
အခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီက ပြည်ထောင်စုလွှတ်တော်သို့ ယနေ့တင်သွင်းလိုက်သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ဥပဒေကြမ်းနှစ်ရပ်တွင် တပ်မတော်၏ အခန်းကဏ္ဍကို လျှော့ချထားသည့် ပြင်ဆင်ချက်အများအပြား ပါဝင်လာသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးတို့တွင် ပါဝင်နေသော တပ်မတော်၏ အခန်းကဏ္ဍများကို အဆင့်လိုက်လျှော့ချခြင်း၊ သမ္မတ၏ အခွင့်အာဏာအောက်တွင် တပ်မတော်ကို ထားရှိခြင်းစသည့် အချက်များအပါအဝင် ပုဒ်မပေါင်း ၁၁၄ ချက်ကို ပြင်ဆင်ရန် အဆိုပြုထားသည်။
ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပရန် လိုအပ်သော ပုဒ်မများကို ဥပဒေကြမ်းတစ်ခု၊ ပြည်ထောင်စုလွှတ်တော်၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံရုံဖြင့် ပြင်ဆင်နိုင်သည့် ပုဒ်မများကို ဥပဒေကြမ်းတစ်ခုဟူ၍ ဥပဒေကြမ်း ၂ ရပ်ကို ခွဲခြားတင်သွင်းထားခြင်းဖြစ်ပြီး ယနေ့ကျင်းသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ ကိုယ်စားလှယ်များအားလုံးထံ ဖြန့်ဝေခဲ့သည်။
အဆိုပါ ဥပဒေကြမ်းနှစ်ရပ်နှင့် တပ်မတော်၊ ပြည်ခိုင်ဖြိုးတို့ အသီးသီးတင်သွင်းထားသော ဥပဒေကြမ်း ၅ ရပ်တို့ကို လက်ရှိအခြေခံဥပဒေပါ ပုဒ်မ ၄၃၆(က)နှင့်(ခ)ပါ ပြဋ္ဌာန်းချက်များနှင့်အညီ မူကြမ်းနှစ်ရပ်အဖြစ် ပြန်လည်စုစည်းရန် ပြည်ထောင်စုလွှတ်တော်နာယကက ယနေ့ ညွှန်ကြားလိုက်သည်။
- ကာလုံလက်ထဲ အာဏာပိုထည့်မည့် ခြေဥပြင်ဆင်ရေးဥပဒေကြမ်းကို တပ်နှင့် ပြည်ခိုင်ဖြိုး တင်သွင်း
- ၄၅ ဦးကော်မတီ၏ ဥပဒေကြမ်းနှင့်အတူ ပြည်ခိုင်ဖြိုးနှင့်တပ်တို့၏ မူကြမ်းများကို တစ်ပြိုင်တည်း တင်မည်
ယင်းကြောင့် အဆိုပါလုပ်ငန်းစဉ်အတွက် “ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်း လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ” ကို အဖွဲ့ဝင် ၃၀ ဖြင့် ယနေ့ ထပ်မံဖွဲ့စည်းလိုက်သည်။ ဥက္ကဋ္ဌမှာ လမ်းမတော်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်း ဖြစ်သည်။
ယင်းကော်မတီအတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက လေ့လာစိစစ်ရေးပူးပေါင်းကော်မတီသည် နှစ်ပတ်အတွင်း အပြီးဆောင်ရွက်ရန်ရှိပြီး သက်ဆိုင်ရာ ပုဒ်မများကို တူရာစုစည်း၍ ယှဉ်တွဲဖော်ပြမည်ဖြစ်ကြောင်း ပြောသည်။
“ဥပဒေရဲ့ အနှစ်သာရပိုင်းကို လုံးဝမထိခိုက်စေဘဲနဲ့ ရေးထုံးပိုင်းဆိုင်ရာတွေကိုပဲ တည့်မတ်ပြင်ဆင်မှာပါ” ဟု ၎င်းက ဆက်ပြောသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံသည့်အပြင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပအတည်ပြုရန်လိုအပ်သည့် လက်ရှိအခြေခံဥပဒေပါပုဒ်မ ၄၃၆(က) နှင့် စပ်လျဉ်းသော ဥပဒေကြမ်းတွင် ပုဒ်မပေါင်း ၅၁ ခု ပါဝင်သည်။
