စစ်အာဏာသိမ်းမှုနှင့်အတူ စီးပွားရေးကဏ္ဍတစ်ခုလုံးကို ဖျက်ဆီးခဲ့သော တရားခံမှာ မင်းအောင်လှိုင် ဖြစ်သည်။ သို့သော် သူက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ လက်ထက်ကတည်းက စီးပွားရေးကျဆင်းနေခြင်းဖြစ်ကြောင်း မကြာခဏ လက်ညှိုးထိုး ပြောဆိုတတ်ပါသည်။
ထို့အတူ စစ်ကောင်စီလက်ထက်တွင် စီးပွားရေး မည်မျှတိုးတက်လာနေသည်ကိုလည်း သူက အစည်းအဝေးများတွင် ရာခိုင်နှုန်း ရွတ်ပြတတ်သည်။
ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေး စောင့်ကြည့်လေ့လာမှု အစီရင်ခံစာ (Myanmar Economic Monitor) တွင် မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်နှုန်း (ဂျီဒီပီ) ကို ခန့်မှန်းတွက်ချက်မှုများနှင့် စစ်ကောင်စီ၏ ထုတ်ပြန်ချက်များကို နှိုင်းယှဉ်လေ့လာရာ အောက်ပါအတိုင်း တွေ့ရှိရသည်။
စစ်အာဏာသိမ်းမှုကြောင့် မြန်မာ့စီးပွားရေး တိုးတက်မှုနှုန်း ဂျီဒီပီအမှန် ပျောက်ကွယ်သွားခြင်း
မတ်လ ၂၁ ရက်နေ့တွင် ကျင်းပခဲ့သော ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေ အတည်ပြုရေး စစ်ကောင်စီအစည်းအဝေးတွင် ၂၀၂၀-၂၁ ဘဏ္ဍာနှစ် (NLD အစိုးရ၏ နောက်ဆုံးဘဏ္ဍာနှစ် ၂၀၂၀ အောက်တိုဘာမှ ၂၀၂၁ စက်တင်ဘာအထိ) စီးပွားရေးတိုးတက်မှုနှုန်း ဂျီဒီပီမှာ အနုတ် ၅.၉ ရာခိုင်နှုန်း ရှိခဲ့သည်ဟု မင်းအောင်လှိုင် ပြောဆိုခဲ့သည်။
ထိုကိန်းဂဏန်းသည် စစ်အာဏာသိမ်းပြီး ၆ လအကြာ ၂၀၂၁ ဇူလိုင်တွင် ထုတ်ပြန်ခဲ့သော ကမ္ဘာ့ဘဏ်၏ Myanmar Economic Monitor (July 2021) အစီရင်ခံစာက မြန်မာ့စီးပွားရေး တိုးတက်နှုန်း ဂျီဒီပီ အနုတ် ၁၈ ရာခိုင်နှုန်းနှင့် များစွာကွဲပြားခြားနားလျက်ရှိသည်။ ထိုမျှ ဂျီဒီပီ ထိုးစိုက်ကျဆင်းရခြင်းမှာ စစ်အာဏာသိမ်းမှု၏ တိုက်ရိုက်အကျိုးဆက် ဖြစ်သည်။
အာဏာမသိမ်းမီ တစ်လခန့်အလို ကမ္ဘာ့ဘဏ်၏ Myanmar Economic Monitor (December 2020) အစီရင်ခံစာတွင် ကမ္ဘာတစ်ဝန်း ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်ကျဆင်းသွားရာ ထိုအထဲတွင် မြန်မာနိုင်ငံ ပါဝင်ခဲ့သော်လည်း၊ အရပ်သားအစိုးရ၏ ကိုဗစ်ကပ်ရောဂါ ကိုင်တွယ်မှု ကောင်းမွန်မှန်ကန်သဖြင့်၊ အရှေ့တောင်အာရှဒေသနိုင်ငံများအကြား စီးပွားရေးတိုးတက်နှုန်း ဂျီဒီပီ သုညအောက် ရောက်နေချိန်တွင် မြန်မာ့စီးပွားရေးသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဂျီဒီပီ သုညအထက် ၁.၇ ရာခိုင်နှုန်း ရှိနေဦးမည်ဟု ပထမ ခန့်မှန်းခဲ့ပြီး၊ နောက်ပိုင်းအစီရင်ခံစာများတွင် ၃.၂ ရာခိုင်နှုန်း တိုးတက်ခဲ့သည်ဟု ဖော်ပြခဲ့သည်။
