
တပ်မတော်၏နိုင်ငံရေးအခန်းကဏ္ဍ၊ ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်ကန့်သတ်ထားသည်ဟု ရှုမြင်ကြသည့် သမ္မတအရည်အချင်းသတ်မှတ်ချက် စသည့်ပုဒ်မများနှင့်ယှဉ်လျှင် ပြင်ဆင်ရေးအတွက် ဖြစ်နိုင်ခြေပိုများသည့် အခြေခံဥပဒေပုဒ်မကိုပင် ပြင်ဆင်ရန် တပ်မတော်၏မီးစိမ်းမရခဲ့သည့်အတွက် “အင်မတန်မှအံ့အားသင့်ရ” ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တစ်ဦးက ပြောသည်။
လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေါ်ပေါက်လာမည့် ၂၀၁၀ ရွေးကောက်ပွဲအလွန် ပထမအကြိမ် ပြည်သူ့လွှတ်တော်ခေါ်ယူခြင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များခေါ်ယူခြင်းတို့ကို နိုင်ငံတော် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (နအဖ) က ပြုလုပ်ရမည်ဆိုသည့် ပုဒ်မများကို အခြေခံဥပဒေမှ ပယ်ဖျက်ရန် NLD ၏အဆိုပြုချက်ကို မဲခွဲရာတွင် လိုအပ်သည့် ၇၅ ရာခိုင်နှုန်း မဲမကျော်သည့်အတွက် မူလအတိုင်းသာ ဆက်လက်ထားရှိရတော့မည်ဖြစ်သည်။
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နဝတ) ကို အသွင်ပြောင်းပြီး ၁၉၉၇ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် နအဖသည် ပထမအကြိမ်လွှတ်တော်ခေါ်ယူပြီး အစိုးရအဖွဲ့အသစ်ဖွဲ့စည်းပြီးသည်နှင့် ဖျက်သိမ်းခဲ့ပြီးလည်းဖြစ်သဖြင့် ထိုပုဒ်မများသည် ပထမအကြိမ် လိုက်နာပြီးသည်နှင့် နောက်ထပ်အသက်ဝင်စရာမရှိတော့သည့် ပုဒ်မများလည်းဖြစ်သည်။
“အင်မတန်မှအံ့အားသင့်ရပါတယ်။ မရှိတော့တဲ့အဖွဲ့အစည်းရဲ့လုပ်ပိုင်ခွင့်ကိုတောင် ပယ်ဖျက်ဖို့ သဘောမတူဘူးဆိုတာကို ပြောစရာစကားတောင်မရှိပါဘူး” ဟု NLD ပါတီက ဦးဆောင်ဖွဲ့စည်းခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ၄၅ ဦးပူးပေါင်းကော်မတီ၏ အတွင်းရေးမှူး အမျိုးသားလွှတ်တော်အမတ် ဒေါက်တာမြတ်ဉာဏစိုး က Myanmar Now ကို ပြောသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မတစ်ခုကို ပြင်နိုင်ရေးအတွက် ၇၅ ရာခိုင်နှုန်းကျော် (လက်ရှိ အနေအထားအရ ၄၉၁ မဲ ကျော်) ရရန်လိုအပ်သော်လည်း ပုဒ်မ ၁၂၄(က) နှင့် ၁၇၂ (က) တို့ကို ပယ်ဖျက်ရေးအဆိုမှာ ထောက်ခံမဲ ၄၁၃ မဲနှင့် ၄၁၅ မဲ တို့သာ အသီးသီးရရှိခဲ့ခြင်းဖြစ်သည်။
အမျိုးသားလွှတ်တော်၏သက်တမ်းစသည့်နေ့သည် ပြည်သူ့လွှတ်တော်သက်တမ်းစသည့်နေ့ဖြစ်ပြီး အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးကို သက်တမ်းစသည့်နေ့မှ ခုနစ်ရက်အတွင်း ကျင်းပရမည်ဟု ဆိုထားသဖြင့် ပြင်ဆင်ရန်အဆိုပြုချက်တွင် မပါဝင်ခဲ့ပါ။
