ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့ပေါ်ရှိ ‘ထူးဆန်း’ ခရီးသည်တင်ယာဉ်လိုင်း ဂိတ်မှူးကို လက်နက်ကိုင်နှစ်ဦးက မနေ့ညနေပိုင်းတွင် သေနတ်ဖြင့် လေးချက်ပစ်ခတ်ခဲ့သဖြင့် လွယ်လင်ဆေးရုံတွင် တင်ထားရကြောင်း၊ အသက်အန္တရာယ် စိုးရိမ်စရာမရှိတော့ကြောင်း လိုက်ပါကူညီဆောင်ရွက်ပေးနေသူတစ်ဦးက Myanmar Now ကို ပြောသည်။
ပြည်ထောင်စုလမ်းမကြီးဘေး၊ အမှတ်(၃) ရပ်ကွက်၊ ရေအေးလမ်းတွင် နေထိုင်သည့် အဆိုပါယာဉ်လိုင်း ဂိတ်မှူး စိုင်းစံဝင်း(၄၈ နှစ်) ကို ဆိုင်ကယ်စီးလာသည့် လက်နက်ကိုင်နှစ်ဦးက ၎င်း၏အိမ်ရှေ့တွင် သေနတ်ဖြင့် လေးချက်ပစ်ခဲ့ပြီး သုံးချက်ထိမှန်ခဲ့သည်ဟု အကူအညီပေးနေသည့် ကိုသန်းဇော်က ပြောသည်။
“မိန်းမစီးဆိုင်ကယ်နဲ့ လာပြီး လေးချက်ပစ်သွားတာ သုံးချက်မှန်တယ်။ ခေါင်းကို တစ်ချက် ရှပ်မှန်တယ်၊ ဗိုက်ကို တည့်တည့်တစ်ချက် မှန်တယ်၊ ဘယ်ဘက်လက်ကို တစ်ချက်မှန်တယ် လက်ကျိုးသွားတယ်”ဟု ၎င်းကပြောသည်။
သို့သော် မည်သူများက လာရောက်ပစ်ခတ်သွားသည်ကိုမူ မသိရှိသေးပေ။
‘ထူးဆန်း’ ခရီးသည်တင်ယာဉ်လိုင်းကို နမ့်စန်မြို့နယ်ရှိ နားရိုင်းပြည်သူ့စစ်အဖွဲ့က ပိုင်ဆိုင်ပြီး ယာဉ်လိုင်းတည်ထောင်ထားသည်မှာ နှစ် ၂၀ ကျော်ခန့်ရှိပြီဟု ‘ထူးဆန်း’ ယာဉ်လိုင်း၏ တောင်ကြီးဂိတ်မှူးအဖြစ် ယခုလက်ရှိ တာဝန်ယူထားသော ကိုစိုးတိုးက ပြောသည်။
အဆိုပါဒဏ်ရာများကြောင့် စိုင်းစံဝင်းကို နမ့်စန်ပြည်သူ့ဆေးရုံရှိ အရေးပေါ်ဌာနမှတစ်ဆင့် လွယ်လင်ခရိုင် ပြည်သူ့ဆေးရုံကြီးသို့ နေ့ချင်း လွှဲပြောင်းပို့ဆောင်ခဲ့ကြောင်း အသက်အန္တရာယ် စိုးရိမ်ရသည့်အခြေအနေ မရှိတော့ကြောင်း လူနာကိုလိုက်ပါပို့ဆောင်ပေးခဲ့သည့် တောင်တန်းလူငယ် လူမှုကူညီစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ စိုင်းဝင်းထွန်းက ပြောသည်။
“ပထမက နမ့်စန်ပြည်သူ့ဆေးရုံကြီးကို အရင်ပို့တာပေါ့။ ဒါပေမဲ့ အဲ့ဒီမှာ အထူးကုဆရာဝန်တွေ မရှိတဲ့အခါကျတော့ လွယ်လင်ဆေးရုံကြီးကို ပြန်ပြီးလွှဲတာ”ဟု ဦးစိုင်းဝင်းထွန်းက ပြောသည်။
သေနတ်ပစ်ခတ်ခံရသည့် နေရာသို့ တပ်မတော်၊ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ (စသုံးလုံး)နှင့် ရဲတပ်ဖွဲ့တာဝန်ရှိသူများ လာရောက်စစ်ဆေးခဲ့သည်ဟု ကိုသန်းဇော်က ပြောသည်။
အဆိုပါ သေနတ်ပစ်ခံရမှုနှင့် ပတ်သက်ပြီး နမ့်စန်မြို့နယ်ရဲစခန်းကို ဆက်သွယ်မေးမြန်းရာ ဖြစ်စဉ်နဲ့ပတ်သက်ပြီး အသေးစိတ်ကို သတင်းထုတ်ပြန် ပြောကြားခွင့်မရှိကြောင်း၊ ပြည်နယ်ရဲစခန်းကို အဖြစ်အပျက်ပြီးပြီးချင်း တင်ပြထားပြီးဖြစ်ကြောင်း စခန်းမှူးက ပြောသည်။
‘ထူးဆန်း’ ခရီးသည်တင်ယာဉ်လိုင်းသည် တောင်ကြီးမြို့ နှင့် နမ့်စန်မြို့ကို ပရိုဗောက်ကားအစီးရေ ၅၀ ခန့်ဖြင့် နေ့စဉ် ပြေးဆွဲနေသည့် ယာဉ်လိုင်းတစ်ခုဖြစ်ပြီး ယခုအပစ်ခံရသည့် စိုင်းစံဝင်းသည် အဆိုပါကားလိုင်းတွင် လွန်ခဲ့သည့် ၅ နှစ်ခန့်မှစ၍ ဂိတ်မှူးအဖြစ် တာဝန်ယူခဲ့သည်ဟု ကိုသန်းဇော်က ပြောသည်။
နမ့်စန်မြို့နယ်အနီးတွင် ခိုလန်တိုင်းစစ်ဌာန အပါအဝင် အစိုးရစစ်တပ် ၁၃ ခု အခြေစိုက်ထားပြီး ဌာနေပြည်သူ့စစ် ၅ ဖွဲ့ဖြစ်သော ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ မတ်ကျိုင်း ပြည်သူ့စစ်အဖွဲ့၊ နားရိုင်းပြည်သူ့စစ်အဖွဲ့၊ နားပွဲပြည်သူ့စစ်အဖွဲ့နှင့် ဟိုမိန်းပြည်သူ့စစ်အဖွဲ့(SSS) တို့ ရှိသည်။