သတင်း

ရွေးကောက်ခံအမတ်များဖြင့်သာ အခြေခံဥပဒေပြင်ဆင်ရေးအဆို ရှုံးနိမ့်

တပ်မတော်သား ကိုယ်စားလှယ်များကို မဲပေးခွင့်မပြုဘဲ ရွေးကောက်ခံအမတ်စုစုပေါင်း၏ သုံးပုံနှစ်ပုံကျော်ထောက်ခံလျှင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုပြင်ဆင်ခွင့်ရရေး ယနေ့မဲခွဲရာတွင် ထပ်မံအရေးနိမ့်ခဲ့သည်။

အခြေခံဥပဒေပါ ပုဒ်မတစ်ခုကိုပြင်လိုလျှင် တပ်မတော်သားကိုယ်စားလှယ်နှင့် ရွေးကောက်ခံအမတ်စုစုပေါင်း၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမဲရရန် အနိမ့်ဆုံးလိုအပ်သည့် လက်ရှိအခြေအနေကို အထက်ပါအတိုင်း ပြောင်းလဲရန် NLD (အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်) ဦးဆောင်သည့် ၄၅ ဦးကော်မတီက အဆိုပြုထားခြင်းဖြစ်သည်။

သို့သော် ယင်းအဆိုပြုချက်ကို ယနေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ မဲခွဲရာတွင် တပ်မတော်အပါအဝင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းမကျော်၍ မူလသတ်မှတ်ချက်အတိုင်းသာ ဆက်ရှိတော့မည်ဖြစ်သည်။

ယနေ့တွင် ကိုယ်စားလှယ်စုစုပေါင်း ၆၃၄ ဦးကျော် လွှတ်တော်အစည်းအဝေးတက်ခဲ့ပြီး အဆိုပါပုဒ်မများကို မဲခွဲရာ၌ ထောက်ခံ မဲ ၄၁၄ မဲ(ပုဒ်မ ၄၃၆-က)၊ ၄၁၃ မဲ(ပုဒ်မ ၄၃၆-ခ)သာရသဖြင့် အနိမ့်ဆုံးလိုအပ်သည့် ထောက်ခံမဲအရေအတွက် ၄၉၁ မဲအောက်တွင်သာ ရှိခဲ့ခြင်းဖြစ်သည်။

သို့သော် အထက်ပါပုဒ်မနှစ်ခုနှင့် စပ်လျဉ်းသည့် မဲရလဒ်များတွင် ၁၆၆ ဦးရှိသော တပ်မတော်သား ကိုယ်စားလှယ်အရေအတွက်ကို ထည့်သွင်းမတွက်ချက်ပါက ရွေးကောက်ခံအမတ် ၈၈ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် ထောက်ခံထားကြောင်း တွေ့ရသည်။

လက်ရှိအခြေခံဥပဒေ ပုဒ်မ ၄၃၆(က)အရ နိုင်ငံတော်အခြေခံမူ၊ တပ်မတော်၏နိုင်ငံရေးတွင်ပါဝင်ခွင့်၊ သမ္မတအရည်အချင်း သတ်မှတ်ချက်၊ အရေးပေါ်အခြေအနေတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အခွင့်အာဏာစသော အရေးကြီး ပြဋ္ဌာန်းများကိုပြင်ဆင်လိုပါက ပြည်ထောင်စုလွှတ်တော် အမတ် ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမဲရရန်လိုအပ်သည့်အပြင် လူထုဆန္ဒခံယူပွဲပါ ပြုလုပ်၍ အတည်ပြုချက်ယူရဦးမည်ဖြစ်သည်။

ပုဒ်မ ၄၃၆(ခ) ပြဋ္ဌာန်းချက်အရ ကျန်ပုဒ်မများကိုပြင်လိုပါက ပြည်ထောင်စုလွှတ်တော်၌ ၇၅ ရာခိုင်နှုန်းကျော်ထောက်ခံမဲရမှသာ ပြင်ဆင်နိုင်မည်ဖြစ်သည်။

