
ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့်ဟန့်တားထားသည့် ပုဒ်မ ၅၉(စ)အပါအဝင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဆိုင်ရာ ပုဒ်မများကို ပြင်ဆင်မည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး မဲခွဲမှုဒုတိယနေ့တွင် မည်သည့်ပုဒ်မမျှ ပြင်ဆင်နိုင်ခဲ့ခြင်းမရှိပေ။
ပြည်ထောင်စုလွှတ်တော်၌ ယနေ့မဲခွဲရာတွင်အသုံးပြုသည့် ဆန္ဒမဲလက်မှတ် ၂ တွင်ပါရှိသည့် ပြင်ဆင်ရန် အဆိုပြုချက် ၁၆ ချက်ရှိပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဦးဆောင်သော ၄၅ ဦးကော်မတီက ပြင်ဆင်ရန်အဆိုပြုမှု ၁၂ ခုအထိ ပါဝင်သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးဖွံ့ဖြိုးရေးပါတီက တင်သွင်းသည့် ပြင်ဆင်ချက် ၄ ခုလည်း ယနေ့ပါဝင်ပြီး NLD နည်းတူပင် လုံလောက်သည့်ထောက်ခံမဲ မရခဲ့ပေ။
သမ္မတအသက်ကန့်သတ်ချက်နှင့်ပတ်သက်၍ NLD နှင့် ပြည်ခိုင်ဖြိုးတို့ ပြင်ဆင်ချက်အပြိုင်တင်သွင်းထားသောကြောင့် နှစ်ခုယှဉ်၍ မဲခွဲဆုံးဖြတ်ရာတွင်လည်း မည်သူမျှ အနိုင်မရဘဲရှိခဲ့သည်။
ယနေ့ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ ကိုယ်စားလှယ်စုစုပေါင်း ၆၃၅ ဦးသာတက်ရောက်ပြီး NLD ၃၈၀ ဦး၊ တပ်မတော်သား ၁၆၆ ဦးတို့က အင်အားအများဆုံးဖြစ်သည်။