ရွေးကောက်ပွဲ

ဝ သုံးပါတီ တစ်ပါတီတည်းပေါင်း၊ UWSA နယ်မြေ၌ ရွေးကောက်ပွဲကျင်းပလျှင် ဝင်ပြိုင်မည်

ဝ နိုင်ငံရေးပါတီ သုံးပါတီသည် တစ်ပါတီတည်းအဖြစ် ပေါင်းစည်းပြီး ဝ အမျိုးသားပါတီ (Wa National Party) အမည်ဖြင့် ဆက်လက်ရပ်တည်ရန် ဆုံးဖြတ်လိုက်ကြသည်။

၂၀၁၀ ရွေးကောက်ပွဲဝင်ပြိုင်ခဲ့သည့် ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့အခြေစိုက် ဝ အမျိုးသား စည်းလုံးညီညွတ်ရေးပါတီ၊ ဝ ဒီမိုကရက်တစ်ပါတီ နှင့် ၂၀၁၆ တွင် စတင်ထူထောင်ခဲ့သည့် ရှမ်းပြည်နယ် လားရှိုးအခြေစိုက် ‘ဝ’ လစ်ဘရယ်ဒီမိုကရက်တစ် တိုးတက်ဖွံ့ဖြိုးရေးပါတီ တို့သည် သုံးပါတီကို တစ်ပါတီတည်းအဖြစ် ပေါင်းကြရန် သဘောတူခဲ့ကြခြင်းဖြစ်သည်။

“အကယ်၍ ဒီသုံးပါတီက သူ့ပါတီနဲ့သူပြိုင်ရင် မဲလုံးဝမထည့်ဖို့ ဝ အချင်းချင်းတွေက လက်တို့ပြီးတော့မှ ပြောနေကြတာ။ အဲ့ဒါနဲ့ ဒါဆိုရင် မဖြစ်သေးဘူး ဝ လူထုက ဝ ပါတီကိုမှ မဲမပေးဘူးဆိုရင် တို့က မဲရစရာအကြောင်းမရှိဘူးဆိုပြီးတော့မှ ပါတီခေါင်းဆောင်တွေ ညှိနှိုင်းပြီး ပူးပေါင်းလိုက်တာ” ဟု ဝ အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ၏ ဒုတိယဥက္ကဋ္ဌ ဦးဆမ်ဆောင်ကားကပြောသည်။

ပါတီသစ်ကိုတည်ထောင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)ထံ မတ်၄ တွင် မှတ်ပုံတင်ထားကြောင်းလည်း ၎င်းကဆိုသည်။

ဝ နိုင်ငံရေးပါတီများသည် ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲများတွင် အနိုင်ရခဲ့ကြသည့် အစဉ်အလာများလည်း ရှိခဲ့ကြသည်။

ဝ ဒီမိုကရက်တစ်ပါတီသည်၂၀၁၀ တွင် ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲတွင် ဟိုပန် နှင့် မက်မန်း မဲဆန္ဒနယ်များတွင် ပြည်သူ့လွှတ်တော်အမတ်နေရာမှ ကိုယ်စားလှယ်နှစ်ဦး အနိုင်ရရှိခဲ့သည်။

၂၀၁၅ ရွေးကောက်ပွဲတွင်လည်း ဟိုပန်မဲဆန္ဒနယ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်နေရာနှင့် ပြည်နယ်လွှတ်တော် နှစ်နေရာ အနိုင်ရရှိခဲ့သည့်အတွက် လက်ရှိလွှတ်တော်ထဲတွင် ကိုယ်စားလှယ် သုံးဦးရှိထားသည်ဟု ဟိုပန်မဲဆန္ဒနယ် အမှတ်() ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးရန်ကျော်() ညီနော်က ပြောသည်။

သုံးပါတီပေါင်းထားသည့် ပါတီသစ်သည် လာမည့်ရွေးကောက်ပွဲများတွင် အမာခံထောက်ခံသူများရှိသည့် အစိုးရထိန်းချုပ်ရာ ဒေသများဖြစ်သည့် ရှမ်းပြည်နယ်အတွင်းမှ ကျိုင်းတုံ၊ မိုင်းဆတ်၊ တာချီလိတ် စသည့်နယ်မြေများကို အာရုံစိုက်ကာ ဝင်ရောက်ယှဉ်ပြိုင်မည်ဟုလည်းဆိုသည်။

