မတ်လကုန်ပိုင်းတွင် ကရင်ပြည်နယ်အတွင်း ထိုင်းမြန်မာနယ်စပ်နှင့် နီးသော မြို့တချို့ရှိ အာဏသိမ်းစစ်ကောင်စီ၏ စစ်ရေးပစ်မှတ်အများအပြားကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) က တစ်ပြိုင်နက် သွားရောက်တိုက်ခိုက်လိုက်သည်။
သံလွင်မြစ်ဘေးရှိ မယ်ခါးထာ့ စစ်စခန်းကိုပင် သိမ်းပိုက်လိုက်ကြသည်။
၂၀၂၁ အာဏာသိမ်းမှုကို ဆန့်ကျင်သူတို့ ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်ကို ခုခံရင်ဆိုင်ရန် ဖွဲ့စည်းပေါ်ပေါက်လာသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ တပ်များက ထိုစစ်ဆင်ရေးတွင် ပူးပေါင်း ပါဝင်နေသည်။
ပူးပေါင်းတပ်များထဲမှ ကျားဖြူ စစ်ကြောင်း၏ တာဝန်ရှိသူ ဗိုလ်စောဝင်းဇော်က ကရင်ပြည်နယ်အတွင်း ပစ်ခတ်မှုများ လျော့ပါးခဲ့ခြင်းမှာ စစ်ရေးအရှိန်မြှင့်တင်ရန်အတွက် ပြင်ဆင်နေခြင်းကြောင့် ဖြစ်သည်ဟု မြို့တွင်းမြို့ပြင် စခန်းများကို ဝင်တိုက်ရန် ရက်ပိုင်းအလိုတွင် ပြောသည်။
“ကျွန်တော်တို့ နားနေတာ နှစ်လကျော် သုံးလနီးပါး ရှိပြီ။ ဒီကာလမှာ တိုက်ပွဲဖော်ဆောင်နိုင်တာမျိုး သိပ်မရှိဘူး။ လက်နက်ခဲယမ်း ပြန်ဖြည့်တင်းဖို့ကလည်း ရှိသေးတယ်” ဟု ၎င်းက Myanmar Now ကို ပြောသည်။
နိုင်ငံအနှံ့တွင် လက်နက်ကိုင် ခုခံနေကြရာ အာဏာသိမ်းစစ်ကောင်စီတပ်က ထိုခုခံမှုတိုင်းကို အပြည့်အဝ စစ်ဆင်နိုင်ခြင်း မရှိပေ။ စစ်မျက်နှာများစွာ ဖွင့်ထားရချိန်တွင် စစ်ဗိုလ်ချုပ်ကြီးများက ၎င်းတို့ ရုံးစိုက်ရာ နေပြည်တော်နှင့် နီးစပ်သည့် ဒေသများ၊ PDF တပ်များ နယ်မြေစိုးမိုးမှု အားကောင်းနေသော မြန်မာပြည်အလယ်ပိုင်း စစ်ကိုင်းတိုင်းတို့ကို ပိုမို ထိုးစစ်ဆင်နေကြောင်း တွေ့ရသည်။
ရွှေ့ပြောင်း ထိုးစစ်
တိုက်ပွဲအများစုသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ လေ့ကျင့်ပေးလိုက်သည့် PDF တို့ လှုပ်ရှားနေသော နယ်မြေများတွင် ဖြစ်ပေါ်နေသည်ကို တွေ့ရသည်။
နိုင်ငံမြောက်ပိုင်းအခြေစိုက် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၏ နယ်မြေတွင် စစ်ကောင်စီတပ်၏ မြေပြင်ထိုးစစ် များစွာ မရှိပေ။ သို့သော်လည်း KIA နှင့် PDF တို့ ပူးတွဲလှုပ်ရှားသည့် စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ် နယ်စပ်ဒေသ မြို့များတွင်မူ ထိုးစစ် ရှိနေသည်။
