
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ တပ်မတော် လေ့ကျင့်ရေးတပ်ရောက် အသက်မပြည့်သေးသော၊ အကြားအာရုံ မသန်စွမ်းသော မောင်သက်မင်းပိုင်သည် တပ်မှ ထွက်ခွင့်ရသောကြောင့် ယနေ့ နေ့လယ်ပိုင်းက နေအိမ်သို့ ပြန်ရောက်သွားပြီဖြစ်ကြောင်း မိသားစုထံမှ နိုဝင်ဘာ ၂ဝ ရက်နေ့တွင် သိရသည်။
တပ်မတော်က ၎င်းကို လိုအပ်သည့် ကျန်းမာရေး စစ်ဆေးမှုများ လုပ်ဆောင်အပြီး မွန်းလွဲ ၁၂ နာရီခန့်တွင် မိသားစုထံ ပြန်လည် လွှဲပြောင်းပေးခဲ့သည်ဟု ၎င်း၏ အဒေါ်တော်စပ်သူ ဒေါ်ဇင်မာထွေးက ပြောသည်။
“၁၂ နာရီလောက်မှာ ဆေးစစ်တာ ပြီးသွားတာပေါ့။ လွှဲပြောင်း အပ်တဲ့ စာရွက်စာတမ်းတွေ ပေးတယ်။ စာရွက် စာတမ်းတွေထဲမှာတော့ တပ်ထဲကို ဒီကလေးက ထပ်ပြီး ဝင်ရောက်လို့ မရတော့ဘူး ဆိုပြီးတော့ ပါတယ်” ဟု ဒေါ်ဇင်မာထွေးက ပြောသည်။
အသက်မွေး လုပ်ငန်း
မောင်သက်မင်းပိုင် အကြားအာရုံ မသန်စွမ်းသူ ဖြစ်ကြောင်း အသိအမှတ်ပြု လက်မှတ်ကို ၂၀၁၂ ခုနှစ်တွင် ထုတ်ပေးခဲ့သူမှာ မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ ရေကြည်မြို့နယ် ဥက္ကဋ္ဌ ဦးလှမျိုးအောင် ဖြစ်သည်။
နေအိမ်သို့ ပြန်လည်ရောက်ရှိလာပြီ ဖြစ်သော်လည်း ကျောင်းပညာရေး ဆက်လက်သင်ယူရန် ခက်ခဲသည့် အသက်အရွယ်ဖြစ်နေသော မောင်သက်မင်းပိုင်ကို ၎င်းတို့အဖွဲ့က အသက်မွေးဝမ်း ကျောင်း သင်တန်းတစ်ခု တက်ရောက်နိုင်ရန် ကူညီ ထောက်ပံ့လိုသည်ဟု ပြောသည်။
“ဒီသင်တန်းတွေ တက်ဖို့အတွက် ဒီကနေသွားတဲ့ ကားခကနေ စပြီးတော့ ပြန်တဲ့ ကားခ အထိ အားလုံး၊ ဟိုမှာ နေစရိတ် စားစရိတ်တွေကလည်း အခမဲ့ သူ့ဘက်က ဆန္ဒရှိတယ် ဆိုရင် ကျွန်တော်တို့ဘက်က လုပ်ပေးဖို့ အဆင်သင့်ပါပဲ” ဟု ၎င်းက ပြောသည်။
အဆိုပါ အဖြစ်အပျက်ကို စုံစမ်း စစ်ဆေးပေးရန်၊ မှန်ကန်ပါက တပ်မှ ပြန်လည်နုတ်ထွက်ခွင့်ရရှိရေး အကူအညီပေးရန် မိခင်ဖြစ်သူ၏ တိုင်ကြားစာကို နေပြည်တော်ရှိ လူမှုဝန်ထမ်း ဦးစီးဌာနနှင့် ရန်ကုန်ရှိ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံ ပေးပို့ခဲ့သည်ဟု မသန်စွမ်းအရေးလှုပ်ရှားနေသူတို့က ပြီးခဲ့တဲ့ဇွန်လအတွင်းက Myanmar Nowကို ပြောသည်။
ပြီးခဲ့တဲ့လပိုင်းအတွင်း အသက်မပြည့်သေးသူတို့ကို တပ်မှ နုတ်ထွက်ခွင့် ပေးခဲ့သော်လည်း မသန်စွမ်းကလေးစစ်သား ပါဝင်မည်ဟု မိသားစုက ယူဆခဲ့သည်။
စိစစ်ခြင်း
ကလေးစစ်သားများ ပပျောက်ရေးအတွက် ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ကလေးစစ်သား ၈၇၇ ဦးကို ၎င်းတို့ အုပ်ထိန်းသူများထံ လွှဲပြောင်းပေးခဲ့ပြီး ဖြစ်သည်ဟု အစိုးရက ကြေညာထားသည်။
တပ်မတော်သို့ ဝင်ရောက်စဉ်တွင် အသက် ၁၈ နှစ် မပြည့်သူများ မပါရှိစေရန် အရိုးဓာတ်မှန်ရိုက်ခြင်းဖြင့် အသက်အရွယ်ပိုင်းခြားသည့် စနစ်ကို အသုံးပြုနေပြီး ကလေးစစ်သား ပပျောက်ရေးအတွက် တိုင်းစစ်ဌာနချုပ်များအစီအစဉ်ဖြင့် သင်တန်း နှစ်လ တစ်ကြိမ် ဖွင့်လှစ် သင်ကြားနေပြီး သင်တန်းတက်ခဲ့သူ တပ်မတော်သား ဦးရေ ၂၉,၅၈၀ ရှိသည်ဟု သိရသည်။