ဧပြီလဆန်းက မန္တလေးအခြေစိုက် မြို့ပြပြောက်ကျားအဖွဲ့ဖြစ်သော Special Task Force_ Mandalay (STF-Mdy) မှ အဖွဲ့ဝင်တစ်ဦး အဖမ်းခံရပြီးနောက် ဆက်စပ်၍ အသက် ၁၈ နှစ်အရွယ်ဝန်းကျင် လူငယ် ၂ ဦး၊ အဖွဲ့ဝင် နောက်တစ်ဦး ဖမ်းဆီးခံရသည်ဟု မြို့ခံများနှင့် တော်လှန်ရေးအဖွဲ့များက ပြောသည်။
ပြီးခဲ့သည့် ဧပြီ ၆ ရက် ညနေ ၆ နာရီဝန်းကျင်ခန့်တွင် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၁၁၇ လမ်း (၄၇ နှင့် ၄၈ လမ်းကြား) ကန်သာယာရပ်ကွက်၊ မြရည်နန္ဒာအိမ်ရာ၌ STF-Mdy အဖွဲ့ဝင်တစ်ဦး လက်နက်ဖြင့် ဖမ်းဆီးခံရသည်။
“အင်အားအများအပြားနဲ့ အိမ်ရာကို ဝိုင်းထားပြီး တိုက်ခန်းကို ဝင်စီးတယ်။ သေနတ်အတိုတစ်လက်နဲ့အတူ မိသွားတာ။ ရစရာမရှိအောင် ရိုက်နှက်ပြီး ဖမ်းသွားတာ” ဟု မြရည်နန္ဒာအိမ်ရာတွင် နေထိုင်သော အသက် ၄၀ ခန့်အရွယ် အမျိုးသားတစ်ဦးက မြင်တွေ့ခဲ့ရပုံကို ပြောသည်။
ဖမ်းဆီးခံရသူသည့် အသက် ၂၀ အရွယ် ကိုဇော်မင်းသိန်း (ခေါ်) မြတ်သူ ဆိုသူဖြစ်ပြီး စစ်ကောင်စီသတင်းပေး (ဒလန်) များကြောင့် ဖမ်းဆီးခံရခြင်းဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။
“ဒီလောက် ဒလန်ပေါများတဲ့ အိမ်ရာမှာ လာအောင်းတာ (ခိုလှုံတာ) ကို နားလည်လို့ မရဘူး။ ကလေးတွေလည်း နေစရာ၊ ခိုလှုံစရာ ခက်ခဲနေကြတယ် တူပါတယ်” ဟု သူက မှတ်ချက်ပြုသည်။
မြရည်နန္ဒာအိမ်ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မကြာခဏ လာရောက်ရှာဖွေတတ်သလို ပြောက်ကျားအဖွဲ့ဝင် လူငယ်တချို့ ဖမ်းဆီးခံရခြင်းကို ၎င်းက ရည်ညွှန်းပြောဆိုခြင်း ဖြစ်သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက နောက်တစ်နေ့ (ဧပြီ ၇) နံနက်တွင် မန္တလေးတက္ကသိုလ်အနီး ၇၂ လမ်း (၃၉ နှင့် ၄၀ လမ်းကြား) ရှိ “ငြိမ်းသာယာ”အဆောင်ကို ဝင်စီးကာ အသက် ၁၈ နှစ်အရွယ် လူငယ် ၂ ဦးကို ဝင်ရောက်ဖမ်းဆီးခဲ့သည်ဟု အဆိုပါအနီးဝန်းကျင်၌ နေထိုင်သူတစ်ဦးက ပြောသည်။
၎င်းတို့ အလိုရှိသည့် STF အဖွဲ့ဝင်ကို ဖမ်းမမိသဖြင့် အခန်းဖော် ကျောင်းသားများဖြစ်သော မောင်ရှိုင်းဝဏ္ဏထွန်းနှင့် မောင်နန်းမျိုးအောင်တို့ ၂ ဦးကို ရိုက်နှက်ဖမ်းဆီးသွားကြောင်း၊ ထိုအခန်းမှ လက်နက်ခဲယမ်းတချို့လည်း သိမ်းဆည်းရမိသည်ဟု သိရကြောင်း အထက်ပါ အသက် ၃၅ နှစ်အရွယ် မြို့ခံ အမျိုးသားက ဆိုသည်။
