သတင်း

အခြေခံဥပဒေပြင်ဆင်ရေးပထမနေ့ တပ်အခန်းကဏ္ဍပုဒ်မများ မဲခွဲရာတွင်ရှုံး

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပထမဆုံးမဲခွဲသည့် ယနေ့တွင် ပုဒ်မ ၁၄ ခု မဲခွဲဆုံးဖြတ်ရာ၌ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမဲရသည့် ပုဒ်မနှစ်ခုပါဝင်သည်။

တပ်မတော်အခန်းကဏ္ဍ လျှော့ချရေးတွင်အဓိကကျသည့် ပုဒ်မ ၆ ခုမဲခွဲရာတွင် လိုအပ်သည့်ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းကျော် ရရှိခြင်းမရှိခဲ့ပေ။

သို့သော် NLD(အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်) ဦးဆောင်သည့် ၄၅ ဦးကော်မတီက အဆိုပြုထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်အိုမင်းမစွမ်းမသန်မစွမ်းဟု ရေးသားထားသော စကားရပ်များကိုသက်ကြီးရွယ်အိုမသန်စွမ်းဟူ၍ ပြင်ဆင်ရန် ပုဒ်မနှစ်ခုသာလိုအပ်သည့် ထောက်ခံမဲပမာဏကို ကျော်လွန်ရရှိခဲ့သည်။

ယင်းပုဒ်မ ၂ ခုသည် လွှတ်တော်မဲ ၇၅ ရာခိုင်နှုန်းကျော် လိုသည့်အပြင် လူထုဆန္ဒခံယူပွဲပါ ကျင်းပရမည့် ပုဒ်မများဖြစ်သော်လည်း ထိုကိစ္စနှင့်ပတ်သက်၍ မသိရသေးပါ။

ယနေ့တွင် ဆန္ဒမဲလက်မှတ် ၁ ကို အသုံးပြုခဲ့ခြင်းဖြစ်ပြီး ရွေးကောက်ခံအမတ် ၂၁ ဦး ခွင့်ပျက်ကွက်မှုရှိသော်လည်း တပ်မတော်သားကိုယ်စားလှယ်များမှာ ၁၆၆ ဦးစလုံး ပြည်ထောင်စုလွှတ်တော်သို့ မပျက်မကွက် တက်ရောက်လာသည်။

ပျက်ကွက်သူများထဲတွင် ပြည်ထောင်စုလွှတ်တော်၌ လက်ရှိတွင် ဦးရေ ၃၈၀ ကျော်ရှိသည့် NLD ပါတီဝင်တစ်ဦး ပါဝင်ပြီး၊ ကျန်သူများမှာ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ရခိုင်အမျိုးသားပါတီ၊ ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ချုပ်တို့မှ ဖြစ်ကြသည်။

မနက်ဖြန် မတ် ၁၁ တွင် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့် ဟန့်တားထားသည့် ပုဒ်မ ၅၉() ပယ်ဖျက်ရန်၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို အရပ်သားအများစုဖြင့် ပြင်ဆင်ဖွဲ့စည်းရန် NLD ဘက်မှ အဆိုပြုချက်များ ပါဝင်သည့် ဆန္ဒမဲလက်မှတ် ၂ ကို မဲခွဲဆုံးဖြတ်ရန်ရှိသည်။

 

 

Show More

Related Articles

Back to top button