
မန္တလေးမြို့တွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း တိုက်ခိုက်မှုကြောင့် အရပ်သား ၁ ဦး၊ ဒလန်ဟု ယူဆရသူ ၁ ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှ ၁ ဦး သေဆုံးသည်ဟု မြို့ခံများထံမှ သိရသည်။
နိုဝင်ဘာ ၁၈ တွင် ၃၅လမ်း (၈၅ နှင့် ၈၆လမ်းကြား) မြတောင်ကျောင်းတိုက်အနီး ပြင်းထန်သော ပေါက်ကွဲမှုဖြစ်ပြီး အသက် ၆၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။
သေဆုံးသူသည် လမ်းဘေးတွင် ကော်ဖီထိုင်သောက်နေသူဖြစ်ပြီး အနီးရှိ ကားတစ်စီးလည်း ထိခိုက် ပျက်စီးခဲ့သည်။
အဆိုပါပေါက်ကွဲမှုသည် PDF များက ကထိန်ပွဲကို ဖောက်ခွဲတိုက်ခိုက်ခြင်းဖြစ်သည်ဟု စစ်ကောင်စီ ဝါဒဖြန့်ချန်နယ်တချို့တွင် ထုတ်ပြန်သော်လည်း PDF လက်ချက် မဖြစ်နိုင်ကြောင်း မြို့ခံအချို့က ဆိုသည်။
ဒလန်ဟု ယူဆရသူ
နိုဝင်ဘာ ၂၀၊ နံနက် ၇ နာရီခွဲခန့်တွင် မဟာအောင်မြေမြို့နယ် ၇၆ လမ်း နှင့် ၇၇ လမ်းကြား ( ၃၇ လမ်းနှင့် ၃၈ လမ်း ကြား) ၌ စစ်ကောင်စီသတင်းပေးဟု ယူဆရသူ ကျော်ဇင်ထက်(ခ)ကျော်ကြီးဆိုသူ အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရသည်။
၎င်းသည် အမှတ် (၉) ရဲစခန်းမှ ပြန်လာပြီးနောက် နေအိမ်ရှေ့ ရှမ်းခေါက်ဆွဲရောင်းသည့်ဆိုင်တွင် နံနက်စာ စားနေစဉ် အမျိုးသားနှစ်ဦးက သေနတ်ဖြင့် အနီးကပ် ပစ်ခတ်ခြင်းဖြစ်သည်ဟု မျက်မြင်များကို ကိုးကား၍ မဟာအောင်မြေဒေသခံတစ်ဦးက ဆိုသည်။
“သူ့အိမ်ရှေ့မှာ ရှမ်းခေါက်ဆွဲထိုင်စားနေတာလို့ ပြောတယ်။ အဲဒီကနေမှ ကောင်လေးတွေကလာပြီး ပစ်သတ်သွားတာ။ ရှမ်းခေါက်ဆွဲရောင်းတဲ့ အန်တီကြီးတောင် လန့်ပြီးမေ့လဲသွားတယ်။ အတော်နဲ့ သတိမရဘူး” ဟု ထိုသူက ပြောသည်။
ပွဲချင်းပြီး သေဆုံးသူမှာ အသက် ၂၇ နှစ်အရွယ် ထိုအမျိုးသားမှာ ပါးနှင့် လည်ပင်းတို့တွင် ဒဏ်ရာများ ရှိနေကြောင်း၊ ရဲများနှင့် ဆက်နွယ် ပတ်သက်နေပြီး PDF များက စာပို့၍ အကြိမ်ကြိမ် သတိပေးဖူးသည်ဟု သိရကြောင်း အထက်ပါသတင်းရင်းမြစ်က ဆက်ပြောသည်။
သေဆုံးသူမှာ စစ်ကောင်စီသတင်းပေး ဟုတ်မဟုတ် Myanmar Now အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။