အခြားတစ်ဖက်တွင် ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ရာဒေသများတွင်လည်း ရွေးကောက်ပွဲကျင်းပနိုင်သည့် အလားအလာများရှိသည်။

ယခင်ကျင်းပခဲ့သော ရွေးကောက်ပွဲများတွင် ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း နိုင်ငံရေးပါတီများအနေဖြင့် ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲကျင်းပခွင့်၊ မဲဆွယ်စည်းရုံးခွင့်များ မရခဲ့သော်လည်း ယခုနှစ်တွင် ပြုလုပ်ခွင့်ရရှိရန် UEC က ဖေဖော်ဝါရီလကုန်ပိုင်းတွင် ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)နှင့် လာရောက် ညှိနှိုင်းမှုများပြုလုပ်ခဲ့ကြောင်း UWSA ၏ လားရှိုးရုံးဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းကပြောသည်။

“ရွေးကောက်ပွဲကော်မရှင်အနေနဲ့ လာတွေ့တယ်၊ ဆွေးနွေးတယ်ဆိုတာက ရှေ့ဆက်ပြီးတော့ ဒီလုပ်ငန်းစဉ်တွေကို ကျွန်တော်တို့ ဌာနချုပ်ကနေပြီးတော့မှ ပူးပေါင်းသွားပါမယ်ဆိုတဲ့ ဒီဆွေးနွေးမှုတော့ ရခဲ့တယ်” ဟု ၎င်းကပြောသည်။

ဝ ဒေသအတွင်းရှိ ဟိုပန် နှင့် မက်မန်းမြို့မှလွဲပြီး မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ ပန်ဆန်းစသည့် မြို့နယ်လေးခုသည် UWSA ၏ ထိန်းချုပ်နယ်မြေဖြစ်သည့်အတွက် ယခင်ရွေးကောက်ပွဲများတွင် ကျင်းပခွင့်မရခဲ့ဟု ဝ နိုင်ငံရေး ပါတီများကဆိုသည်။

UWSA နှင့် ရွေးကောက်ပွဲကော်မရှင်တို့အကြားညှိနှိုင်းမှုများ အဆင်ပြေခဲ့ပါက ဝ ဒေသရှိ ဟိုပန်၊ မက်မန်း၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း နှင့် ပန်ဆန်း စသည့် ခြောက်မြို့နယ်အပြင် အခြားမြို့နယ်များတွင်ပါ ကိုယ်စားလှယ်ဦးရေ နှစ်ဆယ်ကျော်ဖြင့် ရွေးကောက်ပွဲဝင်ရန်လည်း ဝ ပါတီသစ်က ပြင်ဆင်နေသည်။

“ပြည်ထောင်စုရွေးကောက်ပွဲကောက်မရှင်က သူတို့ ကူညီပေးမယ်လို့တော့ ပြောတယ်။ ဘယ်လိုပုံစံနဲ့ ကူညီမယ်လို့တော့ ကျွန်တော်တို့လည်းမသိဘူးပေါ့နော။ အဲ့ဒီလေးမြို့နယ်က သူတို့(UWSA) ခွင့်ပြုချက်မရဘဲနဲ့ ကျွန်တော်တို့ လုပ်လို့မှမရတာ”ဟု ဦးဆမ်ဆောင်းကား ကပြောသည်။

ဝ အမျိုးသားစည်းလုံးညီညွတ်ရေးပါတီအမည်ဖြင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်လျှောက်ထားသဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မတ်လ ၆ ရက်တွင် ကြေညာထားပြီး ကန့်ကွက်လိုသူရှိပါက မတ် ၁၂ ရက်နေ့ နောက်ဆုံးထား ကန့်ကွက်လွှာတင်ရမည်ဖြစ်သည်။

 

Show More

Related Articles

Back to top button