ကမ္ဘာ့ဘဏ်၏ တွက်ချက်မှုများနှင့် လွန်စွာကွဲပြားခြားနားသော ၂၀၂၀-၂၁ ဘဏ္ဍာနှစ် ဂျီဒီပီ အနုတ် ၅.၉ ရာခိုင်နှုန်းရှိခဲ့သည်ဟု မင်းအောင်လှိုင်၏ ပြောဆိုမှုသည် စစ်အာဏာသိမ်းမှုကြောင့် စီးပွားရေး ပြိုကျပျက်စီးလာနေခြင်းကို ဖုံးကွယ်ရန် ကြိုးစားမှုဆိုသည်မှာ အလွန်ထင်ရှားပါသည်။
ထို့ပြင် မင်းအောင်လှိုင်သည် ယခင်က ကျင့်သုံးခဲ့သော ဘဏ္ဍာနှစ်အဟောင်းအတိုင်း ၂၀၂၂-၂၃ ဘဏ္ဍာနှစ်ကို (ဧပြီ-မတ်) အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့သည်။ ထို့ကြောင့် ကြားကာလဘဏ္ဍာနှစ် ၆ လ ပေါ်ပေါက်ခဲ့သည်။ ၂၀၂၁ အောက်တိုဘာမှ ၂၀၂၂ မတ်လအထိ ဖြစ်သည်။
ထိုဘဏ္ဍာနှစ်သည် စစ်ကောင်စီရေးဆွဲသော ပထမဆုံးဘဏ္ဍာနှစ် ဖြစ်လာပြီး၊ စီးပွားရေးတိုးတက်နှုန်း ဂျီဒီပီ ၂.၄ ရာခိုင်နှုန်း ရှိသည်ဟု မင်းအောင်လှိုင်က ပြောဆိုသည်။ ဂျီဒီပီ အနုတ် ၅.၉ ရာခိုင်နှုန်းမှ အပေါင်း ၂.၄ ရာခိုင်နှုန်း ဖြစ်လာခြင်း ဖြစ်သည်။
ထို့ကြောင့် ၂၀၂၁ အောက်တိုဘာ ၇-၈ ရက်နေ့များတွင် စစ်ကောင်စီသတင်းစာများကတစ်ဆင့် ထုတ်ပြန်ခဲ့သော ကြားကာလ ဘဏ္ဍာနှစ် ၆ လ၏ ဂျီဒီပီတိုးတက်နှုန်း မူလခန့်မှန်းခြေ ၃.၈ ရာခိုင်နှုန်းအောက် ၁.၂ ရာခိုင်နှုန်း ကျဆင်းခဲ့ခြင်းကို လေ့လာတွေ့ရှိရသည်။
ဤနေရာတွင် စစ်ကောင်စီနှင့် ကမ္ဘာ့ဘဏ်အကြား ဘဏ္ဍာနှစ်သတ်မှတ်မှုဆိုင်ရာ ပြဿနာဖြစ်ပေါ်လျက်ရှိသည်ကိုလည်း သတိပြုမိသည်။ ကမ္ဘာ့ဘဏ်သည် အရပ်သားအစိုးရကိုသာ တရားဝင်အစိုးရအဖြစ် သတ်မှတ်ထားသဖြင့် လက်ရှိအချိန်ထိ အရပ်သားအစိုးရသတ်မှတ်ခဲ့သော ဘဏ္ဍာနှစ် (အောက်တိုဘာ – စက်တင်ဘာ) ကိုသာ လက်ခံကျင့်သုံး တွက်ချက်လျက်ရှိသည်။
ထို့ကြောင့် ကမ္ဘာ့ဘဏ်၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (အောက်တိုဘာ – စက်တင်ဘာ) ဂျီဒီပီတိုးတက်နှုန်း ခန့်မှန်းခြေမှာ ၃ ရာခိုင်နှုန်းဖြစ်သည်။ သို့ဖြစ်ရာ စစ်ကောင်စီ ထုတ်ပြန်သော ကိန်းဂဏန်းများနှင့် နှိုင်းယှဉ်လေ့လာ၍ မရတော့ပေ။
