သတင်း

ဗုံးခိုကျင်းပြို၍ ပြင်းထန်ဒဏ်ရာရ ရခိုင်ကလေးငယ် ရန်ကုန်ကလေးဆေးရုံရောက်ရှိ

ဗုံးခိုကျင်းအတွင်း ဝင်ရောက်ပုန်းအောင်းရာမှ မြေစာပိမိပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့သည့် ရခိုင်ပြည်နယ် ကျောက်တော်မြို့မှ အသက် ၁၁ နှစ်အရွယ် ၅ တန်းကျောင်းသူ မစုမြတ်မိုးသည် ရန်ကုန်မြို့ရှိ ဟဲလ်ပင်ကလေးဆေးရုံသို့ ယနေ့ နေ့လယ်ပိုင်းတွင် ရောက်ရှိလာပြီဖြစ်သည်။

ဖေဖော်ဝါရီလ ၉ ရက်က ဂုပ္ပီတောင့်ကျေးရွာအနီးတစ်လျှောက် လက်နက်ကြီးပစ်ခတ်သံများကြားရသဖြင့် နေအိမ်ဝင်းအတွင်းရှိ ဗုံးခိုကျင်းတွင် ဝင်ရောက်ပုန်းခိုနေစဉ် ဗုံးခိုကျင်းအပေါ်သို့ လက်နက်ကြီးကျရောက်ခဲ့ပြီး မြေစာပြိုကျကာ ဒဏ်ရာပြင်းထန်စွာ ရရှိသွားခြင်းဖြစ်ကြောင်း မစုမြတ်မိုး၏ အဒေါ်မကြည်ကြည်ခိုင်က ပြောသည်။

“၁၂ နာရီလောက်မှာ လက်နက်ကြီးကျပြီး အိမ်ပါထိသွားတာ”ဟု ၎င်းကပြောသည်။

မစုမြတ်မိုးအပါအဝင် ကလေး ၃ ဦး ဗုံးခိုကျင်းထဲတွင် ဝင်ရောက်ပုန်းခိုနေခဲ့ပြီး မစုမြတ်မိုးတစ်ဦးသာ ပက်လက်အနေအထားဖြင့် မြေစာများစွာပိမိ၍ ဒဏ်ရာပြင်းထန်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

 “အဆုတ်နဲ့အစာအိမ်မှာ ဒဏ်ရာပြင်းထန်တယ်လို့ စစ်တွေက ဆရာဝန်ကပြောတယ်”ဟု မကြည်ကြည်ခိုင်က ပြောသည်။

မစုမြတ်မိုး၏ ဝမ်းဗိုက်နှင့် ရင်ခေါင်းတို့ကိုခြားထားသော ကြွက်သားလွှာ ပေါက်ပြဲသွားသည့်အပြင် အစာအိမ်သည်လည်း ဘယ်ဘက်ရင်အုံအတွင်းသို့ ကျွံဝင်သွားခဲ့သည်ဟု မစုမြတ်မိုး၏ မိခင် ဒေါ်မိုးဆန်းဦးထံမှ ကြားသိရသည်ဟု ယနေ့ ဆေးရုံသို့ လိုက်ပါပို့ဆောင်ပေးခဲ့သော ရခိုင်အရပ်ဘက်အဖွဲ့အစည်းများကွန်ရက် ဒုတိယအတွင်းရေးမှူး ဦးသန်းကြည်က ပြောသည်။

“ကျင်းပြိုကျတော့ အကုန်ပိသွားတာ လက်ကလေး နှစ်ချောင်းပဲပေါ်တယ်။ အဲ့နားက လူကြီးလေးငါးယောက်နဲ့ ဆယ့်ငါးမိနစ်လောက် အမြန်ဖော်ခဲ့ရတယ်။ နာရီဝက်လောက်ဆိုရင်တော့ သေသွားနိုင်တယ်”ဟု ၎င်းကပြောသည်။

ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်လည်း လာရောက်ကြည့်ရှုခဲ့ပြီး လက်ရှိအချိန်တွင် မစုမြတ်မိုးကို ဆေးရုံတွင် ဆေးများသွင်းထားသည်ဟု ဦးသန်းကြည်ကပြောသည်။

တပ်မတော်နှင့် AA(ရခိုင်တပ်မတော်) နှစ်ဖက်တိုက်ပွဲများကြောင့် ဂုပ္ပီတောင့်ကျေးရွာအနီးတွင် တစ်လလလျှင် တစ်ကြိမ်ခန့် လက်နက်ကြီးများ ကျရောက်လေ့ရှိသည်ဟုလည်း မကြည်ကြည်ခိုင်ကပြောသည်။

ပြီးခဲ့သည့် နှစ်ရက်ကလည်း ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်က မူလတန်းကျောင်းသူတစ်ဦးသည် စာသင်ကျောင်းပေါ်သို့ လက်နက်ကြီးကျရောက်မှုကြောင့် မေးရိုးထိခိုက်သွားပြီး ရန်ကုန်မြို့ရှိ မြောက်ဥက္ကလာပဆေးရုံတွင် တက်ရောက်ကုသနေရသည်။

Show More

Related Articles

Back to top button