သတင်း

Fact-Check | သတင်းမှားများ အဓိကဖြန့်ပြီး ငွေရှာနေသည့် Every Time Story ဝက်ဘ်ဆိုက်

ကိုရိုနာဗိုင်းရပ်နှင့်ပတ်သက်သည့် သတင်းများကို သာမန်သတင်းများထက် ဖတ်ရှုမှုနှုန်း ပိုမိုများပြားနေချိန်တွင် Every Time Story ဆိုသည့် ဝက်ဘ်ဆိုက်သည် ဗိုင်းရပ်နှင့်ပတ်သက်သည့် သတင်းမှား ဖြန့်ရာတွင် ထိပ်ဆုံးနေရာတွင် ရှိနေသည်ကို Myanmar Now က တွေ့ရှိထားသည်။

ETS ဟု အတိုကောက်ရေးသားသည့် Every Time Story ဝက်ဘ်ဆိုက်သည် သီတင်းနှစ်ပတ် (ဇန်နဝါရီ ၂၃ မှ ယနေ့ချိန်) အတွင်း ကိုရိုနာဗိုင်းရပ်နှင့်ပတ်သက်သည့် သတင်းတု၊ သတင်းမှားပေါင်း ၁၂ ပုဒ်ထက်မနည်း ဖြန့်ဝေခဲ့သည်။

ယင်းတို့အနက် “ရခိုင်ပြည်နယ် အစိုးရ ကွယ်ဝှက်မှုကြောင့် ဝူဟန်ဗိုင်းရပ်စ်ကူးစက် လူနာ ၁ဦး သေဆုံး”၊ ဝူဟန်ဗိုင်းရပ်စ်ဟာ လင်းနို့စွပ်ပြုတ်မှ ရောဂါပိုး စတင်ကြောင်း တရားဝင်ထုတ်ပြန် (ရုပ်သံ)”၊ ဖားကန့် ဆိတ်မူရွာမှာ ဝူဟန်ဗိုင်းရပ်ကြောင့် အယောက် ၄၀ခန့် သေဆုံးစသည့် လူအများ အထိတ်တလန့်ဖြစ်စေနိုင်သည့် သတင်းမှားများကိုလည်း လုပ်ကြံရေးသား၊ ဖြန့်ဝေခဲ့သည်ကို တွေ့ရသည်။

၎င်းတို့၏ “ထိုင်းနိုင်ငံတွင် မြန်မာလုပ်သားတစ်ဦး ဝူဟန် ကိုရိုနာဗိုင်းရပ်ရောဂါဖြင့် သေဆုံး” ဆိုသည့် သတင်းတုကို Facebook တွင် ပြန်လည်မျှဝေသူ‌ပေါင်း ၃၃,၀၀၀ ကျော်ပင် ရှိခဲ့သည်။ အဆိုပါသတင်းသည် ၁၀၀ ရာခိုင်နှုန်း သတင်းမှားတစ်ပုဒ်ဖြစ်သည်။

Every Time Story ဝက်ဘ်ဆိုက်သည် ၂၀၁၉ ဇွန်လကုန်ပိုင်းတွင်မှ စတင် အသက်ဝင်လာခြင်းဖြစ်ပြီး အစပိုင်းတွင် တရားဝင်သတင်းဌာနများမှ သတင်းများကို ခွင့်ပြုချက်မရှိဘဲ ကူးယူဖော်ပြခြင်းနှင့် အတင်းအဖျင်းနှင့် အညှီအဟောက်အကြောင်းအရာများကို အဓိကရေးသားခဲ့သည်။ ၎င်းတို့၏ ပထမဆုံးသတင်းမှာ “မသေကောင်း မပျောက်ကောင်းပါပဲ ဒီစာရေးရင်းနဲ့ကို စိတ်လှုပ်ရှားလွန်းလို့ တုန်နေတယ်” ဟူသည့် အမြန်လမ်းပေါ်တွင် ခဲဖြင့်ပေါက်သူများအကြောင်း မည်သူရေးထားမှန်းမသိသည့် Facebook မှစာများကို ကူးယူထားသည့်စာ ဖြစ်သည်။

၂၀၁၉ အောက်တိုဘာလကုန်ပိုင်းတွင် စတင်ပြီး ကလေးသူခိုးနှင့် တို့ဆေး ကောလာဟလ သတင်းမှားများကို အဆိုပါဝက်ဘ်ဆိုက်တွင် အကြောင်းအရာပေါင်း ၂၄ ခုထက်မနည်း တင်ခဲ့ပြီးသည့်နောက် အဆိုပါဝက်ဘ်ဆိုက်၏ ကြည့်ရှုနှုန်း များပြားလာခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဝက်ဘ်ဆိုက် သည် ၎င်းနှင့်ချိတ်ဆက်ထားသည့် Like လုပ်ထားသူပေါင်း တစ်သိန်းကျော်စီရှိသည့် E.T.S နှင့် မြန်မာ Time Story ဆိုသည့် Facebook Page များအပြင် Like လုပ်ထားသူပေါင်း ၄ သိန်းအထက်ရှိသည့် Music Crazy, မြန်မာသံစဉ်သီချင်းကောင်းများစုစည်းမှု, Like and Share, HaHa-Monywa Funny Group စသည့် Facebook Page များတွင် သတင်းမှားများကို ဖြန့်ဝေလေ့ရှိကြောင်းတွေ့ရသည်။