မည်သို့ပင်ဆိုစေကာမူ စစ်ကောင်စီ ထုတ်ပြန်နေသော မြန်မာ့စီးပွားရေးညွှန်းကိန်းများ မည်မျှ မှန်ကန်မှုရှိသည်ကို မြန်မာ့စီးပွားရေး စောင့်ကြည့်လေ့လာနေသော နိုင်ငံတကာအဖွဲ့အစည်းများ ယခုအခါ အတိအကျပြောဆိုရန် ခက်ခဲလာပြီဖြစ်သည်။
စီးပွားရေးတိုးတက်မှုအားလုံးကို ဖျက်ဆီးခဲ့သော စစ်အာဏာသိမ်းမှု
ထိုကာလ မြန်မာနိုင်ငံအခြေအနေသည် စစ်အာဏာသိမ်းမှုအပေါ် နိုင်ငံအနှံ့ ပြည်သူတစ်ရပ်လုံးက နည်းလမ်းအမျိုးမျိုးဖြင့် တော်လှန်ပုန်ကန်မှု အရှိန်မြှင့်နေချိန်ဖြစ်သည်။ ထို့ပြင် ၂၀၂၁ ဇူလိုင်လမှ စတင်ခဲ့သော ကိုဗစ် ၁၉ ကပ်ရောဂါ ဒုတိယလှိုင်းဒဏ်ကို နှစ်ကုန်ပိုင်းအထိ မြန်မာနိုင်ငံ အလူးအလဲ ခံစားခဲ့ရပြီး၊ ပင်လယ်ရေကြောင်းကုန်သွယ်ရေးနှင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများဖြင့် ပုံမှန်ကုန်သွယ်မှု မပြုလုပ်နိုင်သော ကာလဖြစ်သည်။
ထို့ပြင် ကြားကာလဘဏ္ဍာနှစ် ၆ လအတွင်း နိုင်ငံတကာအကူအညီအားလုံး ရပ်တန့်သွားခြင်း၊ စီးပွားရေးပိတ်ဆို့မှုများ ပြန်လည်ရင်ဆိုင်လာရခြင်းနှင့် နိုင်ငံရေးမတည်ငြိမ်မှုကြောင့် နိုင်ငံတကာစီးပွားရေးလုပ်ငန်းကြီးများ ပြန်ထွက်ခွာနေချိန် စီးပွားရေးတိုးတက်မှု ဂျီဒီပီ အနုတ် ၅.၉ ရာခိုင်နှုန်းမှ အပေါင်း ၂.၄ ရာခိုင်နှုန်းအထိ ခုန်ပျံကျော်လွှား တိုးတက်သွားသည်မှာ မယုံကြည်နိုင်စရာ အံ့ဖွယ်တစ်ပါးပေတည်း။
စစ်ကောင်စီလက်အောက် မြန်မာ့စီးပွားရေးညွှန်းကိန်းများသည် ၂၀၁၁ မတိုင်မီ နှစ်စဉ်နှစ်တိုင်း ဂျီဒီပီ ဂဏန်းနှစ်လုံး (Two Digit) တိုးတက်နေသည်ဆိုသည့် ယခင်စစ်အစိုးရခေတ်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားပြီ ဖြစ်သည်။
အဓိပ္ပာယ်မှာ မြန်မာစီးပွားရေးကို နိုင်ငံတကာငွေကြေး၊ အရင်းအနှီးဈေးကွက်များနှင့် ပြန်လည်ချိတ်ဆက်နိုင်ရန်၊ ယုံကြည်ထိုက်သော စီးပွားရေးကိန်းဂဏန်းအစစ်အမှန်များ ထုတ်ပြန်နိုင်ရေး သမ္မတဦးသိန်းစိန်အစိုးရလက်ထက်က စတင်ခဲ့သော နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF)၊ ကမ္ဘာ့ဘဏ်တို့နှင့် ပူးပေါင်းဆောင်ရွက်မှုများ ရပ်တန့်သွားခဲ့ပြီ ဖြစ်သည်။
