သတင်း

Fact-Check | ‘ရခိုင်လူငယ်တစ်ဦးအား ဗမာများမှဝိုင်းရိုက်’ ဆိုသည်မှာ သတင်းမှားဖြစ်

လှိုင်သာယာ မီးခွက်စျေးအနီး ‘ရခိုင်လူငယ်တစ်ဦးကို ဗမာများကဝိုင်းရိုက်’ ဆိုသည့် သတင်းသည် သတင်းမှားဖြစ်သည်။ အဖြစ်မှန်မှာ မွန်ပြည်နယ် မော်လမြိုင်မြို့ လမ်းလျှောက်ညစျေးတွင်ဖြစ်ပွားခဲ့သည့် ဆိုင်ကယ်မတော်တဆမှုဖြစ်ပြီး အဆိုပါသတင်းမှ ဓာတ်ပုံများကိုအသုံးပြုထားကာ လိုရာဆွဲ၊ ပုံဖျက် ရေးသားထားခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၂၇ ရက်ညပိုင်းတွင် အဆိုပါသတင်းမှား ပျံ့နှံခဲ့ပြီး စတင်ဖြန့်ဝေခဲ့သည့် Post မှာပင် ပြန်လည်မျှဝေမှု သုံးထောင်ကျော်ရှိခဲ့ပြီး မှတ်ချက်ရေးသားသူပေါင်း တစ်ထောင်ကျော်ရှိခဲ့သည်။ အဆိုပါသတင်းမှားမှ ဓာတ်ပုံများကို Myanmar Now က စစ်ဆေးကြည့်ရာ အရေးပေါ်လူနာတင်ယာဉ်တွင် Mawlamyine (မော်လမြိုင်) ဆိုသည့် စကားလုံး၏ အစစာလုံး လေးလုံးကို တွေ့ရှိရသည်။

ကားတွင် Mawlamyaing နာမည်မှအစ စာလုံးများကို မြင်ရသည်။

Google Image Search ရလဒ်များအရ ဖေဖော်ဝါရီ ၁၆ ရက်က မွန်ပြည်နယ်သတင်းစုံဆိုသည့် Facebook Page မှ တင်ထားသည့် ဓာတ်ပုံများဖြစ်ကြောင်း တွေ့ရပြီး မူလသတင်းအကြောင်းအရာသည် မော်လမြိုင်မြို့ လမ်းလျှောက်ညစျေးတွင် ဖြစ်ပွားခဲ့သည့် ဆိုင်ကယ်မတော်တဆမှုဖြစ်ပွားသည့် အကြောင်းအရာဖြစ်ကြောင်း တွေ့ရှိရသည်။

မွန်ပြည်နယ် သတင်းစုံက တင်ထားသည့် သတင်း

မော်လမြိုင် လူမှုကယ်ဆယ်ရေးအဖွဲ့ကို Myanmar Now က ဆက်သွယ်မေးမြန်းကြည့်ရာတွင်လည်း မော်လမြိုင်ကမ်းနားလမ်းတွင် ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုဖြစ်ကြောင်း အတည်ပြုသည်။

“အဲ့ဒါက ကျွန်တော်တို့ မော်လမြိုင်ကမ်းနားလမ်းမှာ Walking Street ပွဲရှိတယ်။ Walking Street ပွဲက ဆိုင်ကယ်တွေ အထဲဝင်လို့မရဘူး၊ လမ်းတွေပိတ်ထားတယ်။ လမ်းတွေပိတ်ထားတဲ့ ကြားထဲမှာမှ အဲ့ဆိုင်ကယ်သမားက မောင်းပြီးဝင်လိုက်တာပေါ့။ မောင်းဝင်လိုက်တဲ့အခါမှာတော့ ကလေး နှစ်ယောက်ကိုသူသွားတိုက်မိတာ၊ သွားတိုက်မိတဲ့အခါကျတော့ အဲ့ဒီမှာထိခိုက်ဒဏ်ရာတွေရကုန်တာ” လို့ မော်လမြိုင်လူမှုကယ်ဆယ်ရေးအဖွဲ့က အဖွဲ့ဝင် ကိုအောင်သန်းထွန်းက ပြောသည်။

သတင်းမှားကို ပထမဆုံး စ၍ဖြန့်ခဲ့သည်ဟု ယူဆရသည့် Post

ရန်ကုန်၊ လှိုင်သာယာမြို့နယ်သည် စက်ရုံများတွင် နယ်ဒေသအသီးသီးမှ လာရောက်အလုပ်လုပ်သူများနှင့် ကျပ်ညပ်နေပြီး ရခိုင်ပြည်နယ်မှ လာရောက်အလုပ်လုပ်နေသူများလည်း များစွာရှိသည်။ ထို့ပြင် ဒုစရိုက်မှုဖြစ်ပွားနှုန်းမြင့်သည့်မြို့နယ်လည်း ဖြစ်သည့်အတွက် ထိုနေရာကို ‘တည်ချက်ထား၍’ သတင်းမှားများ ပျံ့နှံ့ပါက ပို၍ အန္တရာယ်ရှိသည့်အခြေအနေတွင် ရှိသည်။

လက်ရှိတွင် သတင်းမှားစတင်ပျံနှံခဲ့သည့် Post သည် Facebook ပေါ်တွင် မရှိတော့ပေ။ သို့သော် အဆိုပါသတင်းမှားအကြောင်းအရာကို ထပ်ဆင့်ကူးယူဖော်ပြနေကြပြီး သတင်းမှားမှာ ဆက်လက်ပျံ့နှံ့နေဆဲဖြစ်သည်။

Show More

Related Articles

Back to top button