ထို့အတူ နိုင်ငံတော်ပိုင်ပစ္စည်းများကို ရယူသုံးစွဲထားသူသည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မဖြစ်စေရ ဆိုသည့် ပြဋ္ဌာန်းချက်ပါ ခြွင်းချက်များထဲတွင် ဥပဒေ အရဖြစ်စေ ခွင့်ပြုချက်အရဖြစ်စေ အခကြေးငွေဖြင့်ငှားရမ်း၍ဖြစ်စေ နိုင်ငံတော်ပိုင်ရွှေ့ပြောင်းနိုင်သော မရွှေ့ပြောင်းနိုင်သော ပစ္စည်းများမပါစေရ ဆိုသည့်အချက်ကို ပယ်ဖျက်ရန် NLD ၏ အဆိုပြုချက်မှာလည်း လိုအပ်သည့်မဲအရေအတွက် မရသဖြင့် မူလအတိုင်းသာ ဆက်လက်ထားရှိရမည်ဖြစ်သည်။
အထက်ပါကိစ္စများအပါအဝင် ယနေ့မဲခွဲသည့် ပုဒ်မများသည် ပြည်ထောင်စုလွှတ်တော်၌ လိုအပ်သော သတ်မှတ် ထောက်ခံမဲရလျှင့် ပြည်သူ့ဆန္ဒခံယူပွဲကျင်းပရန်မလိုအပ်ဘဲ ပြင်ဆင်နိုင်မည့်အကြောင်းအရာများဖြစ်သည်။
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ပြည်သူ့လွှတ်တော်အမတ် ဦးစိုင်းသီဟကျော်ကမူ “(NLDကို) နိုင်ငံရေး အရပြင်ခွင့်မပြုတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့်တပ်မတော်က ပထမအကြိမ် လွှတ်တော် (၂၀၁၁-၂၀၁၅) မှာအခြေခံဥပဒေပြင်ဆင်ရေးလုပ်တုန်းကလည်း အတော်များများကို လက်ခံလေ့မရှိဘူး။ မူလအတိုင်းထား ဖို့ရပ်တည်လေ့ရှိပါတယ်” ဟု မီဒီယာများကိုမှတ်ချက်ပြုသည်။
ပုဒ်မပေါင်း ၁၅ခုပါဝင်သည့် ယနေ့မဲခွဲမှုတွင် လွတ်ငြိမ်းချမ်းသာခွင့်ကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်မယူဘဲ သမ္မတတစ်ဦးတည်း ဆုံးဖြတ်ဆောင်ရွက်ရန်၊ လွှတ်တော်များအတွင်း တပ်မတော်သားများဖြင့် ကာလုံကဲ့သို့သော ကော်မတီဖွဲ့ခွင့်ကို ပယ်ဖျက်ရန်၊ တိုင်း၊ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဦးစီးဌာနများ၏ ဥပဒေပြုခွင့်နှင့် အခွန်ကောက်ခံခွင့်တို့ကို ပြင်ဆင်သတ်မှတ်ရန် အဆိုပြုချက်များပါဝင်သော်လည်း တစ်ခုမှ အတည်မဖြစ်ခဲ့ပါ။
မနက်ဖြန် မတ် ၁၇ တွင်ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနများတွင် ဝန်ကြီးတာဝန်ယူမည့် တပ်မတော်သားများကို ထမ်းဆောင်ချိန်မှစ၍တပ်မှ အငြိမ်းစားယူပြီးအဖြစ်မှတ်ယူရန်ဟု ပြင်ဆင်ရေး NLD ၏ အဆိုပြုချက်ပါဝင်သည်။
ထို့အတူ ဒေါ်အောင်ဆန်းစုကြည်သမ္မတကိုဖြစ်ခွင့်ဆုံးရှုံးစေခဲ့သည့် ပုဒ်မ ၅၉(စ)ကဲ့သို့သော ပြဋ္ဌာန်းချက်ကို တိုင်း/ပြည်နယ် အစိုးရအဖွဲ့ဝင်များ၏ အရည်အချင်းတွင်ပါ ထည့်သွင်းကန့်သတ်ရန် တပ်မတော်က အဆိုပြု ထားသည့် ပုဒ်မများကိုလည်း ပြည်ထောင်စုလွှတ်တော်၌ အဆုံးအဖြတ်ခံယူရန်ရှိသည်။
အခြေခံဥပဒေပြင်ဆင်ရေး အတွက် ပုဒ်မများကို အသုတ်လိုက်မဲခွဲလာခဲ့သည်မှာ ငါးရက်တိုင်ခဲ့ပြီဖြစ်ပြီး မပြောပ လောက်သည့် စကားအသုံးအနှုန်းလောက်ကလွှဲလျှင် မည်သည့်ပုဒ်မကိုမျှ ပြင်ဆင်ခွင့်မရသေးပါ။