မင်းအောင်လှိုင်သည် ၎င်း၏ဆရာ သန်းရွှေ လုပ်ဆောင်ခဲ့သည့်အတိုင်း စီးပွားရေးဆိုင်ရာ ကိန်းဂဏန်းအမှားများကို ဝါဒဖြန့်လက်နက်အဖြစ် အသုံးပြုလာနေပြီး၊ စီးပွားရေးတိုးတက်မှုအညွန်းကိန်းများကို ယုံကြည်ထိုက်မှုအဆင့်အတန်းက စစ်အာဏာသိမ်းမှုနှင့်အတူ ပျက်စီးသွားပြီဆိုသည်ကို နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများ သတိထားရန် လိုအပ်သည်။
သယံဇာတရင်းမြစ်များ အလွန်အကျွံ ထုတ်ယူရောင်းချမှုဖြင့် ကျားကန်နေရသော စီးပွားရေး
NLD အစိုးရလက်ထက် စီးပွားရေးပြုပြင်ပြောင်းလဲမှုများတွင် သစ်တောနှင့် သတ္တုသယံဇာတများ ထုတ်ယူရောင်းချသည့် သယံဇာတအခြေပြုစီးပွားရေး (Natural Resource-based Economy) အပေါ် မှီခိုမှု လျှော့ချပြီး၊ အတတ်ပညာနှင့် အလုပ်အကိုင်အခွင့်အလမ်းများကို နိုင်ငံသားအားလုံး ကျယ်ကျယ်ပြန့်ပြန့် လက်လှမ်းမီရရှိစေမည့် နည်းပညာနှင့် လူသားရင်းမြစ်အခြေပြုစီးပွားရေး (Technology and Human Resource-based Economy) စီးပွားရေးပုံစံသို့ ပြုပြင်ပြောင်းလဲရန် ကြိုးပမ်းခဲ့သည်။
အဆိုပါ စီးပွားရေးပြုပြင်ပြောင်းလဲမှုကို “မြန်မာနိုင်ငံ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း” (Myanmar Sustainable Development Plan – MSDP) မူဝါဒတွင် အထင်အရှားတွေ့နိုင်ပါသည်။
ထို့ပြင် နိုင်ငံသားအားလုံး၊ နိုင်ငံတကာအစိုးရများနှင့် စီးပွားရေးအဖွဲ့အစည်းများ အချိန်တိုင်း ပွင့်လင်းမြင်သာစွာ လေ့လာနိုင်မည့် မြန်မာ့စီးပွားရေးစီမံကိန်းများဆိုင်ရာ အချက်အလက်များကို ဖော်ပြထားမည့် “စီမံကိန်းဘဏ်” (Project Bank) စနစ်ကို ဖော်ဆောင်ခဲ့သည်။
အထက်ပါ ကောင်းမွန်သော စီးပွားရေးမူဝါဒများနှင့် စနစ်များကို မင်းအောင်လှိုင် ဖျက်ဆီးခဲ့သည်။ ပို၍ ဆိုးရွားသည့်အချက်မှာ မင်းအောင်လှိုင်သည် စီးပွားရေးကို နားမလည်သော စစ်ဗိုလ်ချုပ်ဖြစ်သည်။ စင်စစ် ၎င်း၏ဆရာသမား သန်းရွှေသည်လည်း စီးပွားရေးကို နားမလည်သဖြင့် နှစ်ပေါင်း ၂၂ နှစ်တိုင် အုပ်ချုပ်ခဲ့သည့် ကာလတစ်လျှောက် သယံဇာတထုတ်ယူရောင်းချခြင်းကိုသာ ပြုလုပ်ခဲ့ပြီး၊ နည်းပညာအခြေပြု စီးပွားရေးအဆောက်အအုံ တည်ဆောက်နိုင်ခဲ့ခြင်း မရှိခဲ့ပါ။
စစ်ကောင်စီ၏ သယံဇာတ အလွန်အကျွံထုတ်ယူမှုသုံးစွဲနေမှုကို ပြသနေသော အညွှန်းကိန်းများ