“တကယ်က သူတို့လာဖမ်းတဲ့ ခေါင်းဆောင်ဆိုတာက လွတ်သွားတယ်။ အခန်းဖော် ကျောင်းသားနှစ်ဦးကို စွပ်စွဲရိုက်နှက်ပြီး ခေါ်သွားတာ။ တွေ့တဲ့ သေနတ်နဲ့ ခဲယမ်းတွေကလည်း အဲဒီကလေးတွေနဲ့ ဘာမှမဆိုင်ပါဘူးဗျာ”
မောင်ရှိုင်းဝဏ္ဏထွန်းသည် ကွန်ပျူတာသင်တန်းတက်ရောက်နေသည့် ကျောင်းသားတစ်ဦးဖြစ်ပြီး မောင်နန်းမျိုးအောင်မှာ ဂျပန်နိုင်ငံသို့ အလုပ်သွားလုပ်ရန် ဂျပန်စာသင်ကြားနေသူဖြစ်သည်ဟု ထိုသူက ပြောသည်။
အထက်ပါ ဖမ်းဆီးမှုနှစ်ခုမှာ ဆက်စပ်နေဖွယ်ရှိသည်ဟုလည်း သူက ခန့်မှန်းသည်။
STF-Mdy အဖွဲ့ကမူ အဆိုပါလူငယ်နှစ်ဦးမှာ အဖွဲ့နှင့် မသက်ဆိုင်ဘဲ မတရားဖမ်းဆီးခံရခြင်းဖြစ်ကြောင်း၊ သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများမှာလည်း လွတ်မြောက်သွားသည့်အဖွဲ့ဝင်၏ လက်နက်များသာ ဖြစ်ကြောင်း ထုတ်ပြန်သည်။
“ကျွန်တော်တို့ကလည်း စစ်ကောင်စီဒေါက်တိုင်ဆို အကုန်ဖြိုမှာ။ ဖမ်းချင်ရင် အဖွဲ့ကလူတွေကို ရအောင်ဖမ်း။ အခုတော့ မဆိုင်တဲ့သူကို ဝင်ဖမ်းပြီး အဖွဲ့ဝင်ဆိုပြီး ပြောတာကြ xxxx ပေါအကွက်တွေပေါ့” ဟု STF တာဝန်ခံ ဗိုလ်အနိစ္စက Myanmar Now ကို ပြောသည်။
ထို့နောက် ဧပြီ ၈ တွင် STF-Mdy အဖွဲ့ဝင်တချို့နှင့် မန္တလေး UG တချို့အခြေစိုက်ရာ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ အုတ်ဖိုကျေးရွာအနီး စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့ပြီး မြေပြင်စစ်ကြောင်းမှလည်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ STF အဖွဲ့ဝင် ကိုသော်တာထွန်း ဖမ်းဆီးခံရသလို ကျပ်သိန်း ရာဂဏန်းခန့် တန်ကြေးရှိ လက်နက်ခဲယမ်းများ ဆုံးရှုံးခဲ့ရကြောင်း ၎င်းက ဆိုသည်။
“ကျွန်တော်တို့ မနက်ခင်း ထမင်းစားနေတဲ့အချိန် Mi 35 နဲ့ လေကြောင်းက ပစ်ခတ်သွားတာပါ။ လေယာဉ် ၄ စီးနဲ့ ဌာနေ (စခန်း) ကို ဝင်စီးတာပါ။ ပစ္စည်းဖိုးလည်း ရာဂဏန်းဆုံးရှုံးသွားတယ်” ဟု STF တာဝန်ခံက ပြောသည်။
“ကျွန်တော်တို့ ပြည်သူတွေရဲ့အကူအညီတွေ လိုအပ်ပါတယ်။ လေယာဉ်နဲ့ လာပစ်တာဟာ တကယ်ဆို လက်နက်ကြီးနဲ့ ပြန်ပစ်နိုင်တဲ့အနေအထားပါ။ ဒါပေမဲ့ လက်နက်အင်အား မမျှတော့ မတတ်နိုင်ခဲ့ဘူး” ဟု သူက ဆက်ပြောသည်။
