
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး မဲခွဲမှု တတိယနေ့တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီတို့၏ အခွင့်အာဏာများ လျှော့ချရေးဆိုင်ရာ အဆိုပြုချက်များကို မဲခွဲခဲ့ပြီး အဆိုပြုချက် ၁၄ ချက်လုံး အရေးနိမ့်ခဲ့သည်။
ယနေ့ မဲခွဲခဲ့သည့် ပုဒ်မ၊ပုဒ်မခွဲအားလုံးမှာ ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းမကျော်သည့်အတွက် မူလအတိုင်းသာဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ကကြေညာသည်။ ထိုပုဒ်မများအားလုံးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်သည့် ၄၅ ဦးကော်မတီက အဆိုပြုထားခြင်းဖြစ်သည်။
ယနေ့ပြင်ဆင်ရန် အဆိုပြုချက်များတွင် အရေးပေါ်အခြေအနေ၌ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းရန်မလိုဘဲ သမ္မတကိုယ်တိုင် ဆုံးဖြတ်လုပ်ကိုင်စေနိုင်ရေး အချက်လည်း ပါဝင်သည်။
အခြေခံဥပဒေပြင်ဆင်ရေးမဲခွဲမှုများသုံးရက်အပြီးတွင် အရေးကြီးပုဒ်မ တစ်ခုမှ ပြင်ဆင်နိုင်ခြင်းမရှိသေးဘဲ စကားအသုံးအနှုန်း ပြင်ဆင်ပြောင်းလဲမှု နှစ်ခုသာ ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းကျော်ရထားသဖြင့် ပြင်ဆင်နိုင်ရန်ရှိနေသည်။
NLD ပါတီဝင် အောင်မြေသာစံပြည်သူ့လွှတ်တော်အမတ် ဒေါက်တာလှမိုးက
“ပြင်လို့မရဘူးဆိုတာကို ပြည်သူသိသွားတာပေါ့။ ထောက်ခံမဲပေးတဲ့ အရေအတွက်ကိုကြည့်ရင် ပြည်သူရွေးတဲ့ ကိုယ်စားလှယ် (ရွေးကောက်ခံ ကိုယ်စားလှယ်များထဲမှ)၈၅ ရာခိုင်နှုန်းကျော်က ပြင်ချင်တယ်ဆိုတာ ထင်ရှားပါတယ်။ ရှေ့ရက်တွေမှာလည်း အကောင်းဆုံးကိုတော့ မျှော်လင့်နေဆဲပါ” ဟု Myanmar Now ကို မှတ်ချက်ပြုသည်။
ယနေ့အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ ၆၅၄ ဦးရှိသော်လည်း ရွေးကောက်ခံအမတ် ၂၁ ဦးခွင့်ယူထားသဖြင့် ကိုယ်စားလှယ်စုစုပေါင်းဦးရေမှာ ၆၃၃ ဦးသာရှိသည်။ တပ်မတော်သားများထဲမှ ပျက်ကွက်သူမရှိပေ။
NLD ၃၈၀ ဦး၊ တပ်မတော်သား ၁၆၆ ဦးတို့က အင်အားအများဆုံးဖြစ်သည်။
ဆန္ဒမဲလက်မှတ် ၄ ပါ ပုဒ်မပေါင်း ၁၂ ခုကို မနက်ဖြန် မတ် ၁၃ တွင် ပြည်ထောင်စုလွှတ်တော်၌ အဆုံးအဖြတ်ပေးရန်ရှိပြီး ယင်းအဆိုပြုချက်များတွင် အခြေခံဥပဒေပါပုဒ်မတစ်ခုကို ပြင်ဆင်လိုပါက အနိမ့်ဆုံးအားဖြင့် ရွေးကောက်ခံနှင့်တပ်ကိုယ်စားလှယ် စုစုပေါင်း၏ ၇၅ ရာခိုင်နှုန်းကျော်ထောက်ခံမှ ပြင်နိုင်မည့်အခြေအနေအစား ရွေးကောက်ခံအမတ် သုံးပုံနှစ်ပုံကျော်က သဘောတူရုံဖြင့် ပြင်နိုင်မည့် အဆိုပြုချက်လည်းပါဝင်သည်။