မန္တလေးအခြေစိုက် မြို့ပြပြောက်ကျားအဖွဲ့ဖြစ်သော STF-MDY (Special Task Force-Mandalay) အဖွဲ့က ထိုပစ်ခတ်မှုသည် ၎င်းတို့လက်ချက်ဖြစ်ကြောင်း နိုဝင်ဘာ ၂၀ နေ့လယ်တွင် ထုတ်ပြန်သည်။
ပစ်ခတ်မှုအပြီး ကျော်ကြီးထံမှ လက်ထိတ် ၂ စုံ၊ လျှောတုတ် ၁ ချောင်း၊ ခလုတ်ဓား ၁ လက်နှင့် ငွေ ၄ သိန်းတို့ကို သိမ်းယူခဲ့ကြောင်း၊ ပြောက်ကျားအဖွဲ့သားများ ဘေးကင်းလွတ်မြောက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်
အလားတူ နိုဝင်ဘာ ၁၉ နံနက် ၁၁ နာရီခန့်ကလည်း မဟာအောင်မြေမြို့နယ်၊ သံလျက်မှော်အနောက် ရပ်ကွက် ဒုအုပ်ချုပ်ရေးမှူး အသက် ၄၀ ဝန်းကျင် ဦးထွန်းမြင့်အေးဆိုသူ သေနတ်ဖြင့် နှစ်ချက် ပစ်ခတ်ခံရပြီး ဆေးရုံအပို့တွင် သေဆုံးခဲ့သည်ဟု သတင်းရင်းမြစ်တစ်ခုထံမှ သိရသည်။
ပစ်ခတ်ခံရပြီး နာရီဝက်ကျော်အကြာတွင် စစ်ကောင်စီတပ်သားများရောက်ရှိလာကာ ဖြစ်စဉ်အနီးရှိ နေအိမ်များအား ဝင်ရောက်စစ်ဆေးကာ အနီးနားရှိ မြဧရာလက်ဖက်ရည်ဆိုင်မှ ၆ ဦးကို ရိုက်နှက် ဖမ်းဆီး သွားသည်ဟု မင်းကုန်းရပ်နေထိုင်သူ ထိုသတင်းရင်းမြစ်က ဆိုသည်။
“မြဧရာလက်ဖက်ရည်ဆိုင်က ဝန်ထမ်းတွေရော၊ အမျိုးသမီးတွေရာ ဒူးထောက်ထိုင်ခိုင်းပြီး စစ်ဆေးပြီး ဖမ်းသွားတယ်။ နောက်ဆက်တွဲ ပြန်လွတ်လာလားတော့ မသိရသေးဘူး” ဟု သူက ပြောသည်။
မကြာသေးမီက ဒုအုပ်ချုပ်ရေးမှူး ဖြစ်လာသော ဦးထွန်းမြင့်အေးဆိုသူသည် ပြည်သူ့စစ် ခေါ် ပျူစောထီး သင်တန်းဆင်းထားကြောင်း၊ စစ်ကောင်စီနှင့်ပူးပေါင်းလုပ်ကိုင်နေသူဖြစ်ကြောင်း မန္တလေးအခြေစိုက် Generation Z Power (GZP)အဖွဲ့က ယမန်နေ့က ထုတ်ပြန်သည်။
“ရပ်ကွက်နေပြည်သူများအပေါ် အနိုင်ကျင့်ဗိုလ်ကျနေသော ဒုအုပ်ချုပ်ရေးမှူး ထွန်းမြင့်အေး အား နှုတ်ခမ်းနီ နှစ်တောင့်ဖြင့် ရှင်းလင်းခဲ့ပါသည်” ဟု GZP အဖွဲ့က ဆိုသည်။
