သတင်း

ခြေဥပြင်ဆင်ရေး စတင်ဆွေးနွေးသည့်နေ့ ပျက်ကွက်သူ ၄၄ ဦးရှိ

အခြေခံဥပဒေပြင်ဆင်ရေး စတင်ဆွေးနွေးသည့် ယနေ့ (ဖေဖော်ဝါရီ ၂၅ ရက်) တွင် ပြည်ထောင်စုလွှတ်တော်သို့ ခွင့်တိုင်ကြားသူ ၄၄ ဦးအထိရှိခဲ့ပြီး ၎င်းတို့အနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က အများဆုံးဖြစ်သည်။

ယနေ့မှ ခွင့်တိုင်ကြားသူ ၃၃ ဦးနှင့် ယခင်ကတည်းက ခွင့်ပန်ကြားထားသူ ၁၀ ဦးလည်း ရှိနေသေးသည်ဟု ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီကဆိုသော်လည်း မည်သူတို့ ဖြစ်သည်ကိုမူ မသိရသေးပေ။

ခွင့်ယူသူများထဲတွင် NLD က ၁၀ ဦးဖြင့် အများဆုံးဖြစ်သည်။ ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်ကို Myanmar Now က မေးမြန်းသည့်အခါ အရေးကြီးသောနေ့မျိုးတွင် ပါတီဝင်များကို မပျက်မကွက်တက်ရောက်ရန် ညွှန်ကြားထားမှုရှိသော်လည်း သာရေး၊ နာရေး၊ ကျန်းမာရေးကဲ့သို့သော ကိစ္စများကိုမူ ခွင့်ပြုထားသည်ဟု ဆိုသည်။

ပျက်ကွက်မှုစာရင်းတွင် ရခိုင်အမျိုးသားပါတီက ဒုတိယလိုက်ပြီး ၈ ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီက ၆ ဦးဖြင့် တတိယအများဆုံးဖြစ်သည်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ၄ ဦးလည်း ပါဝင်သည်။

ယင်းတို့အပြင် လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊ ဝ ဒီမိုကရက်တစ်ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်တို့ကလည်း တစ်ဦးစီ ပျက်ကွက်သည်။

ဖွဲ့စည်းပုံပြင်ဆင်ရေးဆွေးနွေးမှုများကို ယနေ့ ဖေဖော်ဝါရီ ၂၅ ရက်မှ မတ် ၅ ရက်အတွင်း အပြီးသတ်ဆောင်ရွက်ရန် ပြည်ထောင်စုလွှတ်တော်၌ စီစဉ်ထားခြင်းဖြစ်သည်။

ပြင်ဆင်ချက်တစ်ခု အတည်ဖြစ်လိုလျှင် ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမဲရရန်လိုအပ်သည့် ပြည်ထောင်စုလွှတ်တော်၌ ကွယ်လွန်သူများ၊ ပြစ်ဒဏ်ကျသူများ၊ ရွေးကောက်ပွဲမကျင်းပဖြစ်သေးသည့်နေရာများ ရှိနေခြင်းကြောင့် ရွေးကောက်ခံအမတ်အင်အားထဲမှ ၁၂ ဦး လျော့နည်းနေပြီးလည်းဖြစ်သည်။

ထိုအခြေအနေတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အချိန်မရွေး လူစားထိုးလဲလှယ်နိုင်သည့် တပ်မတော်သားဦးရေက အင်ပြည့်အားပြည့်သာရှိနေ၍ အများသိထားသည့် ၂၅ ရာခိုင်နှုန်းသော မဲပေးခွင့်ထက် ကျော်လွန်နေသည့် အခြေအနေတွင်ရှိသည်။

အစည်းအဝေးပျက်ကွက်သူဦးရေ မပါဝင်သေးချိန်တွင်ပင် တပ်မတော်က မူလရှိထားသည့် မဲအရေအတွက်ထက် ၂ မဲ ပိုမိုအသာစီးရနှင့်ပြီးဖြစ်သည်။

Show More

Related Articles

Back to top button