ပြီးခဲ့သည့် ဧပြီ ၈ ရက်က ဧရာဝတီမြစ်တစ်ဖက်တစ်ချက်ဖြစ်သော၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းအစပ်တွင် အခြေစိုက်သော ပြင်ဦးလွင်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (နဂါးနီပြောက်ကျားတပ်ဖွဲ့)၊ မန္တလေးပြောက်ကျားအဖွဲ့ (STF- Mdy) တို့၏ စခန်းများကို စစ်ကောင်စီလေတပ်၊ ခြေလျင်တပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
တိုက်ခိုက်မှုအတွင်း STF-Mdy အဖွဲ့ဝင်တစ်ဦး ဖမ်းဆီးခံရပြီး ကာကွယ်ရေးအဖွဲ့ဝင် ၇ ဦး ဒဏ်ရာရကာ စခန်းမှ အလျင်အမြန် ဆုတ်ခွာနိုင်ခဲ့သော်လည်း လက်နက်ခဲယမ်းများ၊ ဆိုင်ကယ်များ၊ လက်ကိုင်ဖုန်းများနှင့် ပစ္စည်းများ ဆုံးရှုံးခဲ့ရသည်။
စစ်ကောင်စီကလည်း သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများဟု ဆိုကာ အဆိုပါလူငယ်များ၏ ဓာတ်ပုံများနှင့်တကွ ဧပြီ ၁၁ ရက်က ထုတ်ပြန်သည်။ အလားတူ စစ်ကိုင်းမြို့နယ်၊ အုတ်ဖိုကျေးရွာစခန်းကို စီးနင်းတိုက်ခိုက်ခြင်း၊ လက်နက်ခဲယမ်းများနှင့် ဆိုင်ကယ် ၉ စီး သိမ်းဆည်းရမိခြင်းတို့ကို စစ်ကောင်စီပိုင် မြဝတီရုပ်သံဌာနက ထုတ်လွှင့်ခဲ့သည်။
STF-Mdy အဖွဲ့သည် မန္တလေးမြို့နှင့်အနီးတဝိုက် အခြေစိုက်လှုပ်ရှားနေပြီး အာဏာသိမ်းပြီး နှစ်နှစ်ကျော် အတွင်း စစ် ကောင်စီနှင့် ထောက်တိုင် ၅၀ ကျော်ကို တိုက်ခိုက်ခဲ့သည်၊ စစ်သား၊ ရဲနှင့် ဒလန် (သတင်းပေး) ၂၀ ကျော်ကို သတ်ဖြတ်ခဲ့သည်ဟု ထိုအဖွဲ့က ဆိုသည်။
STF-Mdy အဖွဲ့က မဟာအောင်မြေမြို့နယ်အတွင်း ယခုနှစ် ဇန်နဝါရီ ၁၅ တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး အသက် ၅၀ အရွယ် ဦးစော ဆိုသူကို နေအိမ်၌ အနီးကပ် ပစ်သတ်ခဲ့သလို ၂၀၂၂ နိုဝင်ဘာ ၂၀ က စစ်ကောင်စီသတင်းပေး ဟု ၎င်းတို့ ယူဆထားသူ ကျော်ဇင်ထက်(ခ)ကျော်ကြီးကို ပစ်သတ်ခဲ့သည်။
စစ်ကောင်စီက အင်အားသုံးကာ မန္တလေးအခြေစိုက် ပြောက်ကျားအဖွဲ့ဝင်များကို ဆက်တိုက် ဖမ်းဆီးနေသော်လည်း တိုက်ခိုက်မှုများမှာ ဆက်လက်အားကောင်းနေဆဲဖြစ်ပြီး STF-Mdy, Generation Z Power (GZP), Anonymous Force Mdy,Amarapura Truth Keeping Force,Mandalay Young Force ,AST-Mdy (အောင်စည်တော်) အပါအဝင် အဖွဲ့အများ အပြား ဒေသတွင်း လှုပ်ရှားနေကြသည်။
၂၀၂၂ ဇူလိုင်နှင့် ဩဂုတ်အတွင်း စစ်ကောင်စီက မန္တလေးမြို့တွင် ပိုက်စိပ်တိုက်ရှာဖွေဖမ်းဆီးရာ မြို့ပြပြောက်ကျား အဖွဲ့ဝင် ၄၀ ခန့် အနည်းဆုံး အဖမ်းခံထားရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)