သတင်း

အရပ်သားအမတ်နည်းနေ၍ ခြေဥပြင်ရေးမဲခွဲလျှင် တပ်မတော်သားက ၂၅ ရာခိုင်နှုန်းကျော်နေမည်

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး မဲခွဲဆုံးဖြတ်ရန်ရှိချိန်တွင် ရွေးကောက်ခံအမတ်အင်အားမှာ ရှိရမည့်အရေအတွက်ထက် နည်းနေသဖြင့် တပ်မတော်သားကိုယ်စားလှယ်မှာ ၂၅ ရာခိုင်နှုန်းထက် ပိုများသွားကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီထံမှရရှိသည့် စာရင်းအရ သိရသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စုလွှတ်တော်၌ ရွေးကောက်ခံအမတ် စုစုပေါင်း ၄၉၈ ဦး ရှိရမည်ဖြစ်သော်လည်း လက်ရှိတွင် ၄၈၆ ဦးသာ ရှိနေသည်။

၂၀၁၅ ရွေးကောက်ပွဲ မကျင်းပဖြစ်သည့်နေရာများ၊ ကွယ်လွန်၊ ပြစ်ဒဏ်ကျနှင့် အမှုရင်ဆိုင်နေရသူများကြောင့် ရွေးကောက်ခံအမတ် စုစုပေါင်းမှာ ရှိရမည့် ဦးရေထက် ၁၂ ဦး လျော့နည်းနေခြင်းဖြစ်သည်။

အဆိုပါအခြေအနေတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အချိန်မရွေးလူစားထိုးလဲလှယ်နိုင်သည့် တပ်မတော်သားကိုယ်စားလှယ်အရေအတွက်မှာမူ ၁၆၆ ဦးဖြင့် မူလအတိုင်းရှိနေသည်။

ထို့ကြောင့် တပ်မတော်သားတို့က မူလရရှိထားသည့် ဆန္ဒပေးခွင့် ၂၅ ရာခိုင်နှုန်းထက် ၀.၃၈ရာခိုင်နှုန်း(လူအရေအတွက်အားဖြင့် ၂ဦး/၂မဲ) ပိုမိုနေကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာလှမိုးက Myanmar Now ကိုပြောသည်။

မိုင်းရယ်မြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးစိုင်းသီဟကျော်ကို မေးမြန်းရာတွင်လည်း “ဟုတ်ပါတယ်။ ဟုတ်တယ်။ အခုကတော့ ဒီအခြေအနေကို ပြင်ဆင်ပြောင်းလဲဖို့ နည်းလမ်းမရှိပါဘူး” ဟု ဆိုသည်။

ပြည်ထောင်စုလွှတ်တော်အတွင်း အခြေခံဥပဒေပြင်ဆင်ရေး လုပ်ငန်းစဉ်များမှာ ၂၀၂၀ ဖေဖော်ဝါရီလ ၂၅ ရက်မှ မတ်လ ၅ ရက်အတွင်း အပြီးသတ်ရန် သတ်မှတ်ထားသည်။

အဆိုပါကာလအတွင်း ပြင်ဆင်ရန်အဆိုပြုချက် ၁၄၂ ချက်ကို ဆွေးနွေးဆုံးဖြတ်ရန် စီစဉ်ထားခြင်းဖြစ်သည်။

လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်လိုပါက ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်၏ ထောက်ခံမှုရရန် လိုအပ်သည်။

ထိုအခြေအနေတွင် ရွေးကောက်ခံအမတ်များ၏ မဲပေးပိုင်ခွင့်အချိုးမှာ ၇၅ ရာခိုင်နှုန်းအောက် လျော့နည်းနေသဖြင့် တိုင်းရင်းသားတို့ လိုလားသည့် အခြေခံဥပဒေပြင်ဆင်ရေးမျှော်လင့်ချက် ပိုမိုမှေးမှန်လာဖွယ်ရှိသည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်လည်းဖြစ်သူ ဦးစိုင်းသီဟကျော်က သုံးသပ်သည်။

“ခွင့်ယူတဲ့သူတွေ ပျက်ကွက်တဲ့သူတွေ ရှိနိုင်ပါသေးတယ်။ ပြီးခဲ့တဲ့သက်တမ်း(၂၀၁၀-၂၀၁၅ )တုန်းကတော့ ပျက်ကွက်တဲ့သူတွေရဲ့ဆန္ဒမဲကို ကန့်ကွက်အဖြစ် သတ်မှတ်ပါတယ်။ အခု နာယကက ဘယ်လိုသတ်မှတ်မလဲတော့ မသိသေးဘူး”ဟု ၎င်းက ပြောသည်။

ဦးစိုင်းသီဟကျော်သည် ပြီးခဲ့သည့် ပထမအကြိမ်လွှတ်တော်သက်တမ်း (၂၀၁၀-၂၀၁၅)တွင်လည်း မိုင်းရယ်မဲဆန္ဒနယ်၌ပင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရသူဖြစ်သည်။

ပုံမှန်ထက်ပို၍ မဲအသာစီးရနေသည့် အထက်ပါအခြေအနေများနှင့်စပ်လျဉ်း၍ တပ်မတော်၏သဘောထားကို Myanmar Now က မေးမြန်းသည့်အခါ “အခြေခံဥပဒေပြင်ဆင်နိုင်ဖို့ လိုအပ်တဲ့မဲအရေအတွက်က အစီရင်ခံစာထဲမှာ ဖော်ပြထားတဲ့အတိုင်းပါပဲ။ အဲဒီမဲအရေအတွက်ရမှ ပြင်ဆင်ချက်တွေအတည်ဖြစ်မှာပါ” ဟူ၍သာ ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းက ပြောသည်။

ပြည်ထောင်စုလွှတ်တော်သို့ ဖေဖော်ဝါရီ ၅ ရက်စွဲဖြင့် တင်သွင်းသည့် အခြေခံဥပဒေပြင်ဆင်ရေး ဥပဒေမူကြမ်းများ လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာကို ၎င်းက ရည်ညွှန်းခြင်းဖြစ်သည်။

အဆိုပါအစီရင်ခံစာ၌ အခြေခံဥပဒေပြင်ဆင်ရာတွင် လိုအပ်သည့် မဲအရေအတွက်ကို ဖော်ပြထားခြင်းဖြစ်ပြီး ၄၉၁ ဦးကျော်ထောက်ခံမှသာ အတည်ပြုနိုင်မည်ဟု ဆိုထားသည်။

လက်ရှိပြည်ထောင်စုလွှတ်တော်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က ၃၈၂ ဦးဖြင့် အများဆုံးရှိနေပြီး တပ်မတော်က ၁၆၆ဦးဖြင့် ဒုတိယအင်အားအကြီးဆုံးအဖြစ် ရပ်တည်နေသည်။ အခြားသောပါတီများနှင့် တစ်သီးပုဂ္ဂလတို့၏ အင်အားစုစုပေါင်းမှာ ၁၀၄ ဦးသာရှိသည်။

Show More

Related Articles

Back to top button