သတင်း

မီးလောင်ခဲ့သည့် သံဈေးတွင် ပိတ်မိနေသူ ၈၅ ဦးကို အဖိတ်အစဉ်မရှိ ကယ်နိုင်ခဲ့

ရန်ကုန်မြို့လယ်မှ လူစည်ကားသည့် သံဈေးတွင် သုံးနာရီကြာ လောင်ကျွမ်းခဲ့သည့် အဆင့် ၅ မီးအတွင်း ပိတ်မိနေသူ ၈၅ ဦးကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ ရှာဖွေကယ်ဆယ်ရေးအထူးအဖွဲ့က အဖိတ်အစဉ်မရှိ အောင်မြင်စွာ ရှာဖွေကယ်တင်နိုင်ခဲ့သည်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့ လသာမြို့နယ်ရှိ သံဈေးဖွင့်ချိန် နံနက် ၆ နာရီခန့်မှ မီးစလောင်ခဲ့ပြီး သုံးနာရီနီးပါးကြာမှ မီးငြိမ်းသွားခဲ့သည်။ သံဈေးတွင် Yangon Book Plaza ကဲ့သို့သော လူသိများသည့် စာအုပ်ဆိုင်များအပါအဝင် လူသုံးကုန်နှင့် စားသောက်ကုန်အရောင်းဆိုင် အများအပြားဖွင့်လှစ်ထားပြီး လူနေတိုက်ခန်းများလည်း ရှိသည်။

မီးသတ်ဌာနမှ ယာဉ် ၁၀၀ ကျော်နှင့် မီးသတ်လုပ်သားစုစုပေါင်း ၉၀၀ ဝန်းကျင် ပါဝင်ငြှိမ်းသတ်ခဲ့ရသည်အထိ မီးပြင်းခဲ့သည့်အတွက် စတင်လောင်ကျွမ်းပြီး မိနစ်ပိုင်းအတွင်း မီးသတ်တပ်ဖွဲ့က “မီးလောင်ကျွမ်းမှုအဆင့် ၅” အဖြစ် သတ်မှတ်ငြှိမ်းသတ်ခဲ့ရသည်။

မီးစလောင်ခဲ့သည့် အကြောင်းရင်းနှင့် ဆုံးရှုံးမှုတန်ဖိုးကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့က ဆိုသည်။

မီးလောင်သွားသည့် နေရာအများစုသည် ကုန်ပစ္စည်းသိုလှောင်ရုံများဖြစ်သည့်အပြင် လေထွက်ပေါက်မရှိခြင်းကြောင့် မီးအရှိန်ကို ပိုမြင့်စေခဲ့သည်ဟု ကယ်ဆယ်ရေးသမားများနှင့် မီးသတ်သမားများက ပြောသည်။

မီးသတ်သမားများက ပိတ်မိနေသူများအား ကယ်တင်နေစဉ် (ဓာတ်ပုံ – မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့)

သံဈေးပဉ္စမထပ်တွင် ဖွင့်လှစ်ထားသည့် Yangon Book Plaza ကို မီးကူးစက်ခြင်း မရှိသော်လည်း ရေများဝင်ရောက်ခဲ့သည်ဟု သိရကြောင်း ဖွင့်လှစ်ထားသူ ကိုစန်းမွန်အောင်က ဆိုသည်။

မီးသည် ၁၀ ထပ်ခန့်မြင့်သော သံဈေး၏ ဒုတိယထပ်မှ စလောင်ခဲ့သည်ဟု ကနဦးမြေပြင်သတင်းများက ဆိုသည်။ မီးသည် စတုတ္ထထပ်အထိ ကူးခဲ့ပြီးနောက် အပေါ်ထပ်များတွင် နေထိုင်သူအများအပြား ပိတ်မိနေခဲ့ကြသည်။

အထပ်မြင့်တွင် ပိတ်မိနေကြသူများအား မီးသတ်သမားများက မိုးမျှော်ကယ်ဆယ်ရေးကရိန်းများနှင့် ခေါက်တုံ့ခေါက်ပြန် ကယ်ဆယ်ခဲ့ကြရသည်။ ထို့အပြင် သံဈေးနှင့်ကပ်လျက် အထပ်မြင့်အဆောက်အအုံ၏ ခေါင်မိုးပေါ်သို့ မီးသတ်သမားများက တက်သွားခဲ့ပြီး ပိတ်မိနေသူများအား ကယ်ထုတ်ခဲ့ရသည်။

မီးသတ်တပ်ဖွဲ့က ထုတ်ပြန်သည့် ဓာတ်ပုံများတွင် ကယ်ဆယ်ရေးသမားများက ပိတ်မိနေသူများအား ပြတင်းပေါက်မှတစ်ဆင့် အဝတ်များကို ကြိုးအဖြစ်သုံးကာ ဈေးနှင့်ကပ်လျက် အထပ်မြင့်အဆောက်အအုံ၏ ခေါင်မိုးပေါ်သို့ တွယ်ဆင်းစေခဲ့ပြီး ကယ်ဆယ်ခဲ့ကြသည်။

သုံးနာရီနီးပါးကြာ လောင်ကျွမ်းခဲ့သည့် သံစျေးမီးကို “မီးလောင်ကျွမ်းမှုအဆင့်ငါး”အဖြစ် သတ်မှတ်ငြှိမ်းသတ်ခဲ့ရသည် (ဓာတ်ပုံ – စိုင်းဇော် / Myanmar Now)

ကယ်ဆယ်ရေးသမားများက အောင်မြင်စွာကယ်တင်နိုင်ခဲ့သူ ၈၅ ဦးအနက်မှ ကလေးနှစ်ဦးအပါအဝင် ၁၅ ဦးသည် မီးခိုးမွှန်၍ ဒဏ်ရာအနည်းငယ်ရရှိသဖြင့် သံဈေးအနီးရှိ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင်ဆေးဝါးကုသမှု ခံယူနေကြရသည်။

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ကယ်တင်ခဲ့သူ ၈၅ ဦးအနက် အသက် ၉၂ နှစ်အရွယ် အဘိုးအိုတစ်ဦးလည်း ပါဝင်ခဲ့ကြောင်းနှင့် ဆေးကုသမှုခံယူအပြီး သူ၏ကျန်းမာရေးသည် တိုးတက်ကောင်းမွန်လာကြောင်းလည်း မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

လက်ရှိ သံဈေးအဆောက်အအုံကို ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း တည်ဆောက်ခဲ့သည်။

 

Show More

Related Articles

Back to top button