သတင်း

ငြိမ်းစုစီဖြင့်တရားစွဲခံရသည့် မန်းအလုပ်သမားဆန္ဒပြပွဲခေါင်းဆောင်များ ဒဏ်ငွေပေးဆောင်

အလုပ်သမားအခွင့်အရေး ဆန္ဒပြမှုတစ်ခုတွင် ဦးဆောင်ပါဝင်ခဲ့သူများကို ဒဏ်ငွေ ကျပ် ၁၀,၀၀၀ (သို့မဟုတ်) ထောင်ခုနစ်ရက် ကျခံစေရန် မန္တလေးမြို့၊ပြည်ကြီးတံခွန်တရားရုံးက ဖေဖော်ဝါရီလ ၂၁ ရက်တွင် အမိန့်ချလိုက်သည်။

မန္တလေးတွင် ပြီးခဲ့သည့်တစ်နှစ်က ပြုလုပ်ခဲ့သောဆန္ဒပြပွဲ၏ အလုပ်သမားခေါင်းဆောင် ၈ ဦးကို တရားစွဲဆိုထားသော်လည်း တစ်ဦးမှာ အမှုမမြောက်၍ တရားသေလွတ်မြောက်ခဲ့ပြီး ကျန် ၇ ဦးကို ယင်းသို့အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ယင်းဆန္ဒပြပွဲအတွက် ခွင့်ပြုမိန့်ရယူခဲ့သော်လည်း ငြိမ်းစုစီပုဒ်မဖြင့် ပြစ်ဒဏ်ချမှတ်ခံရသည့်အပေါ် လက်မခံဟုဆိုကာ ပြစ်ဒဏ်ချခံရသူများက ထောင်ဒဏ်ကိုရွေးချယ်ခဲ့သော်လည်း နောက်ဆုံးတွင် အလုပ်သမားသမဂ္ဂဥက္ကဋ္ဌ၏ ဆုံးဖြတ်ချက်အရ ငွေဒဏ်ကိုသာ ရွေးချယ်ခဲ့သည်။

ထောင်ဒဏ်ကိုရွေးချယ်ဖို့ ကျွန်တော်တို့ဆုံးဖြတ်တယ်။ သို့သော် ညီလာခံနီးနေတဲ့အတွက် ကျွန်တော်တို့ လုပ်စရာတွေရှိတယ်။ ဒါ့ကြောင့် သမဂ္ဂရဲ့ ဆုံးဖြတ်ချက်အရ ငွေဒဏ်ကို ရွေးလိုက်တာပါဟု မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားများသမဂ္ဂအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူးချုပ် ကိုသက်နှင်းအောင်က ပြောသည်

အဆိုပါ ဆန္ဒပြပွဲအတွက် ခွင့်ပြုမိန့်ရယူခဲ့သော်လည်း ဆန္ဒပြခေါင်းဆောင်များအနက် အချို့သည် မန္တလေးတိုင်းအတွင်းမှ သမဂ္ဂခေါင်းဆောင်များ မဟုတ်သည့်အတွက် တရားစွဲဆိုခံရခြင်းဖြစ်ကြောင်း ဆန္ဒပြခေါင်းဆောင်တစ်ဦးဖြစ်သည့် ရန်ကုန်တိုင်ရီ ဖိနပ်စက်ရုံမှ အလုပ်သမားခေါင်းဆောင် မစုစုနိုင်က ပြောသည်။

ပြည်ကြီးတံခွန်မြို့နယ် တရားသူကြီး ဦးအောင်ကျော်ဦးကမူ “သူတို့က ဒေသန္တရစည်းကမ်းချက်တွေကို ဖောက်ဖျက်တာပါ။ စည်းကမ်းချက်ထဲမှာ မန္တလေးမှတ်ပုံတင် ကိုင်ဆောင်ထားသူ၊ မန္တလေးမှာ အမှန်တကယ်နေထိုင်သူမှသာ ဆန္ဒဖော်ထုတ်ခွင့်ပြုမယ်ဆိုပြီး လုပ်ထားတာရှိတယ်၊ အဲဒီလိုရှိတာကြောင့် သူတို့ကို ခွင့်ပြုမိန့်မပေးခဲ့ပါဘူး။ ဒါကို ဆန္ဒထုတ်ဖော်ခဲ့ကြတာကြောင့် ရဲကနေ တရားစွဲခဲ့တာဖြစ်ပါတယ်” ဟု ဆိုသည်။

ဆန္ဒပြ အလုပ်သမားခေါင်းဆောင် ရှစ်ဦးဖြစ်သည့် ကိုနေလင်းအောင် ဦးသောင်းညွန့်၊ ဒေါ်စိုးနန္ဒာမြင့် ဒေါ်ဖြိုးစန္ဒာစိုး၊ ဦးတင့်ရှိန်စိုး၊ ကိုသက်နှင်းအောင် ကိုသူရ ဒေါ်သန်းသန်းမြင့် () ဒေါ်စုစုနိုင် တို့အား ပြည်ကြီးတံခွန်မြို့နယ် ရဲတပ်ဖွဲ့မှူးက ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်က တရားစွဲဆိုခဲ့ပြီး ဦးသောင်းညွန့်မှာ တရားသေလွတ်မြောက်ခဲ့သည်။

ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့က မန္တလေးမြို့တွင် ပြုလုပ်ခဲ့သော အဆိုပါဆန္ဒပြပွဲတွင် အလုပ်သမားတရားရုံးများ ပေါ်ပေါက်ရေး၊ လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့်ပေးရေး၊ နိုင်ငံ့ဝန်ထမ်းများအား အလုပ်သမားအငြင်းပွားမှုဥပဒေတွင် ထည့်သွင်းပေးရေး စသည့်အချက်များကို တောင်းဆိုခဲ့ကြသည်။

Show More

Related Articles

Back to top button