နိုင်ငံအနောက်ပိုင်းတွင် ရက္ခိုင့်တပ်တော် (AA) နှင့်လည်း တစ်ကျော့ပြန် ပြင်းပြင်းထန်ထန် တိုက်ခိုက်မှု ၅ လ ကြာပြီးနောက် ၂၀၂၂ နိုဝင်ဘာလကုန်ပိုင်းကတည်းက အပစ်ရပ်စဲထားရာ အာဏာသိမ်းတပ်အတွက် များစွာ အသက်ရှူချောင်သွားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင်လည်း တိုက်ပွဲကြီးများ မရှိတော့ပေ။ တရုတ်မြန်မာနယ်စပ်တွင် တည်ရှိသည့် ရှမ်းမြောက်တွင် တအာန်း/ပလောင်ဒေသ နှင့် ကိုးကန့်ဒေသတို့ကို ၂၀၂၂ ဒီဇင်ဘာတွင် ကြည်းတပ်၊ လေတပ်သုံးကာ အကြီးအကျယ် ထိုးစစ်ဆင်ပြီးမှ ပြည်နယ်အတွင်း စစ်ရေးငြိမ်သက်သည့် အနေအထား ပေါ်ပေါက်လာခြင်း ဖြစ်သည်။
စစ်ရုံးချုပ် တည်ရှိသော နေပြည်တော်နှင့် မိုင် ၅၀ ကျော်သာ ဝေးသည့် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်ဝန်းကျင်တွင်မူ ထိုးစစ်ရှိသဖြင့် တိုက်ပွဲ မကြာခဏ ဖြစ်နေသည်ဟု တော်လှန်ရေးအဖွဲ့ချို့က ဆိုသည်။ အဆိုပါ ပဲခူးရိုးမပေါ်မှ တိုက်ပွဲများအကြောင်းကို ၎င်းတို့က စစ်ရေး၊ လုံခြုံရေး အခြေအနေအရ ပြောပြရန် ငြင်းဆိုကြသည်။
နေပြည်တော်နှင့် မိုင် ၁၀၀ ဝန်းကျင်သာ ဝေးသည့် ကယားပြည်နယ် ခေါ် ကရင်နီပြည်နယ်သည် ထိုးစစ်အဆင်ခံရဆုံးဒေသတစ်ခု ဖြစ်လာသည်ဟု ကရင်နီတပ်မတော်၏ နိုင်ငံရေးဦးဆောင်အဖွဲ့ ဖြစ်သော ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဗဟိုကော်မတီဝင် ခူးညေးရယ်က ပြောသည်။
“စစ်ရေးအရ ကြည့်ရင်လည်း ဗမာပြည်ကို အထက်ပိုင်းနဲ့ အောက်ပိုင်းဆိုပြီး ပိုင်းခြားလိုက်လို့ရတဲ့ အနေအထားဖြစ်နေတယ် ဆိုတော့ ကျွန်တော်တို့ ကရင်နီပြည်ကို သူတို့က အရေးပါအရာရောက်တဲ့ ပထဝီအနေအထားအဖြစ် သတ်မှတ်ထားတယ်” ဟု သူက မတ်လလယ်ပိုင်းတွင် Myanmar Now ကို ပြောသည်။
၂ နှစ်ကြာ စစ်ပန်းပြီး ဖိအားများနေသော အာဏာသိမ်းတပ်သည် ထိုဒေသတွင် စိတ်ဓာတ်တက်ကြွသော၊ တိုက်လိုခိုက်လိုစိတ်ပြင်းပြသော လူငယ်များကို ရင်ဆိုင်နေရခြင်း ဖြစ်သည်။
ပြည်နယ်အတွင်း အခြေစိုက်ထားသော စစ်ကောင်စီတပ်များ၊ ထပ်မံရောက်လာသော တပ်များမှ စစ်သည်အင်အားမှာ ၂၀၀၀ ခန့် ရှိနိုင်သည်ဟု ခူးညေးရယ်က ဆိုသည်။
နိုင်ငံ၏ ဒုတိယအသေးငယ်ဆုံးပြည်နယ်ဖြစ်သော၊ မြို့နယ် ၇ ခုဖြင့် ဖွဲ့စည်းထားသော ကယားပြည်နယ်သည် စစ်ပွဲကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူ ၂ သိန်းဝန်းကျင် ရှိမည်ဟု သူက ခန့်မှန်းသည်။
မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာ ထွက်ပြေးရသူ ၁၇ သိန်းကျော် ရှိနေပြီး ယင်းတို့အထဲမှ ၁၄ သိန်းနီးပါးသည် အာဏာသိမ်းပြီးနောက်ပိုင်း တိမ်းရှောင်ရသူများ ဖြစ်ကြောင်း၊ အများစုမှာ နိုင်ငံမြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းတို့မှ ဖြစ်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး-မြန်မာ (UNOCHA-Myanmar)၏ မတ် ၂၁ စာရင်းက ဆိုသည်။
အာဏာသိမ်းတပ်လက်ချက်ဖြင့် နိုင်ငံအနှံ့ နေအိမ် ၆၀၀၀၀ ကျော် မီးလောင်ရသည့်အထဲတွင် ၈၀ ရာခိုင်နှုန်းမှာ စစ်ကိုင်းတိုင်းမှ ဖြစ်ကြောင်း အရပ်ဘက်အဖွဲ့တစ်ခုဖြစ်သည့် Data For Myanmar က မကြာသေးမီကမှ ထုတ်ပြန်ထားသည်။
နိုင်ငံအလယ်ပိုင်းတွင် စစ်ကောင်စီ ပစ်မှတ်ထားသော စစ်ကိုင်းတိုင်းတွင် စစ်ကြောင်းများက ရွာစဉ်လှည့်ပြီး ပစ်ခတ်၊ သတ်ဖြတ်၊ အိမ်မီးရှို့သည့် နည်းလမ်းကို ဆက်လက်ကျင့်သုံးလာသည်ကို နေ့စဉ်သတင်းများတွင် တွေ့နေရသဖြင့် အထက်ပါကိန်းဂဏန်းမှာ ဆက်လက် မြင့်တက်လာဖွယ်ရှိသည်။ ယခင်စစ်ဆင်ရေးများနှင့် မတူသည့်အချက်မှာ ဖမ်းဆီးရမိသည့် ခုခံရေးသမားများကို သတ်ဖြတ်ပြီးနောက် ဦးခေါင်း၊ ခြေ၊ လက်တို့ကို ဖြတ်တောက်ထားခဲ့ခြင်းဖြစ်သည်။
နှစ်ဖက် သေဆုံးမှု များပြားပြီး ထိခိုက်မှုစာရင်းကို တော်လှန်ရေးအဖွဲ့များက ပုံမှန် ထုတ်ပြန်ကြေညာချိန်တွင် စစ်ကောင်စီက များသောအားဖြင့် သတင်းအမှောင်ချထားသည်။
စစ်ကောင်စီသည် ရှမ်းမြောက်ဒေသမှ တပ်ရင်း ၃၀ ခန့်ကို မကြာသေးမီက ထုတ်နုတ်ပြီး အခြားစစ်မျက်နှာများသို့ ပို့ဆောင်ခဲ့ရာ အရေအတွက်အားဖြင့် စစ်သည်အင်အား ၃,၀၀၀ ခန့် ရှိလိမ့်မည်ဟု မြန်မာစစ်တပ်နှင့် လက်နက်ကိုင်တပ်ဖွဲ့များဆိုင်ရာ သုတေသီ သက်ထားမောင်က ဧရာဝတီသတင်းဌာနတွင် ရေးသားထားသည်။
ထိုသို့ထုတ်နုတ်နိုင်ခြင်းသည် တရုတ်အထူးသံ တိန့်ရှီကျွန်း၏ နေပြည်တော်နှင့် နယ်စပ်ဒေသ ခရီးစဉ်များနှင့် ဆက်စပ်နေဖွယ်ရှိသည်ဟု သူက သုံးသပ်သည်။
“တရုတ်နယ်စပ်တစ်လျှောက် တိုက်ပွဲမဖြစ်ရေး၊ ထိုးစစ်မဆင်ရေးကို တစ်ဖက်တွင် မြန်မာစစ်တပ်က အာမခံချက်ပေးပြီး တစ်ဖက်တွင် မြောက်ပိုင်းအဖွဲ့များ နယ်စပ်တွင် မတိုက်ရေးကို တိန့်ရှီကျွန်းက အာမခံချက်ပေးခြင်းသာ ဖြစ်ပေလိမ့်မည်” ဟု သူက ရေးသားထားသည်။
