
အွန်လိုင်းကိုအသုံးပြု၍ လောင်းကစားလုပ်နေသည့် တရားမဝင်လုပ်ငန်းများအတွက် Facebook တွင် လူကြိုက်များသည့် နာမည်ကြီးမော်ဒယ်သရုပ်ဆောင်များက ကြော်ငြာပေးနေသည်ကို Myanmar Now ၏ အချက်အလက်စစ်ဆေးမှုအရ တွေ့ရှိထားသည်။
အွန်လိုင်းလောင်းကစားခြင်း၊ လောင်းကစားငွေကြေး အသွင်းအထုတ်နှင့် အပေးအယူများအတွက် အေးဂျင့် (ကိုယ်စားလှယ်) များက Facebook Page ၁၀၀ နီးပါး ဖွင့်လှစ်ပြီး အွန်လိုင်းအသုံးပြုသူများကို လောင်းကစားလုပ်ရန် ဆွဲဆောင်နေကြသည်။
အဆိုပါလုပ်ငန်းများကို သရုပ်ဆောင်များ၊ အလှမယ်များ၊ မော်ဒယ်များနှင့် နာမည်ကျော်ကြားသူ အယောက် ၂၀ ထက်မနည်းက လောင်းကစားလုပ်ရန် ဆွဲဆောင်သည့် ကြော်ငြာ ဗီဒီယိုများ လက်ခံရိုက်ကူးပေးနေကြသည်ကို တွေ့ရသည်။ ထို့ပြင် ယင်းမော်ဒယ်သရုပ်ဆောင်များမှာ Follower သိန်းနှင့် ချီသည့် ၎င်းတို့ကိုယ်ပိုင် Facebook Page များ Personal Account များတွင် ယင်းကြော်ငြာများကို ပြန်လည် ဖြန့်ဝေပေးနေသည်ကို တွေ့ရသည်။
အချို့ မော်ဒယ်သရုပ်ဆောင်များ၏ ကိုယ်ပိုင် Facebook ကို ၎င်းတို့ကိုယ်တိုင် အသုံးပြုသည်ဟု ထင်ရှားသော်လည်း အချို့သရုပ်ဆောင်များ၏ Facebook ကိုမူ ၎င်းတို့ကိုယ်တိုင် တိုက်ရိုက်ကိုင်တွယ်သလားဆိုသည်မှာ ရှင်းရှင်းလင်းလင်း မသိရပါ။
အွန်လိုင်း လောင်းကစားဂိမ်း ကစားရန်အတွက် ယေဘုယျအားဖြင့် ကိုယ်ကစားလိုသည့် ဂိမ်းဝက်ဘ်ဆိုက်တွင် ပထမဆုံးအဖွဲ့ဝင် (membership) အနေဖြင့် Account တစ်ခု ဖွင့်ရန် လိုအပ်ပြီး ဝင်ကြေး တစ်သောင်းမှ ငါးသောင်းထိ အသီးသီးရှိသလို ငွေဖြည့်ရန် မည်သည့်ဘဏ်နှင့်မဆို Mobile Banking မှတစ်ဆင့်လည်း အနိုင်အရှုံးအပေါ်မူတည်၍ အလွယ်တကူ ငွေသွင်းငွေထုတ်လုပ်နိုင်သည်။
အွန်လိုင်းလောင်းကစားနှင့်ပတ်သက်ပြီး ကြော်ငြာနေကြသည့် သရုပ်ဆောင်မော်ဒယ် ၂၅ ဦးတိတိကို ၎င်းတို့ ၏ Facebook Page နှင့် Facebook Messenger များမှ တစ်ဆင့် Myanmar Now က ဆက်သွယ်မေးမြန်းခဲ့ရာ ပြန်လည်ဖြေကြားသူ သရုပ်ဆောင် May (မေ) တစ်ဦးသာရှိခဲ့သည်။
