သတင်း

ကန့်ဘလူတွင် ရွာသားနှစ်ဦး အသတ်ခံရပြီး အိမ် ၂၀၀ နီးပါး မီးလောင်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ရွာတစ်ရွာကို စစ်တပ်က နှစ်ညတာ ဝင်ရောက်တပ်စွဲပြီးနောက် မီးရှို့ဖျက်ဆီးခဲ့ရာ အိမ် ၂၀၀ နီးပါး မီးလောင်ပျက်စီးသည့်အပြင် ရွာသားနှစ်ဦးလည်း အသတ်ခံရသည်။

ကန့်ဘလူမြို့တောင်ဘက် ၇ မိုင်အကွာရှိ အင်းလယ်ကြီးကျေးရွာကို ယခုလ ၂ ရက်တွင် စစ်တပ်က အင်အား ၁၀၀ နီးပါးဖြင့် စီးနင်းခဲ့ပြီးနောက် ယမန်နေ့ (ဧပြီ ၄) က ၎င်းတို့ ပြန်ထွက်သွားချိန် ဒေသကာကွယ်ရေးအဖွဲ့များ ဝင်ရောက်ကြည့်ရှုစဉ် အထက်ပါ အခြေအနေကို မြင်တွေ့ရခြင်းဖြစ်သည်။​

အင်းလယ်ကြီးရွာသား အသက် ၃၅ နှစ်အရွယ် ကိုဗိုလ်နေဆိုသူမှာ နေအိမ်အတွင်း ပစ်သတ်ခံထားရကာ မီးလောင်ပြာကျနေသည့် အခြားနေအိမ်တစ်ခုတွင် ၆၄ နှစ်အရွယ် ဦးဌေးမောင်ဆိုသူ၏ ရုပ်အလောင်းကိုလည်း တွေ့ရှိရသည်ဟု သိရသည်။

ကိုဗိုလ်နေမှာ နားမကြား၊ စကားမပြောတတ်သူဖြစ်ကာ စိတ်ကျန်းမာရေးချို့တဲ့သူလည်းဖြစ်ကြောင်း ကျေးရွာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ခေါင်းဆောင်က ပြောသည်။​

“သူ့ကို လမ်းမှာ တွေ့လို့ ပစ်လိုက်တာဖြစ်မယ်။ အိမ်အထိ ရောက်အောင် ပြန်ပြေးပြီး အိပ်ယာပေါ်မှာ လူးလှိမ့်ထားတဲ့သဘောမှာ ရှိမယ်။ သွေးတွေက မြင်လို့တောင် မကောင်းဘူး။ နောက်ကျောကနေ ဗိုက်ကို ဖောက်ထွက်သွားတာ ” 

ဦးဌေးမောင်၏ ရုပ်အလောင်းကို ယနေ့ (ဧပြီ ၅) နံနက်ပိုင်းတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကာ လက်နောက်ပြန်ကြိုးတုပ်လျက် မီးရှို့သတ်ဖြတ်ခံထားရသည်ဟု ရွာသားတစ်ဦးက ပြောသည်။

“သူ့သမီးတွေခေါ်တော့လည်း ခါတိုင်း စစ်ကြောင်းတွေက ဘာမှမလုပ်ဘူး။ အခုလည်း ဘာမှမလုပ်လောက်ဘူးဆိုပြီး နေရစ်တာတဲ့။ နောက်ပြန်ကြိုးတုပ်ပြီး ရှို့သွားတာ။ ရုပ်ဘာညာက‌တော့ ကျွမ်းနေပြီ။ အောက်ပိုင်းလောက်ပဲ ကျန်တော့တာ” ဟု အင်းလယ်ကြီးရွာသားက ဆိုသည်။

အသက် ၆၅ နှစ်အရွယ် ဦးဌေးမောင်၏ မီးကျွမ်းရုပ်အလောင်း။ (ဓာတ်ပုံ-ပေးပို့)

