ကရင်ပြည်နယ် မြဝတီမြို့အနီးတွင် တိုက်ပွဲဆက်ဖြစ်နေကာ ယနေ့ (ဧပြီ ၅) တွင် ကရင်အမျိုးသားအစည်း အရုံး (KNU) ဌာနချုပ်တည်ရှိရာ တပ်မဟာ ၇ ထိန်းချုပ်နယ်မြေအတွင်းမှရွာကို စစ်ကောင်စီက ဗုံးကြဲ တိုက်ခိုက်သည်ဟု ဒေသခံတို့က ဆိုသည်။
စစ်ကောင်စီတပ်နှင့် KNU လက်အောက်ခံ ပူးပေါင်းတပ်များအကြား ယနေ့ နံနက်ပိုင်းမှစ၍ တိုက်ပွဲပြင်း ထန်နေခြင်းဖြစ်ကာ ဗုံးကြဲခံရသည့် ထိကော်ထောရွာမှာ မြဝတီမြို့အနီးရှိ ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းနှင့် ၆ မိုင်ခန့်သာ ကွာဝေးပြီး တပ်မဟာ ၇ နယ်မြေအတွင်းမှဖြစ်သည်ဟု သိရသည်။
အာဏာသိမ်းပြီးနောက်ပိုင်း KNU လက်အောက်ခံ တပ်များနှင့် စစ်ကောင်စီတပ်တို့အကြား နေရာအနှံ့တွင် တိုက်ပွဲဖြစ်ခဲ့သော်လည်း KNU ဌာနချုပ်ရှိရာ နယ်မြေအတွင်း ဗုံးကြဲတိုက်ခိုက်ခံရသည်မှာ ပထမဆုံး ဖြစ်သည်။
ထိကော်ထောရွာအနီးရှိ နယ်ခြားစောင့်တပ်ဖွဲ့ (BGF) ကင်းစခန်းနှစ်ခုကို KNU လက်အောက်ခံ ပူးပေါင်း တပ်များက ယနေ့ နံနက်ပိုင်းတွင် သိမ်းယူပြီးနောက် စစ်ကောင်စီဘက်က ရဟတ်ယာဉ်နှစ်စီးဖြင့် ဗုံးကြဲ တိုက်ခိုက်လာခြင်းဖြစ်သည်ဟု ပူးပေါင်းတပ်ဖွဲ့ဘက်မှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိကော်ထောရွာနှင့် ရွှေကုက္ကိုလ်မြို့သစ်အနီးရှိ ကျောက်ဖျာရွာ တို့မှ ဒေသခံများ ထိုင်း-မြန်မာနယ်စပ်ရှိ သောင်းရင်းမြစ်ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“တိုက်ပွဲက အခု ကရင်ပြည်နယ် နေရာအစုံမှာလိုဖြစ်နေတာ။ ခုလေးတင် တပ်မဟာ ၇ ဘက်ကို ဗုံးကြဲသွား တယ်” ဟု ဒေသခံက ဆိုသည်။
ယနေ့မွန်းလွဲပိုင်းမှစ၍ မြဝတီမြို့အနီး မဲကနယ်၊ သင်္ကန်းညီနောင်တို့အပြင် နယ်မြေချင်းထိစပ်နေသော ကော့ကရိတ်မြို့တွင်း အပါအဝင် နေရာစုံတွင် တိုက်ပွဲပြင်းထန်နေပြီး လေးကေ့ကော်မြို့သစ်ရှိ စစ်ကောင်စီ၏ တပ်မ ၄၄ လက်အောက်ခံတပ်များက လက်နက်ကြီးများဖြင့် ပစ်ကူပေးနေသည်ဟုလည်း သိရသည်။
ကရင်ပြည်နယ်တောင်ပိုင်း ထိုင်း-မြန်မာနယ်စပ်ရှိ မြဝတီနှင့် ကော့ကရိတ်တဝိုက်ရှိ စစ်ကောင်စီပစ်မှတ် များကို KNU လက်အောက်ခံ KNLA ဦးဆောင်သော ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ပြီးနောက် လွန်ခဲ့သည့် နှစ်ရက်မှစ၍ တိုက်ပွဲပြင်းထန်လာခြင်းဖြစ်သည်။ မြဝတီကုန်သွယ်ရေးဇုန်၊ သင်္ကန်းညီနောင် ရဲစခန်းနှင့် ကျုံဒိုးမြို့ တို့ရှိ စစ်ကောင်စီ လက်အောက်ခံစခန်းများ ဝင်ရောက်တိုက်ခိုက်ခံခဲ့ရသည်။
ယခုလ ၃ ရက်မှ ယနေ့အထိ မြဝတီမြို့အနီးရှိ အတွင်းမဲကနယ်၊ အပြင်မဲကနယ် စသည့်မြို့သစ်နေ ရာများကို စစ်တပ်က ရဟတ်ယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဒေသခံ တစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။
အထုပ်အပိုးများနှင့်အတူ သောင်းရင်းမြစ်ကူးကာ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ဒေသခံများ ထွက်ပြေးတိမ်း ရှောင်နေသည့် ရုပ်သံဖိုင်အချို့လည်း လူမှုကွန်ရက်တွင် တွေ့ရှိရသည်။
မြဝတီနှင့် ကော့ကရိတ်ကို ဆက်သွယ်ထားသည့် အာရှလမ်းမပေါ်ရှိ တောနော်ရေတံခွန်အနီးတွင် ယနေ့နံနက် ပိုင်းက တိုက်ပွဲဖြစ်သဖြင့် ကုန်တင်ယာဉ်များ နောက်ပြန်လှည့်နေရသည်ဟု နယ်စပ် ကုန်သည်တစ်ဦးက ဆိုသည်။
“မနေ့ကတည်းက သင်္ကန်းညီနောင်မှာ တိုက်ပွဲဖြစ်လို့ ကားတွေအကုန် နောက်ပြန်လှည့်ရတယ်။ အခု အာရှလမ်း ပြန်ပိတ်နေပြီ”
မတ်လ ၂၇ ရက်က နေပြည်တော်၌ ပြုလုပ်သည့် တပ်မတော်နေ့အခမ်းအနားတွင် အာဏာသိမ်းခေါင်း ဆောင်က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် PDF အပါအဝင် ၎င်းတို့ကို ကူညီထောက်ပံ့နေသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ပြတ်ပြတ်သားသား အရေးယူမည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။
နောက်တစ်ရက်တွင် ထိုင်း-မြန်မာနယ်စပ် သံလွင်မြစ်ဘေးရှိ စစ်ကောင်စီ၏ ခြေကုန်စခန်းကို KNLA ဦးဆောင်သော ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ကာ ပြည်နယ်တောင်ပိုင်းတွင်လည်း တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။
ကရင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်လာကြောင်း ယနေ့ဆက်သွယ် မေးမြန်းရာတွင် KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတာနီးက အတည်ပြုသည်။
“ဟုတ်ပါတယ်။ ဒီလထဲမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတာ ငြင်းလို့မရပါဘူး။ အမှန်အတိုင်းပါပဲ။ ကျွန်တော် တို့ဘက်ကို ထိုးစစ်ဆင်နေတာလားဆိုတာတော့ ပြောဖို့စောပါသေးတယ်။ ဒါပေမဲ့ စစ်ခေါင်း ဆောင်က ကျွန်တော် တို့ဘက်ကို အပြတ်ချမယ်၊ ထိုးစစ်ဆင်မယ်လို့ လေသံပစ်ထားတာကိုး”
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)