“အဲ့ဒါ လောင်းကစား Page လား ကျွန်မတော့မသိဘူး။ ခင်ဝင့်ဝါတို့ တခြား ကိုဟဲလေးတို့ ကြော်ငြာရိုက်တဲ့ဗီဒီယိုကို လာပြတယ်ပေါ့နော်။ ကျွန်မ Assistant (လက်ထောက်) နဲ့ လာပြတော့ အဲဒီ ဗီဒီယိုကို ကြည့်လိုက်တော့ ဒီလိုမျိုးလေးပဲ ပြောနေတာပေါ့” ဟု May က ဆိုသည်။
ထို့ပြင် “ကျွန်မက လောင်းကစားနဲ့ ဝေးတယ်ပေါ့နော်။ ဝေးတော့ ဘောလုံးကြည့်လို့ရတယ် ကြိုက်တဲ့အချိန် ကြည့်လို့ရတယ်ဆိုတော့ ကျွန်မက Channel လား၊ အဲဒီလိုတစ်ခုခုပေါ့ အွန်လိုင်းကနေကြည့်လို့ရတဲ့ဟာလား အဲ့ဒီလိုပဲထင်တာ” ဟု ဆိုသည်။
လက်ရှိတွင် သရုပ်ဆောင် “May” သည် အဆိုပါကြော်ငြာကို သူ၏ Page မှ ဖျက်လိုက်ပြီဖြစ်သည်။
(ဖြည့်စွက်ချက်။ ။ ဆောင်းပါးဖော်ပြပြီးနောက် အလှမယ် ဆွေဇင်ထက်နှင့် မော်ဒယ် လဲ့ယမင်းတို့က Myanmar Now Facebook messenger မှတစ်ဆင့် ထပ်မံဆက်သွယ်လာသည်။)
အလှမယ် ဆွေဇင်ထက်က “ဘောလုံးပွဲတွေလဲ ကျွန်မ မကြည့်ဘူး။ ဒီလိုလောင်းကစားတွေလုပ်လို့ရတယ် ဆိုတာလဲ ကျွန်မ မသိဘူး။ ကျွန်မ ထင်တာက အွန်လိုင်းပေါ်မှာပဲ ဆော့လို့ရတဲ့ ဂိမ်းပဲထင်လို့ ကြေညာပေးလိုက်တာပါ။ လက်မခံခင်မှာလဲ ကျွန်မနဲ့သိတဲ့ အနုပညာရှင်တော်တော်များများလဲ ကြေညာပေးထားတာတွေ့လို့ ဒါကို အွန်လိုင်းဂိမ်းတစ်ခုလို့ပဲထင်
မော်ဒယ်လဲ့ယမင်းကလည်း “အဲ့ဒီ့တုန်းက အသိတစ်ယောက်ကနေပြီး သူအဲ့ဒီမှာအလုပ်လုပ်နေလို့ အဲ့ကြော်ငြာလေးလာအပ်တာနဲ့ ဒီတိုင်းပဲရိုက်ပေးလိုက်တာ” ဟု လဲ့ယမင်းကပြောသည်။ ထို့ပြင် အဆိပ်ပင်ရေလောင်းဖြစ်သွားမည်ကို စိုးရိမ်သည်ဟုလည်း သူက ဆက်ပြောသည်။
ထို့ပြင် ၂၀၁၈ စည်ပင်ရွေးကာက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အလှမယ် ထက်ထက်ထွန်း (Facebook: Htet Htet Htun) ၏ ကိုယ်ပိုင် Facebook Account တွင်လည်း သူကိုယ်တိုင်သရုပ်ဆောင်ထားသည့် အွန်လိုင်း လောင်းကစားဂိမ်းကြော်ငြာတစ်ခုကို လွန်ခဲ့သည့် တစ်လခန့်က တင်ထားသည်ကို တွေ့ရသည်။