ယမန်နေ့က အင်းလယ်ကြီးရွာမှ စစ်ကောင်စီစစ်ကြောင်း ပြန်ထွက်သွားချိန် ရွာအတွင်း ကာကွယ်ရေးအဖွဲ့ဝင်များ ထောင်ထားသည့် လက်လုပ်မိုင်းကို ပြန်လည်ဖြုတ်သိမ်းစဉ် အဖွဲ့ဝင်တစ်ဦး ထိခိုက်သေဆုံးသည်ဟုလည်း သိရသည်။

မိုင်းများ မရှင်းလင်းရသေးမီ ရွာအတွင်း ပြန်မဝင်ရန် တားမြစ်ထားသော်လည်း ရွာခံတချို့က မလိုက်နာဘဲ ရွာအတွင်း ဝင်သောကြောင့် ပေါက်ကွဲခြင်းဖြစ်ကြောင်း၊ အဖွဲ့ဝင်တစ်ဦး သေဆုံးကာ ရွာခံနှစ်ဦး ဒဏ်ရာရသည်ဟု ရွာကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ရွာက လူတွေက တားမရဘူးဗျာ။ မိုင်းတွေ မရှင်းရသေးလို့ မဝင်ကြပါနဲ့ဦးဆိုတာကို ရွာထဲ စွတ်ဝင်တာ။ မိုင်း (ကြိုး) တိုက်မိတော့ သူ (ရွာသား) အပါအဝင် သုံးယောက် ထိသွားတာ။ အဝေးကနေ လာပြီး ကူညီတဲ့ ကာကွယ်ရေးအဖွဲ့ဝင်ကတော့ ပွဲချင်းပြီး ကျသွားတာ” 

ကန့်ဘလူမြို့နယ်ရှိ အင်းလယ်ကြီးရွာကို ယမန်နှစ် အောက်တိုဘာလအတွင်းကလည်း စစ်တပ်က ဝင်ရောက်စီးနင်းကာ မီးရှို့ခဲ့ဖူးသည်။ ထိုစဉ်က အိမ်ခြေ ၁၃၆ လုံး မီးလောင်ပြာကျခဲ့သည်။ ယခုတစ်ကြိမ်တွင် အိမ်ကြီးအိမ်ကောင်းများကို ရွေးကာ မီးရှို့သွားခြင်းဖြစ်ကြောင်း၊ ပြန်ဆောက်ရန် မလွယ်ကြောင်း ရွာခံအမျိုးသမီးတစ်ဦးက ပြောသည်။

“ဒီတစ်ခေါက်ကတော့ အကုန်ပါတာပဲ။ အိမ်ကြီးအိမ်ကောင်းတွေ ဘာမှမကျန်ဘူး။ ကိုယ့်ပြာပုံကို နှိုက်နေရတာ။ အချင်းချင်းတောင် အကူအညီတောင်းဖို့ မလွယ်တော့ဘူး”

စစ်တပ်က စစ်ကြောင်းထိုးနေသဖြင့် ကန့်ဘလူမြို့နယ် ထန်းကုန်းတိုက်နယ်အတွင်းရှိ ညောင်ပင်ရွာမ၊ ရွာသစ်၊ ညောင်ပေါင်ရင်း နှင့် ဉာဏ်အင်းရွာ၊ ကိုးတောင်ဘို့တိုက်နယ်အတွင်းရှိ ဇီးကနား၊ လျှော်ဖြူကုန်း၊ ချပ်ကုန်းနှင့် နှောကုန်း စသည့် ရွာ ၈ ရွာမှ ဒေသခံ ၅၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ကျွန်းလှ- ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်) က ထုတ်ပြန်သည်။

ယမန်နေ့ ညပိုင်းက ကန့်ဘလူမြို့အရှေ့ဘက်၂၃ မိုင်ခန့်အကွာရှိ ဇင်းကျေးရွာကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲခဲ့ရာ ရွာအပြင် သုသာန်အတွင်း ကျရောက်ပေါက်ကွဲခဲ့ကာ လူထိခိုက်မှု မရှိသော်လည်း နွားလေးကောင် သေသည်ဟု ကန့်ဘလူမြို့နယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ထံမှ သိရသည်။

မီးလောင်ပြင်ဖြစ်နေသည့် အင်းလယ်ကြီးရွာကို ယမန်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့)

Show More

Related Articles

Back to top button