ဤအတောအတွင်း တရုတ်နယ်စပ် အခြေစိုက် လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့ကလည်း မြန်မာနိုင်ငံပြည်တွင်းရေးနှင့် ပတ်သက်ပြီး တရုတ်၏ ကြားဝင်ဆောင်ရွက်မှုကို ကြိုဆိုကြောင်း ကြေညာချက်ထုတ်ပြန်ထားသည်။
ထိုအင်အားစုတွင် ပါဝင်သည့် “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) ၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့သည် နေပြည်တော်သို့ ကိုယ်စားလှယ်အဖွဲ့စေလွှတ်ပြီး ဗိုလ်ချုပ်ကြီးများနှင့် စကားပြောလျက်ရှိနေသည်။
လက်နက်အင်အား
ခုခံစစ်ဆင်သူ သောင်းဂဏန်းက မြို့များကို ဝိုင်းထားသည့် ချင်းပြည်နယ်တွင် ပြီးခဲ့သည့် လများအတွင်း စစ်ကောင်စီက မြေပြင်စစ်ကြောင်းထိုးမှုထက် လေယာဉ်၊ ရဟတ်ယာဉ် စေလွှတ်ပြီး တိုက်ခိုက်မှုသာ ပိုမို ပြုလုပ်နေသည်။
လက်ရှိ ချင်းပြည်နယ်အတွင်း၌ ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ စစ်ကောင်စီဘက်က လူအင်အား၊ ရိက္ခာ၊ လက်နက်များ စုဆောင်းဖြည့်တင်းခြင်းများ အကြီးအကျယ်လုပ်ဆောင်နေပြီး နယ်မြေစိုးမိုးမှု ရရှိရန် ကြိုးပမ်းနေကြောင်း CDF မတူပီ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။
“ခြောက်လအတွင်း ချင်းပြည်နယ်မှာ အကုန်လုံးအမြစ်ပြတ် ချေမှုန်းမယ်ဆိုတဲ့ ဦးတည်ချက်မျိုး တွေ့ရတယ်။ စစ်မျက်နှာအများကြီးဖွင့်ရင် အခြေအနေမဟန်ဘူးဆိုတာလည်း သူတို့ (စစ်ကောင်စီ) သိတယ်” ဟု ၎င်းက ဆိုသည်။
ယခုအခါ လေကြောင်းတိုက်ခိုက်မှုများကို ပိုမို အားပြုနေရာ စစ်ကောင်စီတပ်များသည် လေကြောင်းအကူအညီ မရှိလျှင် ထိုးစစ်ဆင်၊ စစ်ကြောင်းထိုးရန် ခက်ခဲမည်ဟု လေ့လာသူတို့က မှတ်ချက်ပြုကြသည်။
လေတပ်ဗုံးကြဲတိုက်ခိုက်မှုက အရပ်သားပစ်မှတ်များကိုသာ ပိုမိုထိမှန်နေသောကြောင့် လေတပ်၏ လုပ်ရပ်ကို ဟန့်တားနိုင်ရေးအတွက် လေယာဉ်ဆီ ပိတ်ပင် ကန့်သတ်ရန် တက်ကြွလှုပ်ရှားသူတို့က နိုင်ငံတကာကို တောင်းဆိုနေကြသည်။
နှစ်ကုန်ပိုင်းတွင် AA, TNLA, MNDAA စသည့် တိုင်းရင်းသားဒေသ လက်နက်ကိုင်အဖွဲ့များကို လေကြောင်းမှ တိုက်ခိုက်ပြီးနောက် ဇန်နဝါရီတွင် ချင်းတော်လှန်ရေးလက်နက်ကိုင်အဖွဲ့ ဌာနချုပ် တည်ရှိသည့် အိန္ဒိယနယ်စပ်ကို ဗုံးကြဲပြီး ဖေဖော်ဝါရီတွင် ထန်တလန်မြို့ကို ဗုံးကြဲခဲ့သည်။