ယင်းညနေမှာပင် ချမ်းမြသာစည်မြို့နယ် မြို့သစ် ၁၂၂လမ်းနှင့် ၄၄ လမ်းရှိ နေအိမ်တစ်လုံး ဗုံးပစ် တိုက်ခိုက်ခံရကာ အမျိုးသမီးတစ်ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ပြည်ကြီးတံခွန်မြို့နယ် စက်မှုနယ်မြေရဲစခန်း စခန်းမှူးဆိုသူ မယားငယ်နှင့်အတူ နေထိုင်သောနေအိမ် ဖြစ်ပြီး တိုက်ခိုက်မှုတွင် စခန်းမှူး လွတ်မြောက်သွားပြီး၎င်း၏မယားငယ်ဖြစ်သူသာ ဒဏ်ရာရသွားသည်ဟု Anonymous Force Mdy,Amarapura Truth Keeping Force နှင့်Mandalay Young Force တို့က ထုတ်ပြန်သည်။
အဖမ်းအဆီးများ
မန္တလေးတွင် ယခုရက်ပိုင်းအတွင်း ဒေသကာကွယ်ရေးတပ်ဖွဲ့တို့၏ လှုပ်ရှားမှုများအားကောင်းနေသလို စစ်ကောင်စီကလည်း ၎င်းတို့သံသယဖြစ်သူတို့ကို ဆက်လက် ဖမ်းဆီးနေသည်။
နိုဝင်ဘာ၂၀ နံနက် ၁၁နာရီတွင် ၈၂လမ်း (၃၇ လမ်း နှင့် ၃၈ လမ်းကြား) ရှိ မိုးဝေကျော်လက်ဖက်ရည်ဆိုင် တွင် လက်ဖက်ရည်သောက်နေသည့် ၁၈ နှစ်အရွယ် လူငယ် ၅ ဦးအား စစ်သားသုံးဦး၊ အရပ်ဝတ်တစ်ဦး တို့က လက်နက်အ ပြည့်အစုံဖြင့် လာရောက်ဖမ်းဆီးသွားသည်။
ထိုနေ့ နေ့လယ်မှာပင် ၆၆ လမ်းနှင့် ၃၈လမ်းအနီး လမ်းမပေါ်တွင် အသက်၂၀ကျော်အရွယ် အမျိုးသား နှစ်ဦးနှင့် သက်ကြီးပိုင်းအမျိုးသားတစ်ဦးတို့ကို စစ်ကောင်စီက ကားဖြင့်တိုက်ကာ ဖမ်းဆီးသွားသည်။
နိုဝင်ဘာ ၁၉ ညပိုင်းတွင်လည်း စိန်ပန်းသံနောက်ရပ်မှ စက်ရေတွင်းတူးသူ ဦးကိုလေးဆိုသူကို လာရောက် ဖမ်းဆီးသွားပြီး၊ ကျွဲဆည်ကန်ကားကွင်းအနီး မန်းဝေလှိုင်ဟိုတယ်(၃) တွင်လည်း တည်းခိုနေသူ လူငယ် နှစ်ဦး နှင့် ဟိုတယ် ပိုင်ရှင်တို့ကို ဖမ်းဆီးခဲ့သည်။
နိုဝင်ဘာ ၁၈ တွင်လည်း ၈၂လမ်းနှင့် ၁၉လမ်းကြား၊ မေဃဂီရိရက်ကွက်၊ အကွက်(၁၄၄) ကျီဝင်း အရှေ့ပေါက်အနီးမှ မိသားစုဝင် သုံးဦး ဖမ်းဆီးခံရပြီး ၊နိုဝင်ဘာ ၁၇ တွင်လည်း ကမ်းနားလမ်း ရတနာပုံသင်္ဘောကျင်းမှ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသူ စာရေးအမျိုးသမီးတစ်ဦး တို့ ဖမ်းဆီးခံရသည်။
အထက်ပါဖမ်းဆီးမှုများနှင့်ပတ်သက်ပြီး နောက်ဆက်တွဲသတင်း ထွက်ပေါ်မလာသေးပေ။
ယခုလ မန္တလေးမြို့ပေါ် ဖမ်းဆီးခံရသူအရေအတွက်မှာ CDM ဆရာဝန်များအပါအဝင် ဒေသခံ ၄၀ နီးပါး ရှိနေပြီ ဖြစ်သည်ဟု Myanmar Now က စုံစမ်းသိရှိရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)