အရပ်သားအစိုးရနှင့် စစ်ကောင်စီလက်ထက် ကြားကာလဘဏ္ဍာနှစ် ၆ လစီနှင့် ဘဏ္ဍာနှစ်အပြည့် ၂ နှစ်စီ၏ အမျိုးသားစီမံကိန်းဥပဒေများတွင် ဖော်ပြထားသော သစ်တော၊ သတ္တုနှင့် တွင်းထွက်ပစ္စည်းကဏ္ဍများ၏ ဘဏ္ဍာနှစ်အလိုက် ထုတ်ယူသုံးစွဲမည့် တိုးတက်မှုရာခိုင်နှုန်းများကို အောက်ပါ ဂရပ်တွင် နှိုင်းယှဉ်လေ့လာကြည့်ပါသည်။
နှိုင်းယှဉ်လေ့လာချက်အရ သယံဇာတအပေါ် မှီခိုသောစီးပွားရေးကို ပြောင်းလဲရန် ကြိုးပမ်းခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ အရပ်သားအစိုးရလက်ထက် ဘဏ္ဍာနှစ်များတွင် သစ်တော၊ သတ္တုနှင့် တွင်းထွက်သယံဇာတကဏ္ဍများမှ ထုတ်ယူရောင်းချမှု သိသိသာသာ လျှော့ချခဲ့ကြောင်း ဂျီဒီပီ အနုတ်ရာခိုင်နှုန်း အညွှန်းကိန်းများက ဖော်ပြနေသည်၊ စစ်ကောင်စီလက်ထက် ၂၀၂၃-၃၄ ဘဏ္ဍာနှစ်အညွန်းကိန်းတွင် သယံဇာတစီးပွားရေးဆီ ပြန်လည်ဦးလှည့်သွားပြီဆိုသည်ကို ဂျီဒီပီ အပေါင်း ၁၅.၃ ရာခိုင်နှုန်း (+15.3%) က အထင်အရှား ညွှန်ပြနေပါသည်။
စင်စစ် သယံဇာတစီးပွားရေးသည် သန်းရွှေမှသည် မင်းအောင်လှိုင်အထိ စစ်ဗိုလ်ချုပ်ကြီးများ၏ ကိုယ်ကျိုးစီးပွားများနှင့် တိုက်ရိုက်ဆက်နွှယ်ပြီး၊ ၎င်းတို့မိသားစုများ အချိန်တိုအတွင်း အလျင်အမြန် ချမ်းသာကြွယ်ဝစေခဲ့သော အဓိကအကြောင်းရင်းဖြစ်သည်။ စစ်ခေါင်းဆောင်များသည် နည်းပညာအခြေပြုစီးပွားရေးကို နားမလည်သလို၊ မည်ကဲ့သို့ တည်ဆောက်ရမည်ဆိုသော ဉာဏ်စွမ်းရည်လည်း မရှိကြပါ။
စစ်ကောင်စီ၏ စွမ်းအင်နှင့် လျှပ်စစ်ကဏ္ဍ ဟန်ချက်မညီသော အညွှန်းကိန်းများ
အရပ်သားအစိုးရနှင့် စစ်ကောင်စီလက်ထက် စွမ်းအင် (အဓိကအားဖြင့် ရေနံနှင့် သဘာဝဓာတ်ငွေ့) နှင့် လျှပ်စစ်ကဏ္ဍ (ရေအား၊ သဘာဝဓာတ်ငွေနှင့် ဒီဇယ်အင်ဂျင်သုံး လျှပ်စစ်ထုတ်လုပ်မှု) တို့တွင် အရပ်သားအစိုးရလက်ထက်နှင့် စစ်ကောင်စီလက်ထက် ဂျီဒီပီတိုးတက်မှုရာခိုင်နှုန်း အညွှန်းကိန်းများကို အောက်ပါ ဂရပ်တွင် နှိုင်းယှဉ်လေ့လာကြည့်ပါသည်။
နှိုင်းယှဉ်လေ့လာချက်အရ သိသာထင်ရှားသော အညွှန်းကိန်းမှာ ၂၀၂၃-၂၄ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေ၊ စွမ်းအင်ကဏ္ဍတွင် သုညအောက် အနုတ် ၁၂.၈ ရာခိုင်နှုန်း (-12.8%) အထိ ဂျီဒီပီ လျှော့ချထားခြင်းကို တွေ့ရှိရပြီး၊ ထိုဥပဒေ အတည်ပြုရေးအစည်းအဝေးတွင် မင်းအောင်လှိုင်က ပြည်ပမှ လောင်စာဆီတင်သွင်းမှု လျှော့ချရန် ပြောဆိုချက်နှင့် ချိတ်ဆက်လျှင် ကိုက်ညီနေကြောင်း လေ့လာတွေ့ရှိရသည်။
