မြေယာပိုင်ဆိုင်မှု အငြင်းပွားခဲ့ပြီးနောက် တပ်မတော်က တရားစွဲထားသည့် ကရင်နီတောင်သူ ၄၁ ဦးအား ကယားပြည်နယ် လွိုင်ကော် နှင့် ဒီးမော့ဆို တရားရုံးများက ငွေဒဏ် နှင့် ထောင်ဒဏ်များ ကျခံစေရန် မတ် ၁၃ တွင် အမိန့်ချလိုက်သည်။
၂၀၁၉ နှစ်လယ်ပိုင်းမှစ၍ မြို့နယ်တရားရုံးနှစ်ခုတွင် တပ်မတော်အရာရှိများ၏ ရှေ့ဆင့်နောက်ဆင့် တရားစွဲဆိုခံရသည့် အဆိုပါတောင်သူများထဲမှ ထောင်ဒဏ်အမိန့် ချခံခဲ့ရသည့် တောင်သူများသည် ချုပ်ရက်ခံစားခွင့်ဖြင့် အမိန့်ချသည့်နေ့တွင်ပင် ပြန်လည်လွတ်မြောက်လာကြောင်း ယင်းအမှုအတွက် လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေများက ပြောသည်။
လွိုင်ကော်မြို့နယ်ရှိ မြေနီကုန်း၊ ဒေါမူကလား၊ သုံးမိုင်ပကြဲ စသည့်ရွာများမှ တောင်သူများကို အမှတ် (၂၅၀) ခြေလျင်တပ်ရင်း၊ အမှတ် (၃၅၆) အမြောက်တပ်ရင်းတို့မှ ဗိုလ်ကြီးနှင့် ဗိုလ်မှူးအဆင့်ရှိ အရာရှိများက တရားစွဲဆိုခြင်းဖြစ်ပြီး ဒီးမော့ဆိုမြို့နယ်၊ ဒေါဆိုရှေ့ကျေးရွာမှ တောင်သူများကို အမှတ် (၃၆၀) အမြောက်တပ်ရင်းမှ ဗိုလ်ကြီးများက တရားစွဲခဲ့ခြင်းဖြစ်သည်။
မြေယာအငြင်းပွားမှုဖြစ်စဉ်များတွင် တပ်မတော်အရာရှိ ရှစ်ဦးက ၁၁မှု ခွဲ၍ တရားစွဲထားရာ တောင်သူ ၃၆ ဦး၊ တောင်သူအရေးဆောင်ရွက်သူ သုံးဦးနှင့် စက်မှုလယ်ယာဝန်ထမ်း နှစ်ဦး စုစုပေါင်း ၄၁ ဦး တရားရင်ဆိုင်ခဲ့ရပြီး ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေ ပုဒ်မ ၆(၁)နှင့် ရာဇသတ်ကြီးဥပဒေ ပိုင်နက်ကျူးလွန်မှု (ပုဒ်မ ၄၄၇)၊ ဝတ္တရားနှောင့်ယှက်မှု (ပုဒ်မ ၃၅၃)၊ ညစ်ညမ်းစွာဆဲဆိုမှု (ပုဒ်မ ၂၉၄)၊ အကျိုးဖျက်ဆီးမှု (ပုဒ်မ ၄၂၇) စသော ပုဒ်မများပါဝင်သည်။
လွိုင်ကော်၌ တရားစွဲခံရသူ ၂၂ ဦးအနက်မှ ၁၉ ဦးသည် ပိုင်နက်ကျူးလွန်မှု (ပုဒ်မ ၄၄၇) အတွက် ဒဏ်ငွေ နှစ်သောင်းကျပ်စီ ပေးဆောင်ခဲ့ရကြောင်း ရှေ့နေကပြောသည်။
ကျန်သုံးဦးအနက်မှ တစ်ဦးသည် အမှုမှ ကွင်းလုံးကျွတ် လွတ်မြောက်ခဲ့ပြီး ကျန်နှစ်ဦးမှာ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေ ပုဒ်မ ၆(၁)ဖြင့် ထောင်ဒဏ် ခြောက်လအပါအဝင် ငွေဒဏ်များ ချမှတ်ခံခဲ့ရသည်ဟုလည်း ၎င်းကပြောသည်။
