ရှမ်းပြည်နယ်မြို႔တော် တောင်ကြီးတွင် ယနေ့နေ့လယ်ပိုင်းက ချိန်ကိုက်ဗုံးဟု သံသယရှိဖွယ် လက်ဆွဲအိတ်တစ်လုံး ရှာဖွေတွေ့ရှိခဲ့ပြီးနောက် တန်ဆောင်တိုင်မီးပုံးပျံပွဲ၏ လုံခြုံရေးကို တင်းကျပ်ထားကြောင်း ပွဲတော် ကျင်းပရေးအဖွဲ့က ပြောရေးဆိုခွင့်ရှိသူကဆိုသည်။
“တခြားရက်တွေထက်စာရင် စစ်ဆေးတာတွေ ပိုလုပ်နေပါတယ်။ ရိုးရာပွဲဖြစ်တာကြောင့် ဒီလိုဗုံးတွေ့ရုံနဲ့ ထိခိုက်မှု ရှိနိုင်မယ်လို့ မထင်ပါဘူး။ လုံခြုံရေးအရ စစ်ဆေးတာတွေကတော့ လုပ်မှာပါပဲ။ ကျွန်တော်တို့ ရိုးရာပွဲမို့ ကျွန်တော်တို့ကတော့ ပျော်မှာပဲ” ဟု တောင်ကြီး တန်ဆောင်တိုင် မီးပုံပျံပြိုင်ပွဲ ကျင်းပရေးလုပ်ငန်း ကော်မတီဝင် ဒေါက်တာသန်းဝင်းက Myanmar Nowကို ပြောသည်။
ပြည်နယ်အစိုးရရုံးစိုက်ရာ တောင်ကြီးမြို႔၏ လူစည်ကားရာ၊ အချက်အချာနေရာဖြစ်သည့် မြို့မစျေးအနီးတွင် ဗုံးဟု သံသယဖြစ်ဖွယ်ရာ တွေ့ရှိခဲ့သည့် လက်ဆွဲအိတ်ကို လုံခြုံရေးတပ်ဖွဲ့များ က ဖောက်ခွဲဖျက်ဆီးခဲ့သည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တောင်ကြီးမြို့တွင် ပြုလုပ်ခဲ့သည့် တပ်မတော်ထောက်ခံပွဲကို ကန့်ကွက်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ ခြိမ်းခြောက်မှုများ ပြုလုပ်နေခြင်း ဖြစ်နိုင်သည်ဟု ရှမ်းပြည်နယ် နိုင်ငံရေးအဖွဲ့မှ တာဝန်ခံ ဦးတင်မောင်တိုးက ပြောသည်။
“နိုင်ငံရေး ခြိမ်းခြောက်မှု ပါကိုပါလိမ့်မယ်။ တောင်ကြီးက လက်နက်ကိုင်လို့ရတဲ့ မြို့လည်းမဟုတ်သလို၊ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသလည်း မဟုတ်ဘူး” ဟု ၄င်းက ဆိုသည်။
ယင်းကဲ့သို့ ဗုံးပေါက်ကွဲမှုကို အသေးစိတ်မေးမြန်းနိုင်ရန် Myanmar Now အနေဖြင့် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး သို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း တာဝန်ယူ ဖြေကြားပေးနိုင်မည့်သူ မရှိကြောင်း အကြောင်းပြန်သည်။
ထိခိုက်ဒဏ်ရာရရှိသူ တစ်ဦးတစ်ယောက်မှ မရှိသော်လည်း၊ မြို့မစျေးအနီးရှိ အိုးရှင်းစူပါစင်တာအနီးတွင်လည်း ဗုံးထပ်မံတွေ့ရှိသည်ဟူသော စကားများပျံ့နှံ့နေခြင်းကြောင့် ရိုးရာပွဲတော် ကို ထိခိုက်မှာ စိုးရိမ်နေသည့် ဒေသခံများလည်း ရှိနေသည်။
“ပွဲတော်က ခုမှ အစပဲရှိသေးတယ်။ ရက်တွေကျန်သေးတော့ နိုင်ငံရေး ရည်ရွယ်ချက်တွေနဲ့ နွှယ်ပြီးတော့ ပွဲလာတဲ့ပြည်သူတွေကို ကြောက်အောင်လှန့်တယ်လို့ မြင်တယ်”ဟု တောင်ကြီးမြို့၊ ကန်အောက်ရပ်ကွက်တွင် နေထိုင်သူ ဒေသခံတစ်ဦးက ပြောသည်။
တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲကို နိုဝင်ဘာလ ၁၄ ရက်မှ ၂၂ ရက်အထိ တောင်ကြီးမြို့၊ အဝေယာ မီးပုံးပျံကွင်းတွင် ကျင်းပနေခြင်းဖြစ်သည်။