သတင်း

ပြိုင်ဘက်ကို အပုပ်ချသည်ဟုဆိုကာ MyTel၊ Viettel နှင့် ဆက်စပ်သူများ Facebook ဖယ်ရှား

စီးပွားရေးအကျိုးစီးပွားကို အခြေခံသည့် သတင်းအချက်အလက်အမှားများ ဖြန့်ဝေမှုကြောင့်ဟုဆိုကာ မြန်မာ့တပ်မတော်နှင့် ဗီယက်နမ်တပ်မတော်တို့၏ အစုရှယ်ယာများ ပါဝင်သည့် ဆက်သွယ်ရေးကုမ္ပဏီနှစ်ခုနှင့် ပတ်သက်ဆက်နွှယ်နေသော Facebook အကောင့်နှင့် စာမျက်နှာများ အဖျက်သိမ်းခံလိုက်ရသည်။

ဆက်သွယ်ရေးကုမ္ပဏီ MyTel နှင့် ဗီယက်နမ်စစ်တပ်ပိုင် Viettel ကုမ္ပဏီတို့နှင့် ပတ်သက်ဆက်နွှယ်သော Facebook လူမှုကွန်ရက်အကောင့် ၁၃ ခုနှင့် စာမျက်နှာ ၁၀ ခုကို ဖျက်သိမ်းလိုက်သည်ဟု Facebook က ထုတ်ပြန်ကြေညာသည်။

Facebook လူမှုကွန်ရက်ကို အသုံးပြုသည့် မြန်မာများအား ပစ်မှတ်ထားသည့် “ပူးပေါင်းချိန်ကိုက်ပြုလုပ်သည့် မရိုးမသားအပြုအမူများ” ကြောင့် ဖယ်ရှားပစ်ရခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံ၏ လူကြိုက်အများဆုံး လူမှုကွန်ရက်ကြီးဖြစ်သည့် Facebook က ဖေဖော်ဝါရီ ၁၂ ရက်နေ့စွဲဖြင့် ကြေညာသည်။

အဆိုပါ အကောင့်/စာမျက်နှာစာရင်းကို Facebook ကမထုတ်ပြန်ပေ။ သို့သော် Facebook က ဖယ်ရှားမပစ်ခင်တွင် ယင်းအကောင့်နှင့် စာမျက်နှာ ၂၃ ခုအနက် ခြောက်ခု၏ လှုပ်ရှားမှုများကို စောင့်ကြည့်နိုင်ခဲ့သည်ဟု သတင်းမှားများနှင့် ပတ်သက်ပြီး သုတေသနများ ပြုလုပ်သည့် Digital Forensic Research Lab က ဖေဖော်ဝါရီလ ၁၂ ရက်တွင် သတင်းဆောင်းပါး တစ်ပုဒ် ရေးသားခဲ့သည်။

ယင်းခြောက်ခုမှာ Myanmar Telecom Promotions ၊ Myanmar Internet & Telecom News ၊ Myanmar Knowledge ၊ Myanmar Life ၊ Smart Life for Myanmar ၊ Myanmar People Voice တို့ ဖြစ်သည်။

ဖေဖော်ဝါရီလ ၁၂ ရက် နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည့် Facebook ၏ ကြေညာချက်အရ အဆိုပါစာမျက်နှာများကို စီမံခန့်ခွဲနေသူများသည် အကောင့်တုများအသုံးပြုပြီး အခြား မြန်မာဆက်သွယ်ရေးကုမ္ပဏီများ၏ ဖောက်သည်များအဖြစ် ဟန်ဆောင်ကာ ယင်းကုမ္ပဏီများ၏ ဝန်ဆောင်မှုကို ဝေဖန်တိုက်ခိုက်သည့် အကြောင်းအရာများ တင်နေခဲ့သည်ဟု ဆိုသည်။

(ဓာတ်ပုံ – Facebook, Inc)

မြန်မာနိုင်ငံ၏ အခြားသောဆက်သွယ်ရေးကုမ္ပဏီများမှာ MPT ၊ တယ်လီနောနှင့် အူရီဒူးတို့ ဖြစ်သည်။

“အဆိုပါလုပ်ဆောင်မှုများကို နောက်ကွယ်မှ ထိန်းချုပ်နေသူများသည် ၎င်းတို့၏ ဇာစ်မြစ်အမှန်နှင့် ချိတ်ဆက်ဆောင်ရွက်မှုများကို ဖုံးကွယ်ရန် ကြိုးစားသော်လည်း မြန်မာနိုင်ငံရှိ MyTel ၊ ဗီယက်နမ်ရှိ Viettel နှင့် သတင်းနှင့်ကြော်ငြာလုပ်ငန်းများ လုပ်ဆောင်သည့် ဗီယက်နမ်အခြေစိုက် Gapit Communications ကုမ္ပဏီတို့၏ ဆက်စပ်မှုကို ကျွန်ုပ်တို့ စုံစမ်းတွေ့ရှိခဲ့သည်” ဟု Facebook ၏ ထုတ်ပြန်ချက်က ဆိုသည်။