အပြင်းအထန် ခုခံစစ်ဆင်နေသည့် ဒေသများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည့် ချင်းပြည်နယ်သည် လက်နက်ကိုင်တော်လှန်ရေးကို လက်လုပ်တူမီးသေနတ်များဖြင့်သာ စတင်ခဲ့ကြသူများ ဖြစ်သည်။
ယခုအခါ တိုက်ပွဲဝင် မောင်းပြန်ရိုင်ဖယ်များ အတန်အသင့် ဖြည့်တင်းလာနိုင်ပြီဖြစ်ကြောင်း၊ အသုံးပြုနေရသည့် လက်နက်ကြီးများ၏ ၈၀ ရာခိုင်နှုန်းအတွက် လက်လုပ်များကိုသာ အားကိုးနေရသေးကြောင်း သိရသည်။
အင်အားပြခြင်း
ယခင်ကပင် လူသစ်စုဆောင်းရ ခက်ခဲနေသော စစ်တပ်က PDF ၏ ရန်မှ ကာကွယ်ရေးအတွက်ဟု ကြေညာပြီး နေရာအနှံ့အပြားတွင် ပြည်သူ့စစ်အဖွဲ့များ အတင်းအကျပ် တက်သုတ်ရိုက် ဖွဲ့စည်းနေသည်။ ပျူစောထီးအဖွဲ့ဟု လူသိများသော ထိုအဖွဲ့များကို လက်နက်တပ်ဆင်ကာ အများအပြားကို အခြေခံစစ်ပညာ ရက်အနည်းငယ် ပို့ချပေးထားရာ စစ်တပ်က အားကိုးရသည့် အရန်အင်အားစု ဖြစ်လာသည်။
သို့သော်လည်း ဒေသတိုင်း၏ ထိုးစစ်အတွက် ထိုအင်အားစုကို အားမပြုနိုင်သေးပေ။
စစ်မျက်နှာများစွာ ဖွင့်ထားရချိန်တွင် ဗိုလ်ချုပ်ကြီးများက ဦးစားပေးနေရာ ရွေးချယ်ကာ တပ်အင်အားကို သုံးစွဲနေခြင်းသာဖြစ်သည်ဟု အာဏာဖီဆန်ထားသော ဗိုလ်ကြီးလင်းထက်အောင်က ပြောသည်။
“စစ်တပ်က အင်အားကို စစ်မျက်နှာအကုန်လုံးမှာ မရင်ဆိုင်နိုင်တဲ့ အနေအထားတစ်ခုလို့ တွေ့မြင်ရတယ်။ ဒေသတစ်ခုဆို တစ်ခုပဲ အာရုံစိုက်ပြီး လုပ်နေရတဲ့ ပုံစံလို့ မြင်ပါတယ်” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ်များက ထိုးစစ်မဆင်နိုင်ချိန်တွင်လည်း ခုခံသူတို့ ရှိနိုင်မည့်နေရာကို လက်နက်ကြီးနှင့် ပစ်ခတ်ခြင်း၊ လေတပ်အင်အားပြခြင်း စသည့် နည်းလမ်းများဖြင့် ၎င်းတို့ ငြိမ်သက်မှုရှိမနေကြောင်း ပြသလျက်ရှိသည်။
ကရင်ပြည်နယ်အတွင်း အထိုင်စခန်းများက ရပ်ရွာများပါမချန် လက်နက်ကြီးဖြင့် မကြာခဏ ပစ်ခတ် ခြောက်လှန့်သည့် နည်းကိုသာ သုံးနေသည်ဟု KNLA ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်သည့် KNU ခေါ် ကရင်အမျိုးသားအစည်းအရုံး၏ တပ်မဟာ (၆) မှ ခရိုင်အတွင်းရေးမှူး ပဒိုစောလစ္စတန်က ပြောသည်။
“သူတို့က မြေပြင်မှာ ထိုးစစ်ဆင်ဖို့ အားမရှိတော့ဘူး။ အခုတော့ နည်းနည်းငြိမ်နေတယ်။ ဒါပေမဲ့ လေယာဉ်တော့ ဝဲနေတယ်။ ဗုံးမကြဲဘဲ လာလာဝဲပြနေတယ်” ဟု ပဒိုစောလစ္စတန်က ပြောလိုက်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)