အဆိုပါ Page များတွင် Page ကို စီမံခန့်ခွဲနေသည့် Page admin account ၁၃ ခုမှ အခု ၂၀ အထိရှိပြီး Account တစ်ခုမှာ ဘင်္ဂလား‌‌‌ဒေ့ရှ်မှ ဖြစ်သည်။ ထို့အပြင် အဖွဲ့ဝင် (member) ပေါင်း တစ်သိန်းအထက်မှ တစ်သန်းကျော်ထိရှိသည့် Group ပေါင်း ၄၀ ဝန်းကျင်တွင် Account တု အများစုဖြင့် သတင်းမှားများကို ဖြန့်ဝေနေသည်ကိုလည်း တွေ့ရှိရသည်။

သတင်းတုနှင့် သတင်းမှားများ တင်နေရသည့်အကြောင်းရင်းနှင့် ပတ်သက်ပြီး အဆိုပါဝက်ဘ်ဆိုက်နှင့် ချိတ်ဆက်ထားသည့် E.T.S နှင့် မြန်မာ Time Story Facebook Page များကို Myanmar Now က ဆက်သွယ်မေးမြန်းခဲ့သော်လည်း မေးမြန်းခဲ့သည့်အကြောင်းနှင့် ပတ်သက်ပြီး တိကျစွာ ဖြေကြားခဲ့ခြင်းမရှိပေ။

ထို့ပြင် Every Time Story ဝက်ဘ်ဆိုက် နှင့် ဝက်ဘ်ဒီဇိုင်းတူညီသည့် Innlay Media ဆိုသည့် ဝက်ဘ်ဆိုက်သည်လည်း Every Time Story ဝက်ဘ်ဆိုက်မှ ဖြန့်ဝေလေ့ရှိသည့်HaHa-Monywa Funny GroupCele News 7 မေပန်းချီ မြန်မာသံစဉ် စုစည်းတင်ဆက်ခြင်း စသည့် Facebook Page များတွင် သတင်းမှားများဖြန့်ဝေနေပြီး သတင်းမှားအကြောင်းအရားများ တူညီနေသည်ကိုလည်း တွေ့ရသည်။

Facebook အနေဖြင့် လက်ရှိတွင် သတင်းတုနှင့် သတင်းမှားများ တိုက်ဖျက်ရေးအတွက် ဘက်မလိုက်သော အပြည်ပြည်ဆိုင်ရာ အချက်အလက်စစ်ဆေးရေးကွန်ရက် အသိအမှတ်ပြု ကြားခံအဖွဲ့အစည်း (Third Party) အချက်အလက်စစ်ဆေးသူများနှင့် လုပ်ဆောင်နေသည်ဟု ဆိုသည်။

အဆိုပါ နိုင်ငံအလိုက်အချက်အလက်စစ်ဆေးသည့် အဖွဲ့များသည် လက်ရှိတွင် နိုင်ငံပေါင်း ၆၁ နိုင်ငံတွင် လုပ်ဆောင်နေသော်လည်း မြန်မာနိုင်ငံတွင် Facebook နှင့် လက်တွဲလုပ်ဆောင်နေသည့် ကြားခံအဖွဲ့အစည်း အချက်အလက်စစ်ဆေးသူများ မရှိသေးပေ။

ထို့ကြောင့်လက်ရှိတွင် Facebook အနေဖြင့် မြန်မာနိုင်ငံရှိ သတင်းမှားဖြန့်ဝေနေသည့် Page နှင့် ဝက်ဘ်ဆိုက်များကို ထိရောက်သည့် စစ်ဆေးမှုများမလုပ်နိုင်ဘဲ သတင်းမှားဖြန့်ဝေနေသော ဝက်ဘ်ဆိုက်များအနေဖြင့် အန္တရာယ်ရှိနေသလို တစ်ဖက်တစ်လမ်းမှလည်း Facebook ဝင်ငွေ ရနေကြဆဲဖြစ်သည်။

Facebook သည် Instant Article ကဲ့သို့ ၎င်းထုတ်ကုန်မှတစ်ဆင့် သတင်းမှားတင်လေ့ရှိသည့် ဝက်ဘ်ဆိုက်များ၏ အကြောင်းအရာများတွင် ကြော်ငြာများထည့်သွင်းခြင်းဖြင့် ရရှိသည့် အကျိုးအမြတ်များကို Facebook နှင့် အဆိုပါဝက်ဘ်ဆိုက် ပိုင်ရှင်များက ခွဲဝေရရှိကြခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် Facebook သည် သူ၏ပလက်ဖောင်းတွင် ရှိနေသည့် သတင်းမှားများမှတစ်ဆင့် ငွေကြေးတချို့ ရရှိနေသည့်အပြင် သတင်းတုသတင်းမှား တင်သူများကိုပင် ငွေကြေးထောက်ပံ့နေသကဲ့သို့ ဖြစ်နေသည်။

(ဤဆောင်းပါးကို Myanmar Now ၏ အချက်အလက်စစ်ဆေးသည့် သတင်းထောက် မျိုးဆက်ပိုင်က ကူညီရေးသားထားသည်။)

Show More

Related Articles

Back to top button