“ကျွန်တော်တို့ မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ကျွန်တော်တို့ရှုံးမယ်လို့ ကြိုတွေးပြီးသားပဲ။ တကယ်လည်း ရှုံးတယ်” ဟု အမှုတွဲ ၅ ခု (ပုဒ်မ ၇ ခု) ဖြင့် အများဆုံး တရားစွဲဆိုခံရပြီး ဒဏ်ငွေ ကျပ် ၁၀၀,၀၀၀ ပေးဆောင်ခဲ့ရကာ ထောင်ဒဏ် ၆ လ ကို ချုပ်ရက် ထုတ်နုတ်ခံစားခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသည့် တောင်သူ ခူးဦးရယ်က ပြောသည်။
“အခုမြေလည်းရှုံးပြီ ထောင်လည်းကျပြီ ဒဏ်ငွေလည်းဆောင်ရပြီ နစ်တော့နစ်နာတာပေါ့” ဟုလည်း ၎င်းကဆိုသည်။
လက်ရှိတွင် အငြင်းပွားနေသည့် မြေများပေါ်၌ တပ်မတော်မှ ခြံစည်းရိုးခတ်ထားပြီး မြေယာပိုင်ဆိုင်ခွင့်အတွက် အစိုးရက ဥပဒေပိုင်းအရ တောင်သူများဘက်မှ ရပ်တည်ပေးစေလိုကြောင်း ၎င်းက ဆက်ပြောသည်။
၎င်းအပြင် ဒီးမော့ဆိုမြို့နယ်တရားရုံးတွင် ပိုင်နက်ကျူးလွန်မှုအတွက် ဒဏ်ငွေ တစ်သောင်းကျပ်နှင့် ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှုအတွက် ထောင်ဒဏ်သုံးလ အသီးသီးချမှတ်ခဲ့ကြောင်း အဆိုပါအမှုကို လိုက်ပေးသည့် ရှေ့နေ့ ပိုးရယ်ခူးတလေက ပြောသည်။
ဒီးမော့ဆို၌ တရားစွဲခံရသူ ၁၉ ဦးရှိပြီး ၁၀ ဦးမှာ ဒဏ်ငွေ တစ်သောင်းကျပ်စီနှင့် ထောင်အချုပ်ကျသူ ကိုးဦးမှာ ချုပ်ရက် ထုတ်နုတ်ခံစားခွင့်ဖြင့် ပြန်လွတ်ခဲ့ကြောင်း ၎င်းကဆိုသည်။
အမှုတွဲ ၆ ခု (ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှု ၂ မှု၊ ပိုင်နက်ကျူးလွန်မှု ၄ မှု) ဖြင့် အများဆုံးတရားစွဲခံရသည့် တောင်သူ ပါစကွားလယ် မှာ ဒဏ်ငွေ ၄၀,၀၀၀ ကျပ်နှင့် ထောင်ဒဏ် ၆ လအတွက် ချုပ်ရက်ဖြင့် လွတ်မြောက်ခဲ့ကြောင်း ပြောသည်။
ဥပဒေရှုထောင့်မှကြည့်ပါက ရုံးတော်က အသက်ညှာဆုံး အမိန့်ချခဲ့ခြင်းဖြစ်သော်လည်း တောင်သူများအတွက်ကတော့ နစ်နာသည်ဟုလည်း ရှေ့နေ့ပိုးရယ်ခူးတလေက ပြောသည်။
“ကိုယ့်တောင်ယာ ကိုယ်စိုက်ပြီး တရားစွဲခံရတာ သိပ်တော့ သဘာဝမကျဘူး” ဟု ၎င်းကပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီက ဒေါ်အောင်ဆန်းစုကြည် လွိုင်ကော်မြို့သို့ ရောက်ရှိစဉ် ကရင်နီလူငယ်များနှင့် တံခါးပိတ်ဆွေးနွေးပွဲတွင် တရားစွဲခံရသည့် တောင်သူများအရေးလည်း ပါဝင်ခဲ့သည်။