မြန်မာနိုင်ငံသည် ကမ်းလွန်သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုမှ နှစ်စဉ် အမေရိကန်ဒေါ်လာ သန်းထောင်ချီ ဝင်ငွေရရှိနေသော်လည်း၊ ထိုသဘာဝဓာတ်ငွေ့အများစုကို အိမ်နီးချင်း ထိုင်းနှင့် တရုတ်နိုင်ငံတို့ကို နှစ်ရှည်စာချုပ်များဖြင့် စစ်ဗိုလ်ချုပ်တို့ ရောင်းစားခဲ့ပြီး၊ အမြန်ငွေပေါ်သည့်နည်းလမ်းကို လိုက်ခဲ့ကြသည်။
တိုင်းပြည်စီးပွားရေး ရေရှည်ဖွံ့ဖြိုးတိုးတက်ရာတွင် စွမ်းအင်အလုံအလောက် ထုတ်လုပ်သုံးစွဲရေးသည် နိုင်ငံတိုင်း၏ မဟာဗျူဟာစီးပွားရေးသော့ချက်ဖြစ်သလို၊ နိုင်ငံတော်လုံခြုံရေးအကျိုးစီးပွား (National Security Interest) လည်း ဖြစ်သည်။ သို့သော် မင်းအောင်လှိုင်သည် တစ်နှစ်ထက်တစ်နှစ် စီးပွားရေးတိုးတက်နှုန်းကို တိုး၍ဖော်ပြနေသော်လည်း စွမ်းအင်ကဏ္ဍတွင် ဂျီဒီပီ အကြီးအကျယ်လျှော့ချထားသည်မှာ ဟန်ချက်မညီသော အညွှန်းကိန်းများ ဖြစ်နေသည်။
စင်စစ် စွမ်းအင်ကဏ္ဍတွင် ပြည်တွင်းသုံးစွဲမှု လောင်စာဆီလိုအပ်ချက် အလွန်ကြီးမားနေပြီး၊ ပြည်တွင်း၌ ထုတ်ယူနိုင်ခြင်းမရှိသဖြင့် နိုင်ငံခြားမှ နှစ်စဉ် မှာယူတင်သွင်းရမှုမှာ ဒေါ်လာ သန်းထောင်ချီ ကုန်ကျလျက်ရှိသည်။
စစ်အာဏာသိမ်းမှုကြောင့် စီးပွားရေးပြိုကျနေပြီး၊ စစ်တပ်အတွက် လိုအပ်နေသော နိုင်ငံခြားအရန်ငွေ နည်းပါးနေသဖြင့်၊ ပြည်ပမှ လောင်စာဆီဝယ်ယူမှုကြောင့် ဒေါ်လာများ တိုင်းပြည်တွင်းမှ ပြန်လည်စီးထွက်နေမှုကို စစ်ကောင်စီ အသည်းအသန် ထိန်းချုပ်နေသည်။ ထို့ကြောင့် အစည်းအဝေးတိုင်းတွင် မင်းအောင်လှိုင်က လောင်စာဆီသုံးစွဲမှုလျှော့ချရန် ပြောဆိုနေခြင်း ဖြစ်သည်။
လျှပ်စစ်ကဏ္ဍတွင်လည်း အရပ်သားအစိုးရလက်ထက် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှု မီဂါဝပ် ၅,၅၀၀ ခန့် ရှိခဲ့ရာမှ မင်းအောင်လှိုင် အာဏာသိမ်းမှုကြောင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုစီမံကိန်းများ ရပ်ဆိုင်းသွားခဲ့ခြင်းနှင့် လက်ရှိထုတ်လုပ်မှုပမာဏမှာလည်း အကြီးအကျယ်ကျဆင်းသွားခြင်းတို့ကြောင့် လျှပ်စစ်မီးသည် ယခင်စစ်အစိုးရလက်ထက်ကကဲ့သို့ အလှည့်ကျ ပေးနေရပြီး၊ မီးပျက်သည့် အချိန်က ပိုမိုကြာလာသည်ဟု သိရသည်။