ပြည်ထောင်စုလွှတ်တော်အမတ် စုစုပေါင်း၏ ၇၅ ရာခိုင်နှုန်းကျော်သော ဆန္ဒမဲဖြင့် ပြင်ဆင်နိုင်မည့် ပုဒ်မ ၄၃၆(ခ) ဆိုင်ရာ ဥပဒေကြမ်းတွင် ပြင်ဆင်ချက် ၆၃ ခု ပါဝင်သည်။
ပြည်ထောင်စုလွှတ်တော်အတွင်း ၅၈ ရာခိုင်နှုန်းကျော်ရှိသော NLD ပါတီပြီးလျှင် ၂၅ ရာခိုင်နှုန်းဖြင့် ဒုတိယအများဆုံးဖြစ်သော တပ်မတော်ကမူ မူကြမ်းတွင်ပါလာသော ပြင်ဆင်ချက်များသည် NLD က ပြင်ဆင်လိုမှုများသာဖြစ်ကြောင်း ဝေဖန်သည်။
တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းက “တပ်မတော်သားကိုယ်စားလှယ်များရဲ့ သဘောဆန္ဒ လုံးဝမပါတဲ့ ဥပဒေမူကြမ်းဖြစ်ပါတယ်”ဟု ဆိုသည်။
အဆိုပါ ဥပဒေမူကြမ်း နှစ်ရပ်ကို လွှတ်တော်အတွင်း အပြီးသတ်မဲခွဲဆုံးဖြတ်မည့် အချိန်ကာလကိုတော့ မသိရသေးဘဲ အာဏာရပါတီကမူ ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီအတွင်း အဆိုပါလုပ်ငန်းစဉ်ကို ဆောင်ရွက်မည်ဟု ထုတ်ဖော်ပြောထားသည်။
အမတ် ၇၅ ရာခိုင်နှုန်းကျော်ထောက်ခံပြီး လူထုဆန္ဒခံယူပွဲလုပ်ကာ ပြင်ဆင်ရမည့်ပုဒ်မများ
-
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို လက်နက်ကိုင်တပ်ဖွဲ့အားလုံး၏ အကြီးအကဲအဖြစ် သတ်မှတ်ထားသည့် ပြဋ္ဌာန်းချက်ကို ပယ်ဖျက်ရန်
-
လွှတ်တော်အသီးသီးတွင် ၂၅ ရာခိုင်နှုန်းစီပါဝင်နေသည့် တပ်မတော်သားအရေအတွက်ကို ငါးနှစ်တစ်ကြိမ်စီ ၁၅ရာခိုင်နှုန်း၊ ၁၀ရာခိုင်နှုန်း၊ ၅ ရာခိုင်နှုန်း စသဖြင့် ၁၅နှစ်အတွင်း အဆင့်ဆင့်လျှော့ချရန်
-
တိုင်းပြည်မတည်မငြိမ်ဖြစ်နေချိန်တွင် နိုင်ငံတော်အာဏာကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရယူသုံးစွဲနိုင်သည့် အခြေအနေအစား နိုင်ငံတော်သမ္မတ ဦးဆောင်တာဝန်ယူဆောင်ရွက်နိုင်မည့် အစီအမံကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုဆုံးဖြတ်ရန်ဟု ပြင်ဆင်ရန်
-
ပြည်ထောင်စုတရားလွှတ်တော်ချုပ်တစ်ရပ် ထားရှိပြီး နိုင်ငံတော်၏ အမြင့်ဆုံးတရားရုံးအဖြစ် သတ်မှတ်ရန်(တရားစီရင်ရေးတွင် သီးခြားဖြစ်နေသည့် စစ်ဘက်ဆိုင်ရာတရားရုံးများ၏ အခန်းကဏ္ဍကို ပြင်ဆင်ရန်အတွက်ဖြစ်သည်)
-
အရေးပေါ်အခြေအနေ ကြေညာရန်လိုအပ်လာပါက (တပ်မတော်ကိုယ်စားပြုမှု ပိုများသည့်) အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ခေါ်ယူဆောင်ရွက်ရမည့်အစား သမ္မတကိုယ်တိုင်ဖြစ်စေ၊ ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်ဖြင့်ဖြစ်စေ ဆောင်ရွက်ရန်
-
