ယနေ့ (ဧပြီ ၁၁) နံနက်ပိုင်းက စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသော ကလေးနှင့် အမျိုးသမီးများအပါအဝင် လူပေါင်း ၈၀ ကျော်၏ ရုပ်အလောင်းများ ရှာဖွေ သင်္ဂြိုဟ်နေသည့် နေရာကို ညနေပိုင်းတွင် စစ်ကောင်စီလေတပ်က ထပ်မံ ဗုံးကြဲ တိုက်ခိုက်ခဲ့သည်ဟု ဒေသခံ သတင်းရင်းမြစ်များက ပြောသည်။
ဂျက်လေယာဉ်တစ်စီး ရွာကို ၃ ခေါက်ပတ်ကာ ဗုံး ၁၂ လုံး ချသွားသည်ဟု အခင်းဖြစ်ရာနေရာတွင် ရောက်နေသည့် ကိုဘီအီး အမည်ရှိ လက်နက်ကိုင်တော်လှန်ရေးသမားတစ်ဦးက ပြောသည်။
“မနက်ကနေရာမှာပဲ အလောင်းတွေကောက်ပြီး မီးရှို့နေတာ။ အဲ့ဒီအချိန်မှာ ဂျက်တက်လာတယ်ဆိုတာကို သတင်းရလိုက်လို့ အကာအကွယ်ရှိတဲ့နေရာတွေကို ပြေးပုန်းကြရတာ။ သီသီလေးပဲ။ ကျွန်တော်လည်း အကာအကွယ်အရောက် ဗုံးချတာပဲ” ဟု သူက ပြောသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ ကန့်ဘလူခရိုင် တပ်ရင်း (၄) တာဝန်ရှိသူ အမျိုးသားကလည်း ရုန်းရင်းဆန်ခတ်ဖြစ်နေပြီး ပုန်းရှောင်နေရခြင်းကြောင့် ထိခိုက်မှုအခြေအနေကို မသိနိုင်သေးဟု ပြောသည်။
“အလောင်းကောက်နေတဲ့သူတွေကို လိုက်ပစ်တာ။ အချက်ရေတောင် မမှတ်မိလိုက်ဘူး။ ပြေးလွှားနေကြရတာ။ အထိအခိုက်တော့ မသိရသေးဘူး။ လူမြင်ရင် ခွပစ်တာ (ဦးတည်ပစ်တာ) ပဲဗျ။ တစ်ယောက်နှစ်ယောက်ကို ဘယ်နားမြင်မြင် ပစ်တော့တာ” ဟု ပြောသည်။
အခြားတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုဘလိတ်ကလည်း စစ်ကောင်စီလေတပ်၏ ယနေ့ညနေ ဗုံးကြဲမှုကို အဝေးမှ လှမ်းမြင်လိုက်ရကြောင်း၊ စစ်ကောင်စီ၏ မြေပြင်တပ် ကင်းပုန်းဝပ်တတ်သဖြင့် ထိုနေရာသို့ သွားရောက်နိုင်ခြင်းမရှိသေးကြောင်း ပြောသည်။
“ကင်းပုန်းတက်ဝပ်တာတွေ ရှိနေတော့ အရမ်းမကပ်ရဲသေးဘူး။ အခုလို တစ်နေရာတည်းကို ထပ်လုပ်တာက ကျွန်တော်ယူဆတာက သူတို့ ဒီနေရာကို တော်လှန်ရေးတပ်ဖွဲ့တွေ ရှင်းလင်းရေး ဝင်နေတာကို သိမှာပေါ့။ မနက်က ကြဲတော့ တော်လှန်ရေးတပ်ဖွဲ့တွေမပါဘဲ အရပ်သားပြည်သူတွေ ထိသွားတယ်။ အဲ့ဒီနေရာကို တော်လှန်ရေးအဖွဲ့တွေ ရောက်နေတယ်ဆိုလို့ ထပ်လုပ်တာ” ဟု ကိုဘလိတ်က ပြောသည်။
ဒုတိယအကြိမ်ပစ်ခတ်မှုများသည် ညနေ ၅ နာရီ ၃၈ မိနစ်တွင် ဖြစ်ပွားခဲ့သည်ဟု ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံက ပြောသည်။ ဂျက်လေယာဉ်တစ်စီးတည်းဖြင့် ပစ်ခတ်သွားခြင်းဖြစ်ပြီး ၃ ခေါက်ပတ်ကာ ဗုံး ၁၂ လုံး ချသွားသည်ဟု ဆိုသည်။ အခြားသတင်းရင်းမြစ်တစ်ခုကမူ ၄ ကြိမ် ပျံဝဲ ပစ်ခတ်သွားသည်ဟု ဆိုသည်။
မနက်ပိုင်းတွင် သေဆုံးခဲ့သူတို့၏ ရုပ်အလောင်းများကို စုပုံထပ်သင်္ဂြိုဟ်ရာ အလောင်း ၇၀ ကျော် ပြီးစီးခဲ့ကြောင်း၊ ထိုအထဲတွင် ကလေး ၁၇ လောင်း ပါဝင်သည်ဟု ကိုဘီအီးက ပြောသည်။