ထို့ကြောင့် အရပ်သားအစိုးရလက်ထက် လျှပ်စစ်ကဏ္ဍ ဂျီဒီပီတိုးတက်မှု ၁၂.၇ ရာခိုင်နှုန်းရှိခဲ့ရာမှ စစ်ကောင်စီလက်ထက် ၂၀၂၂-၂၃ ဘဏ္ဍာနှစ်တွင် ထက်ဝက်ကျဆင်းသွားခဲ့ပြီး၊ ၆.၃ ရာခိုင်နှုန်းသာ ရှိခဲ့သည်။ ၂၀၂၃-၂၄ ဘဏ္ဍာနှစ် လျှပ်စစ်ကဏ္ဍ ဂျီဒီပီတိုးတက်မှုနှုန်းကို အတက်ဘက်သို့ ပြထားသော်လည်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုတွင် အဓိကကျသော ရေအားလျှပ်စစ်စီမံကိန်းများ နှောင့်နှေးနေခြင်း၊ သဘာဝဓာတ်ငွေ့၊ LNG နှင့် ဒီဇယ်ကဲ့သို့ စွမ်းအင်ကဏ္ဍတွင် သုံးစွဲမှု အကြီးအကျယ် လျှော့ချထားခြင်း၊ နေစွမ်းအင်နှင့် လေစွမ်းအင် စီမံကိန်းများအတွက် ရင်းနှီးမြှုပ်နှံမှုများ ခေါ်ယူနေသော်လည်း အလွန်အကဲဆတ်သော နိုင်ငံရေးအခြေအနေကြောင့် ထိုစီမံကိန်းများ အလျင်အမြန် အကောင်အထည်ပေါ်လာရေး၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေးတို့မှာ မသေချာပါ။
ထို့ကြောင့် ဟန်ချက်မညီသော စွမ်းအင်နှင့် လျှပ်စစ်ကဏ္ဍ အညွှန်းကိန်းများက မြန်မာ့စီးပွားရေးလားရာကို ညွှန်ပြနေသကဲ့သို့ ရှိနေပါသည်။
ကျပ်ငွေတန်ဖိုးကျဆင်းခြင်းကြောင့် ဂျီဒီပီတန်ဖိုး ကျုံ့ဝင်သွားခြင်း
အာဏာသိမ်းပြီးနောက် အမေရိကန်ဒေါ်လာနှင့် လဲလှယ်ရာတွင် မြန်မာကျပ်ငွေတန်ဖိုး ထိုးကျသွားခဲ့သဖြင့် တိုင်းပြည်စီးပွားရေးတစ်ခုလုံး၏ ဂျီဒီပီတန်ဖိုးမှာလည်း အမေရိကန်ဒေါ်လာနှင့် တန်ဖိုးသင့်ပါက စစ်ကောင်စီလက်ထက် ဂျီဒီပီတန်ဖိုးမှာ အကြီးအကျယ် ကျုံ့ဝင်သွားခဲ့သည်ကို လေ့လာတွေ့ရှိရသည်။
ကမ္ဘာ့ဘဏ်သည် စစ်ကောင်စီလက်ထက် မြန်မာ့စီးပွားရေးတိုးတက်မှုအခြေအနေကို ဆန်းစစ်လေ့လာရာတွင် ကိုဗစ်ကပ်ရောဂါကာလမတိုင်မီ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် စီးပွားရေးအခြေအနေနှင့် နှိုင်းယှဉ်တွက်ချက်သည်ကို လေ့လာတွေ့ရှိရသည်။