ယင်းအကောင့် ၁၃ ခုနှင့် စာမျက်နှာ ၁၀ ခုကို follow လုပ်ထားသူပေါင်း ၂၆၅,၆၀၀ ကျော်ရှိပြီး Facebook တွင် ကြော်ငြာစရိတ်အတွက် ကန်ဒေါ်လာ ၁ ဒသမ ၁၅ သန်းကျော် (ကျပ် ၁ ဒသမ ၆၇ ဘီလျံကျော်) အသုံးပြုခဲ့သည်ဟုလည်း Facebook က ထုတ်ပြန်သည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး မေးမြန်းရန် MyTel ၏ ပြင်ပဆက်ဆံရေးအရာရှိချုပ် ဦးဇော်မင်းဦးကို Myanmar Now က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပါ။

၎င်း၏ လူမှုကွန်ရက်ပေါ်တွင် မယုံသင်္ကာဖြစ်စရာ သို့မဟုတ် မမှန်မကန်လှုပ်ရှားမှုများ ပြုလုပ်သည့် မြန်မာနိုင်ငံမှ အကောင့်များ၊ စာမျက်နှာများနှင့် ဂရုများကို ယခုကဲ့သို့ Facebook က ဖျက်သိမ်းဖယ်ရှားပစ်ခြင်းသည် ၂၀၂၀ ပြည့်နှစ်တွင် ပထမဆုံးအကြိမ်ဖြစ်သည်။

ယခုတစ်ကြိမ် ဖယ်ရှားမှုတွင် ရုရှား၊ အီရန်၊ ဗီယက်နမ်နှင့် မြန်မာနိုင်ငံတို့တွင် အခြေတည်သည့် လှုပ်ရှားမှုများပါဝင်ပြီး ယင်းနိုင်ငံများ၏ နိုင်ငံခြားရေးရာ၊ အစိုးရပိုင်းဆိုင်ရာ၊ အမေရိကန်နိုင်ငံရေးနှင့် ဆိုင်သည့်အကြောင်းအရာများနှင့် စီးပွားရေးအကျိုးစီးပွားကို အခြေခံသည့် မသင်္ကာစရာ ချိတ်ဆက်လှုပ်ရှားမှုများ ပါဝင်သည်။

(ဓာတ်ပုံ – Facebook, Inc)

ထိုကဲ့သို့ ဖယ်ရှားပစ်ခြင်းသည် Facebook ကွန်ရက်ပေါ်တွင် ၎င်းတို့၏ လှုပ်ရှားဆောင်ရွက်ပုံများကြောင့်သာ ဖြစ်ပြီး ၎င်းတို့တင်သည့် အကြောင်းအရာများကြောင့် မဟုတ်ဟုလည်း Facebook က ဆိုသည်။

၂၀၁၈ ခုနှစ် ဩဂုတ်လတွင် မြန်မာတပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ တပ်မတော်ပိုင် မြဝတီသတင်းဌာနနှင့် တပ်မတော်ထိပ်တန်းအရာရှိအချို့၏ Facebook အကောင့်များနှင့် စာမျက်နှာများကို အပြီးအပိုင်ဖယ်ရှားခဲ့သေးသည်။ တစ်ဖန် ၂၀၁၉ ခုနှစ် ဩဂုတ်လတွင်လည်း အကောင့် ၈၉ ခု၊ စာမျက်နှာ ၁၀၇ ခု၊ ဂရု(ပ်) ၁၅ ခုနှင့် Instagram အကောင့် ၅ ခုတို့ကိုလည်း မသင်္ကာစရာချိတ်ဆက်လုပ်ဆောင်မှုများကြောင့် ထပ်မံဖယ်ရှားခဲ့သည်။

MyTel (Telecom International Myanmar Co., Ltd) အစုရှယ်ယာ၏ ၄၉ ရာခိုင်နှုန်းကို Viettel၊ ၂၈ ရာခိုင်နှုန်းကို မြန်မာတပ်မတော်၏ စီးပွားရေးလက်ခွဲ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်ပိုင် Star High ကုမ္ပဏီ၊ ကျန် ၂၃ ရာခိုင်နှုန်းကို Myanmar National Telecom Holdings Public Limited (MNTH) တို့က အသီးသီး ပိုင်ဆိုင်သည်။

MyTel သည် မြန်မာနိုင်ငံ၏ စတုတ္ထမြောက်ဆက်သွယ်ရေးကုမ္ပဏီဖြစ်ပြီး ၂၀၁၇ ခုနှစ်တွင် လုပ်ငန်းလိုင်စင်ရရှိကာ ၂၀၁၈ အစောပိုင်းတွင် လုပ်ငန်းစတင်လည်ပတ်ခဲ့သည်။

Show More

Related Articles

Back to top button