သတင်း

တိုက်ပွဲများကြောင့် ကျုံဒိုးမြို့ ဒေသခံ ၇၀၀၀ ကျော် တိမ်းရှောင်နေရ

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျုံဒိုးဒေသတွင် မတ်လ ၂၅ ရက်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ဒေသခံများတိမ်းရှောင်နေကြရပြီး စစ်ကောင်စီတပ်နှင့် ကရင်နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့များက မြို့အတွင်း နေရာယူထားသည်ဟု   ဒေသခံများထံမှ သိရသည်။

ကျုံဒိုးမြို့တွင်းလမ်းမများကို စစ်ကောင်စီနှင့် BGF တပ်ဖွဲ့များက ပိတ်ဆို့ထားကြောင်း ဒေသခံများကို မတ်လ ၂၈ ရက်နေ့ နက်ပိုင်း ၈ နာရီအချိန်အထိ ဆက်သွယ်မေးမြန်းချက်အရ သိရသည်။

“မြို့ပေါ်မှာ ဒေသခံက ရာခိုင်နှုန်း ၂၀ လောက်ပဲ ကျန်တော့မယ်။ ဒေသခံ ၇,၀၀၀ ကျော်နေပြီ ထွက်ပြေးနေကြရတာ။ မြို့မှာ စစ်ကောင်စီနဲ့ BGF တွေပဲ ရှိတော့တာဖြစ်လို့ ပြန်လို့လည်း မရကြသေးဘူး” ဟု ကော့ကရိတ်ဒေသစစ်ရှောင်အရေးကူညီနေသည့် အမျိုးသမီးတစ်ဦးက Myanmar Now ကို ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ကျုံဒိုးမြို့ပေါ်မှ ကျွန်းကလေးရပ်ကွက် ၁၊ ၂၊ ၃၊ ၄ နှင့် ကွက်သစ် ၂ ရပ်ကွက်နှင့် ဂျိုင်းမြစ်တစ်ဖက်ကမ်း ကျေးရွာများဖြစ်သော ကမ်းနီး၊ ညောင်ရိပ်သာ၊ သရက်တော၊ ကော့ကာကော့၊ ကျိုက်ကမ်းနီ အစရှိသည့် ကျေးရွာများမှ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

“နီးစပ်ရာ ဆွေမျိုးအိမ်တွေ၊ တောနားတောင်နားတွေပဲ လိုက်ပုန်းရတာပဲ။ နှစ်ခါရှိပြီ ကျုံဒိုးကနေ စစ်ရှောင်ရတာ။ အခုထိ ကျုံဒိုးမြို့က လမ်းတွေကို စစ်ကောင်စီနဲ့ BGF တွေ ပိတ်ထားတုန်းပဲ။ မြို့ပေါ် ကျန်ခဲ့သူက ၂၀ ရာခိုင်နှုန်းလောက်ပဲ ကျန်တော့မယ်” ဟု ကျုံဒိုးမြို့စစ်ရှောင်အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။

မတ်လ ၂၅ ရက်နေ့ ကျုံဒိုးမြို့တိုက်ပွဲတွင် စစ်ကောင်စီတပ်သားသေဆုံးမှု အနည်းဆုံး ၁၅ ဦး ရှိခဲ့ပြီး ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့ဘက်မှ ၃ ဦး သေဆုံးခဲ့ကြောင်း Lion Battalion Commando Special Forces ဗျူဟာစစ်ကြောင်းက ယနေ့မွန်းလွဲ ၂နာရီခွဲတွင် သတင်းထုတ်ပြန်ထားသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) လက်အောက်ခံ ပူးပေါင်းတပ်များနှင့်  ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်များပါဝင်သည့် စစ်ကြောင်းက ကျုံဒိုးမြို့အခြေစိုက် ခမရ (၅၄၅) နှင့် (၅၄၆) တပ်ရင်းများ၊ ကျုံဒိုးရဲစခန်းနှင့် ဂျိုင်းမြစ်ကူးတံတားနှင့် ငါးတိုင် အလယ်တန်းစာသင်ကျောင်းဝင်းအတွင်း တပ်စွဲထားသည့် စစ်သားများနှင့် BGF တပ်ဖွဲ့ဝင်များကို မတ်လ ၂၅ ရက်နေ့ နံနက် ၇ နာရီခွဲတွင် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကျုံဒိုးမြို့ရဲစခန်းနှင့် အခြားနေရာများ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက အနီးအနားကျေးရွာများသို့ Mi35 ရဟတ်ယာဉ်နှစ်စင်း စေလွှတ် တိုက်ခိုက်သလို လက်နက်ကြီးများနှင့်ပါ တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