ထို့ကြောင့် အောက်ပါဇယားတွင် အရပ်သားအစိုးရလက်ထက် ၂၀၁၉-၂၀ ဘဏ္ဍာနှစ် ဂျီဒီပီတန်ဖိုးနှင့် စစ်ကောင်စီလက်ထက် ယခုနောက်ဆုံးထုတ်ပြန်သော ၂၀၂၃-၃၄ ဘဏ္ဍာနှစ် ဂျီဒီပီတန်ဖိုး နှစ်ခု၏ မြန်မာကျပ်ငွေပမာဏမှာ ကွာခြားမှုမရှိလှသော်လည်း၊ အဆိုပါ ဘဏ္ဍာနှစ်များတွင် အမေရိကန်ဒေါ်လာနှင့် လဲလှယ်မှုတန်ဖိုး (Exchange rates) များတွင် ဗဟိုဘဏ်ဈေးနှုန်းနှင့် တွက်ချက်ပါက သုံးပုံတစ်ပုံ တန်ဖိုးကျုံ့ဝင်သွားပြီး၊ ဈေးကွက်ပေါက်ဈေးဖြင့် တွက်ပါက ထက်ဝက်နီးပါး တန်ဖိုး ကျုံ့ဝင်သွားသည်ကို တွေ့ရမည်ဖြစ်သည်။
စစ်ကောင်စီသည် ကျပ်ငွေတန်ဖိုး ထိုးကျမသွားစေရန် ငွေကြေးမူဝါဒများကို မှန်မှန်ကန်ကန် ချမှတ်ရမည့်အစား၊ ၎င်းတို့လုပ်တတ်သော စီးပွားရေးလုပ်ငန်းရှင်များကို ဖမ်းဆီးခြိမ်းခြောက်မှုများဖြင့် ထိန်းထားသည်ကို တွေ့ရသည်။
အကယ်၍ လာမည့်ကာလတွင် ကျပ်ငွေတန်ဖိုးသည် တစ်ဒေါ်လာကို ၃,၅၀၀ မှ ၄,၀၀၀ အထိ ထိုးကျသွားပါက စစ်ကောင်စီသည် စီးပွားရေးကို မည်သို့မျှ ထိန်းချုပ်နိုင်စွမ်းရှိတော့မည်မဟုတ်ဘဲ၊ ပြိုလဲနေသော စီးပွားရေး၏ နိဂုံးသို့ ဆိုက်ရောက်သွားနိုင်ဖွယ် ရှိနေပါသည်။
၂၀၂၃-၃၄ ဘဏ္ဍာနှစ်အတွက် ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကို ဧပြီ ၆ ရက်နေ့ထုတ် သတင်းစာများတွင် ဖော်ပြခဲ့သော်လည်း၊ ယခင်နှစ်များကကဲ့သို့ အစိုးရအဖွဲ့တစ်ခုလုံးအတွင်း ဘဏ္ဍာငွေအရအသုံးကိန်းဂဏန်းဇယားများကို ထည့်သွင်းဖော်ပြခြင်း မပြုတော့သည်ကို လေ့လာတွေ့ရှိရသည်။
ထို့ကြောင့် စစ်ကောင်စီသည် ၎င်း၏ဘဏ္ဍာငွေအရအသုံးအခြေအနေကို အများပြည်သူကို အသိမပေးရဲသော အခြေအနေသို့ ရောက်ရှိနေပြီလားဟု မေးခွန်းထုတ်စရာ ဖြစ်လာပါသည်။
မည်သို့ပင်ဆိုစေကာမူ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ နှုတ်ဖျားက မြန်မာ့စီးပွားရေးသည် ၂၀၂၂-၂၃ ဘဏ္ဍာနှစ်တွင် ဂျီဒီပီ ၃.၄ ရာခိုင်နှုန်း တိုးတက်ခဲ့သည်ဟု ပြောရဲသလို၊ လာမည့် ၂၀၂၃-၃၄ ဘဏ္ဍာနှစ်တွင်လည်း ဂျီဒီပီ ၄.၁ ရာခိုင်နှုန်းအထိ တိုးတက်လာဦးမည်ဟု ဆက်လက်ပြောဆိုနေပေလိမ့်ဦးမည်။
ထိုကိန်းဂဏန်းများ မှန်ကန်မှုကို မည်သည့် နိုင်ငံတကာငွေကြေးအဖွဲ့အစည်းကမျှ အတည်ပြုနိုင်မည် မဟုတ်ပါ။ အဓိပ္ပာယ်မှာ စစ်အာဏာမသိမ်းမီ နိုင်ငံရေးပွင့်လင်းမှု ဆယ်စုနှစ်အတွင်း နိုင်ငံတကာတွင် ရှားရှားပါးပါး ပြန်လည်ရရှိလာသော မြန်မာ့စီးပွားရေးတိုးတက်မှုနှင့် ယုံကြည်ထိုက်မှုသည် ယခုအခါ လုံးဝပျောက်ဆုံးသွားသည့်သဘောဖြစ်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)