သမ္မတအရည်အချင်းသတ်မှတ်ချက်တွင် စစ်ရေးအမြင်ရှိရမည်ဆိုသည့် ပြဋ္ဌာန်းချက်အစား လုံခြုံရေးအမြင်ဟု ပြင်ဆင်ရန်နှင့် (ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့်ကို ဟန့်တားထားသည့်) ပုဒ်မ ၅၉(စ)ကို ပယ်ဖျက်ရန်
-
ပြည်ထောင်စုလွှတ်တော်၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံပြီး လူထုဆန္ဒခံယူ၍ ပြင်ဆင်ရမည့် ပုဒ်မ ၄၃၆ (က)ပါ အချက်များကို ရွေးကောက်ခံအမတ် (တပ်မတော်သားကိုယ်စားလှယ်များမပါ) စုစုပေါင်း၏ သုံးပုံနှစ်ပုံကျော်ထောက်ခံပြီး လူထုဆန္ဒခံယူပွဲဖြင့် အတည်ပြုပြင်ဆင်ရန်၊
-
(၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမှ ပြင်ခွင့်ရမည့်) ပုဒ်မ ၄၃၆(ခ)နှင့်သက်ဆိုင်သော အချက်များကို ရွေးကောက်ခံအမတ်စုစုပေါင်း၏ သုံးပုံနှစ်ပုံကျော်ထောက်ခံမဲဖြင့် ပြင်ရန်
အမတ် ၇၅ ရာခိုင်နှုန်းကျော်ထောက်ခံမှုဖြင့် ပြင်ဆင်ရမည့်ပုဒ်မများ
-
အခြေခံဥပဒေပါ ဇယား ၂ ဆိုင်ရာများကိုသာ ဥပဒေပြုခွင့်ရှိသည့် တိုင်းနှင့် ပြည်နယ်လွှတ်တော်များ၏ လုပ်ပိုင်ခွင့်ကို တိုးမြှင့်ထားပြီး ဇယား ၃ (ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဦးစီးအဖွဲ့၏ ဥပဒေပြုစာရင်း) နှင့် ဇယား ၅ (တိုင်း/ပြည်နယ်တို့ ကောက်ခံရမည့်အခွန်အခများ) ပါ ကိစ္စရပ်များကိုပါ ဆောင်ရွက်ခွင့်ရမည်ဖြစ်သည်။
-
ဇယား ၅ ပါကိစ္စရပ်များကို ဥပဒေပြုခွင့်ပေးရန် (လက်ရှိတွင် ဇယား ၃ ကိုသာ ဆောင်ရွက်ခွင့်ပြု)
-
လွတ်ငြိမ်းချမ်းသာခွင့်ပြုရာတွင်လည်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်မလိုအပ်ဘဲ နိုင်ငံတော်သမ္မတကိုသာ ဆုံးဖြတ်ခွင့်ပေးရန်
-
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းခန့်အပ်သည့် ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာ ပြည်ထောင်စုအဆင့်ဝန်ကြီးဌာနများနှင့် တိုင်း၊ပြည်နယ်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်မည့် တပ်မတော်သားများ တာဝန်ပေးအပ်ခံရသည့်နေ့မှစ၍ တပ်မှ အငြိမ်းစားယူသည်ဟု မှတ်ယူရမည်ဆိုသော အချက်လည်း ပါဝင်သည်။ (လက်ရှိတွင် ရာထူးမှ နုတ်ထွက်ရန်မလိုဘဲ တာဝန်ပြီးဆုံးပါက တပ်မတော်တွင် ဆက်လက်တာဝန်ထမ်းဆောင်နိုင်သည်)
-
လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းလိုလျှင် လက်ရှိ၌ မဲဆန္ဒရှင် တစ်ရာခိုင်နှုန်း အဆိုပြုရမည်ဆိုသော အချက်ကိုလည်း ၂၀ ရာခိုင်နှုန်းအဆိုပြုရမည်ဟု ပြင်ဆင်ရန်
-
လက်ရှိအသုံးပြုနေသည့် နိုင်ငံတော်အလံအစား အနီနှင့် အပြာရောင်ပါဝင်ပြီး ကြယ်ဖြူကြီးတစ်လုံးကို ကြယ်ဖြူအသေး ၁၄ လုံးဝန်းရံထားသည့် အလံကို အစားထိုးရန်