သတင်း

လေတပ်က မတ္တရာနယ် ပြောက်ကျားတပ်ဖွဲ့စခန်းကို သွားရောက် တိုက်ခိုက်

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တစ်ခု၏ စခန်းကို စစ်ကောင်စီလေတပ်က ဧပြီ ၈ ရက်နေ့တွင် တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ဧရာဝတီမြစ်ကမ်းဘေး စစ်ကိုင်းတိုင်းနှင့် နီးကပ်စွာ တည်ရှိသည့်၊ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (နဂါးနီပြောက်ကျားတပ်ဖွဲ့)၊ မန္တလေးမြေအောက်တော်လှန်ရေးတပ်ဖွဲ့တို့ အခြေစိုက်ကြသည့် ထိုစခန်းကို လေတပ်က နာရီဝက်ခန့် ပစ်ခတ်ခဲ့သည်ဟု သိရသည်။

ရဟတ်ယာဉ်ပေါ်မှ ဆင်းလာသည့် စစ်သားများက စခန်းကို စီးနင်းကြကြောင်း နဂါးနီပျောက်ကြားတပ်ဖွဲ့ တာဝန်ခံ ကိုသားငယ်က ပြောသည်။

“စခန်းနေရာအတိအကျကို လာပြီး တိုက်ခိုက်တာ ခံလိုက်ရတာပါ။ ဒဏ်ရာပြင်းထန်တာမျိုး မဟုတ်ပေမဲ့ ထိခိုက်သူတွေရှိတာကြောင့် ကျွန်တော်တို့ စခန်းကို ဆုတ်ပေးလိုက်ရတယ်” ဟု သူက ပြောသည်။

ရောက်လာသည့် ရဟတ်ယာဉ် ၄ စီး ရှိပြီး ထိုအထဲမှ ၂ စီးမှာ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်စခန်းမှ ဖြစ်သည်၊ တိုက်ခိုက်မှုအတွင်း ဒဏ်ရာရသည့် တော်လှန်ရေးရဲဘော် ၇ ဦးအနက် ၁ ဦး ဒဏ်ရာပြင်းထန်သဖြင့် ဆေးကုသပေးနေသည်ဟု သိရသည်။

စခန်းမှ ဆုတ်ခွာပြီးနောက် မဟာမိတ်တပ်ဖွဲ့များနှင့်အတူ အင်အားပြန်လည်စုစည်းခဲ့ကြောင်း၊ ထိုနေ့က လေတပ်၏ တိုက်ခိုက်မှုကို မကြာခဏ ရင်ဆိုင်ခဲ့ရကြောင်း ကိုသားငယ်က ပြောသည်။

“ကျွန်တော်တို့စခန်းကို စီးနေတဲ့ကောင်တွေကို ကျွန်တော်တို့ ပြန်တိုက်တဲ့တိုက်ပွဲမှာလည်း လာပစ်သေးတယ်၊ တစ်နေကုန်ပဲ၊ သွားလိုက်ပြန်လိုက် လာပစ်လိုက်နဲ့၊ လူပို့တာရော၊ ရဟတ်ယာဉ်တွေကို အများကြီးပဲ။ မြေပြင်တိုက်ပွဲမှာတော့ ဒီကောင်တွေဘက်က ၂၅ ယောက်လောက်အထိ ကျသွားတယ်လို့ ကျွန်တော်တို့ အတည်ပြုထားတယ်” ဟု သူက ပြောသည်။

စစ်ကောင်စီတပ်သည် ထိခိုက်ဒဏ်ရာရသူများ၊ ရုပ်အလောင်းများ၊ စခန်းအတွင်းမှ ပစ္စည်းများကို စက်လှေများပေါ် တင်ကာ ၉ ရက်နေ့ နံနက် ၃ နာရီခန့်တွင် ဧရာဝတီမြစ်ကြောင်းမှ ပြန်လည်ထွက်ခွာသွားသည်ဟု သိရသည်။

တော်လှန်ရေးအဖွဲ့ဝင်များ စခန်းသို့ ပြန်ရောက်သည့်အခါ စစ်ကောင်စီတပ်၏ ယူနီဖောင်းတချို့၊ ထိခိုက်ဒဏ်ရာရသူတို့ကို ကုသမှုပေးထားသည့် အသုံးအဆောင်ပစ္စည်းများကို တွေ့ရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ၏ ဝါဒဖြန့် အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာရှိ ဓာတ်ပုံများတွင် ထိုစခန်းမှ သိမ်းနိုင်ခဲ့သည်ဟုဆိုသော ဗုံးသီး၊ မိုင်းအများအပြား၊ သေနတ်တချို့၊ ဆက်သွယ်ရေးစကားပြောစက် ၄ လုံး၊ ယူနီဖောင်းများကို တွေ့ရသည်။ လက်နက်ခဲယမ်းများမှာ ဒေသတွင်း ပြုလုပ်ထားခြင်းဖြစ်သည်။

စခန်းစီးနင်းမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းတရားဝင်ထုတ်ပြန်ခြင်း မရှိသေးသလို စစ်သား ၂၅ ဦး သေဆုံးသည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

စစ်သားများက လေကြောင်းမှ ရုတ်တရက် ရောက်သွားသဖြင့် မိုင်းထောင်တိုက်ခိုက်ခြင်း မခံရသလို တော်လှန်ရေးအဖွဲ့စခန်းကို အလစ်အငိုက်တွင် တိုက်ခိုက်နိုင်ခြင်းကဲ့သို့သော အားသာချက်မျိုး စစ်ကောင်စီတပ်တွင် ရှိနေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button