ယနေ့မဲခွဲဆုံးဖြတ်မှုများအပြီးတွင် အခြေခံဥပဒေပြင်ဆင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်၌ ဖွဲ့စည်းခဲ့သည့် ကော်မတီအသီးသီးတွင်အတွင်းရေးမှူး တာဝန်များယူခဲ့သည့် NLD ပါတီဝင် အမျိုးသားလွှတ်တော်အမတ် ဒေါက်တာမြတ်ဉာဏစိုးက လုံးဝပြီးဆုံးပြီဟု မယူဆကြောင်း၊ စိတ်ပျက်အားလျော့နေမည်မဟုတ်ဘဲ ဆက်လက်ကြိုးစားမည်ဖြစ်ကြောင်း Myanmar Now ကိုပြောသည်။

“တပ်မတော်သားတွေအပါအဝင် ၇၅ ရာခိုင်နှုန်းကျော်ထောက်ခံမဲရမှ ဒါကိုကျော်ဖြတ်နိုင်(ခြေဥပုဒ်မများကို ပြင်ဆင်နိုင်)မှာလေ၊ ဆိုတော့ မဲပေးပိုင်ခွင့်ရှိသူအားလုံး ညီညီညာညာနဲ့ ထောက်ခံကြဖို့အတွက် တာဝန်ရှိတဲ့ အစုအဖွဲ့အားလုံး(တပ်မတော်အပါအဝင်)ကို ပြည်သူတွေက မီဒီယာတွေဆီကတစ်ဆင့် လူမှုကွန်ရက်ကို အသုံးပြုပြီးတော့ပဲဖြစ်ဖြစ် တိုက်တွန်းကြစေလိုပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် မိုင်းရယ်မြို့နယ်ပြည်သူ့လွှတ်တော်အမတ် ဦးစိုင်းသီဟကျော်ကလည်း အခြေခံဥပဒေပြင်ဆင်နိုင်ရေးတွင် သတ်မှတ်ထားသောရာခိုင်နှုန်းထက်ပို၍ အရေးကြီးသည်မှာ စိတ်ဆန္ဒသာဖြစ် ကြောင်း Myanmar Nowကိုပြောသည်။

“အခုကတော့ အခြေခံမူတွေနဲ့ပတ်သက်ပြီး အရေးကြီးပုဒ်မတွေတစ်ခုမှ မပြင်နိုင်တဲ့အတွက် နောက်ရက်တွေမှာ ဆက်ပြီးမဲခွဲဆုံးဖြတ်ရမယ့် ကိစ္စတွေ ပြင်နိုင်ဖို့ ပိုပြီးခက်ခဲသွားပါပြီ” ဟု ၎င်းက မှတ်ချက်ပြုသည်။

ယနေ့တွင် ပုဒ်မ ၁၂ ခုပါဝင်သည့် ဆန္ဒမဲလက်မှတ် (၄) ကိုအသုံးပြု၍ မဲခွဲဆုံးဖြတ်ကြခြင်းဖြစ်ပြီး ယင်းမဲလက်မှတ် ၄ တွင် အခြေခံဥပဒေပြင်ဆင် နိုင်ရေး သတ်မှတ်ချက်များအပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အခွင့်အာဏာများနှင့် သက်ဆိုင်သည်တို့ကို ပြင်ဆင်ရန် အဆိုပြုချက်များသာ ပါဝင်ခြင်းဖြစ်ပြီး အားလုံးအရေးနိမ့်ခဲ့ရသည်။

မတ် ၁၆ တွင်ပြန်စမည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ တိုင်းဒေသကြီးနှင့်ပြည်နယ်တို့၏ ဥပဒေပြုခွင့်၊ အခွန်ကောက်ခံခွင့်များပါဝင်သည့် ပုဒ်မ ၄၃၆(ခ)နှင့်အကျုံးဝင်သော ပုဒ်မများပါဝင်သည့် ဆန္ဒမဲလက်မှတ်ကို မဲခွဲဆုံးဖြတ်ရန်ရှိသည်။

Show More

Related Articles

Back to top button