myanmar Now က သတင်းဖော်ပြခဲ့ပြီးဖြစ်သည်။

(လွတ်လပ်သည့်မီဒီယာအဖြစ်ရေရှည်ရပ်တည်နိုင်ရေးသင်တို့အကူအညီလိုအပ်နေပါသည်။ဤနေရာတွင်https://www.userroll.com/site/register/m1f6penနှိပ်၍လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button