ကျုံဒိုးမြို့အဝင်တွင် ရှိသည့် စစ်ကောင်စီ၏ တပ်ရင်းအမှတ် (၅၄၅) နှင့် (၅၄၆ ) တို့က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် လူနေအိမ် ၃၀ ကျော် မီးလောင်ပျက်စီးသည်၊ အပျက်အစီးမှာ ကွက်သစ် ၂ ရပ်ကွက်တွင် ပိုမိုများပြားသည်ဟု ဒေသခံများက ပြောသည်။

တိုက်ပွဲများပြင်းထန်ခဲ့သည့် ကျုံဒိုးမြို့တွင် မတ်လ ၂၅ နှင့် ၂၆ ရက်နေ့များက လက်နက်ကြီးဒဏ်ကြောင့် ဒေသခံ ၄ ဦးသေဆုံးခဲ့ကြောင်း စစ်ရှောင်များက ပြောသည်။

မတ်လ ၂၅ ရက်နေ့ နံနက်တွင်ပင် ကျုံဒိုးနှင့် ၃၅ မိုင်ကျော် ကွာဝေးသော မြဝတီကုန်သွယ်ရေးဇုန်နှင့် သင်္ကန်းညီနောင်ရဲစခန်းတို့ကို ပူးပေါင်းတပ်များက တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီလက်နက်ကိုင် ၁၁ ဦး သေဆုံးခဲ့ကြောင်း တိုက်ခဲ့မှုတွင် ပါဝင်ခဲ့သည့် စစ်ကြောင်းတာဝန်ခံတစ်ဦးက ဆိုသည်။

ဒုတပ်ကြပ်တစ်ဦး၏ ဇနီး၊ ရဲမှူးတစ်ဦးနှင့် ဒုရဲအုပ်တစ်ဦးအပါအဝင် စုစုပေါင်း ၈ ဦးကို ဖမ်းခေါ်ခဲ့သည်ဟု သိရသည်။

“စစ်သားတွေရော ရဲတွေရော ၁၁ ယောက်ရှိမယ် အကျအဆုံးစာရင်းက။ ပူးပေါင်းတပ်ဖွဲ့ဘက်ကတော့ ၁ ဦး ကျတယ်” ဟု  ကုန်သွယ်ရေးဇုန်တိုက်ပွဲတွင် ပူးပေါင်းတပ်ဖွဲ့တွင် ပါဝင်ခဲ့သည့် စစ်ကြောင်းတာဝန်ခံတစ်ဦးက Myanmar Now ကို ယမန်နေ့ (မတ်လ ၂၇ ရက်နေ့) ညက ပြောသည်။

သိမ်းဆည်းရမိသည့် လက်နက်များတွင် AK ၇ လက်၊ G3 ၇ လက်၊ UZI ၁ လက်၊ AK စက်လက် ၁ လက်၊ ပစ္စတိုသေနတ် ၁ လက် ပါဝင်သည်ဟု သူက ဆက်ပြောသည်။

စစ်ကောင်စီကမူ အဆိုပါ အချက်အလက်များနှင့် ပတ်သက်၍ သတင်းအမှောင်ချထားပြီး ကုန်သွယ်ရေးစခန်းအတွင်းရှိ X-ray စက်များ မီးရှို့ဖျက်ဆီးခံရကြောင်းသာ ပြောဆိုထားသည်။

အဆိုပါ ကုန်သွယ်ရေးဇုန်ကို ဝင်ရောက်တိုက်ခိုက်မှုကို KNLA နှင့် လက်အောက်ခံပူးပေါင်းတပ်များဖြစ်သည့် ကော်ဘရာစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်းနှင့် Federal Wings နှင့် Eagle ဒရုန်းတပ်ဖွဲ့ နှစ်ဖွဲ့တို့ ပါဝင်ခဲ့ကြသည်။

ထိုင်း-မြန်မာနယ်စပ် မြဝတီကုန်သွယ်ရေးဇုန်အပါအဝင် အာရှလမ်းမနှင့် နီးစပ်သည့် ကော့ကရိတ်၊ ကျုံဒိုးဒေသများတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ပြီးခဲ့သည့်ဇန်နဝါရီလ ၁၂ ရက်နေ့ကမှ ပြန်လည်ဖွင့်လှစ်ခဲ့သည့် မြဝတီ-မဲဆောက် အမှတ် (၁) ချစ်ကြည်ရေးတံတားကို မတ်လ ၂၅ ရက်နေ့တွင် နာရီပိုင်းမျှ ပိတ်ခဲ့ရသည်။

သို့သော် ယမန်နေ့ (မတ်လ ၂၇ ရက်) နေ့အထိ အမှတ် (၁) ချစ်ကြည်ရေးတံတား ထိုင်းနိုင်ငံဘက်အခြမ်းတွင် ထိုင်းရဲတပ်ဖွဲ့က လုံခြုံရေးယူစောင့်ကြပ်နေဆဲဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button