သင်္ဂြိုဟ်ရန် ကျန်နေသေးသည့် ရုပ်အလောင်းများလည်း ကျန်ရှိနေသေးကြောင်း၊ စုစုပေါင်း သေဆုံးသူ ၁၀၀ ကျော်ခန့် ရှိနိုင်ကြောင်း နာရေးကူညီပေးနေသည့် ကိုဘီအီးက ပြောသည်။
စစ်ကောင်စီ၏ မြေပြင်စစ်ကြောင်းမှာ ထိုရွာ၏ အရှေ့ဘက်တွင် ရှိနေကြောင်း သူက ဆက်ပြောသည်။
“အင်အားတိုးထားတယ်။ အခုထိတော့ လှုပ်ရှားမှု မရှိသေးဘူး။ ကျွန်တော်တို့ စောင့်ကြည့်နေတုန်းပဲ” ဟု သူက ဆိုသည်။
ဗုံးကြဲခံရမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများထဲမှ အရေအတွက် ၅၀ ခန့်ကိုသာ ဆေးကုသပေးနိုင်မည့်နေရာသို့ သယ်ယူနိုင်ခဲ့သော်လည်း ထိုအထဲမှ ၃ ဦးမှာ ကုသမှု ခံယူနေစဉ် သေဆုံးသွားသည်ဟုလည်း ညနေပိုင်းတွင် ထပ်မံသိရှိရသည်။
စစ်ကောင်စီက ထိုရွာကို ဗုံးကြဲတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
လန်ဒန်အခြေစိုက် လူ့အခွင့်အရေးဆိုင်ရာအဖွဲ့ဖြစ်သော အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International က စစ်ကောင်စီလေတပ်အတွက် လေယာဉ်ဆီဖြည့်တင်းပေးနေသည့် နိုင်ငံများနှင့် ကုမ္ပဏီများကို လုပ်ငန်းများရပ်တန့်ရန် နိုဝင်ဘာ ၃ တွင် အစီရင်ခံစာထုတ်ပြန် တောင်းဆိုထားသည်။
ရေနံနှင့်ဓာတ်ငွေ့ဆိုင်ရာ ကုမ္ပဏီများဖြစ်သော Chevron, ExxonMobil, Rosneft, PetroChina နှင့် Thai Oil ကုမ္ပဏီများပါဝင်နေကြပြီး ကိုရီးယားရေကြောင်းပို့ဆောင်ရေးလုပ်ငန်းဖြစ်သည့် Pan Ocean နှင့် Norwegian Maritime အဖွဲ့ Wilhelmsen တို့လည်း ပါဝင်နေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
စစ်ကောင်စီ၏ ၂၀၂၃၊ ၂၀၂၄ ဘဏ္ဍာနှစ်အတွက် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေတွင် ကာကွယ်ရေးအသုံးစရိတ်ကို ကျပ်ဘီလျံ ၅၆၀၀ ကျော်အထိ တိုးမြှင့်သုံးစွဲမည်ဟု ပြဋ္ဌာန်းထားသည်။ ထိုအသုံးစရိတ်သည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် သုံးခဲ့သည့် အသုံးစရိတ်နှင့် နှိုင်းယှဉ်ပါက ကျပ်ဘီလျံ ၁၉၀၀ ကျော် တိုးမြှင့်လာသည်ကို တွေ့ရသည်။
NLD အစိုးရလက်ထက် ၂၀၂၀- ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကာကွယ်ရေးအသုံးစရိတ်ကို ကျပ်ဘီလျံ ၃၄၀၀ ကျော် ခွင့်ပြုခဲ့ရာ စစ်ကောင်စီ၏ ၂၀၂၃၊ ၂၀၂၄ ဘဏ္ဍာနှစ်နှင့် နှိုင်းယှဉ်ပါက ကျပ်ဘီလျံ ၂၂၀၀ ကျော် များပြားလာသည်ကို တွေ့ရသည်။ ၂၀၂၃၊ ၂၀၂၄ ဘဏ္ဍာနှစ်အတွက် ရသုံးမှန်းခြေငွေစာရင်းအရ စစ်ကောင်စီ၏ ကာကွယ်ရေးဝန်ကြီးဌာနသည် အသုံးစရိတ်အများဆုံး ဝန်ကြီးဌာနတစ်ခုဖြစ်သည်ကိုလည်း တွေ့ရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ယခုနှစ်အတွက် စစ်ရေးအသုံးစရိတ်တွင် လေကြောင်းရန် ကာကွယ်ရေးအတွက် အမေရိကန်ဒေါ်လာ ၁.၄ သန်း (ကျပ်ငွေ ၄၀ ဘီလျံနီးပါး)၊ တန်ပြန်လေကြောင်းတိုက်ခိုက်ရန်အတွက် ဒေါ်လာ ၈ သိန်း (ကျပ်ငွေ ၂ ဘီလျံ) သုံးမည်ဟု ကြေညာထားသည်။