အလှမယ် ထက်ထက်ထွန်းကို Myanmar Now က ဆက်သွယ်မေးမြန်းရာ
“ပိုက်ဆံတွေနဲ့ဖြစ်တယ်ဆိုတော့ လောင်းကစားပုံစံမျိုးလည်းဖြစ်တာပေါ့နော်။ ဒါပေမဲ့ Facebook ပေါ်မှာ ဒီလိုကြီးတင်နေတယ် လုပ်နေတယ်ဆိုတော့ ဒါ official (တရားဝင်) လို့ပဲ ထင်တာလေ။ အဲ့ဒီတုန်းက စဉ်းစားလိုက်သေးတယ်၊ ဒီလိုဘောလုံးလောင်းတဲ့ပုံစံမျိုးတော့ ဖြစ်နေတာပဲလို့။ ဒါကို အခုလို တရားဝင်ခွင့်ပြုထားတာလားမသိဘူးလို့” ဟု ဆိုသည်။
အလှမယ် ထက်ထက်ထွန်းအနေနှင့်မူ Myanmar Now က မေးမြန်းမှသာ အွန်လိုင်းလောင်းကစားဂိမ်းများမှာ တရားဝင်မဟုတ်ကြောင်း သိရသည်ဟု ဆိုသော်လည်း သူ၏ကိုယ်ပိုင် Facebook မှ ဖြုတ်ချရန်အတွက်မူ အခြားအနုပညာရှင်များကို ကြည့်ဦးမည်ဟုဆိုသည်။
“ဒီနေ့ဖျက်တာနဲ့ နောက်နေ့ဖျက်တာနဲ့ ဘာမှတော့ မကွာလောက်ဘူး” ဟု ထက်ထက်ထွန်းက ဆိုသည်။
များပြားလှသည့် အဆိုပါ လောင်းကစားဂိမ်းများသည် နာမည်ကျော်ကြားသူများနှင့် ကြော်ငြာကြည့်အပြင် လူကြည့်များသည့် ဟာသဗီဒီယိုနှင့် ဘာသာပြန်ဗီဒီယို Page များတွင်လည်း ကြော်ငြာများ ထည့်သွင်းကြသည်။
ထို့အပြင် Facebook ကို ငွေပေးပြီး လူများကို မြင်စေရန် ကြော်ငြာသည့် Sponsored Post အများအပြားဖြင့်လည်း ကြော်ငြာကြသည်။ Shan Koe Mee (ရှမ်းကိုးမီး) ဆိုသည့် Page သည် Sponsored (လူကြည့်များစေရန် ငွေပေး၍) တင်ခဲ့သည့် ကြော်ငြာတွင် သရုပ်ဆောင်ခင်လှိုင်နှင့် သူ့အမျိုးသမီး၏ဓာတ်ပုံများကို အလွဲသုံးစားပြုလုပ်ကာ ကြော်ငြာထားသည်။
ခင်လှိုင်က သူ ရှမ်းကိုးမီးအတွက် မကြော်ငြာခဲ့ဟု ငြင်းသည်။ ထို့ပြင် ၎င်း၏ဓာတ်ပုံများကို အလွဲသုံးစားပြုလုပ်မှုနှင့် ပတ်သက်ပြီး တရားစွဲဆိုသွားမည်ဟု သရုပ်ဆောင်ခင်လှိုင်က Myanmar Now ကို ပြောသည်။
“တရားရေးကို ကျွမ်းကျင်တဲ့တွေနဲ့တိုင်ပင်ပြီး တရားစွဲမှာ။ ဒါသက်သက်စော်ကားတာ။ တခြားပုံယူသုံးပြီးတော့ ဒီပြင့် Page တွေဘာတွေမှာ ယူသုံးတာ မပြောဘူး။ ဒီလောင်းကစားကိစ္စကြီးက တစ်ခေါက်ဘယ်သူလဲမသိဘူး ကျွန်တော့် ကို ကြော်ငြာရိုက်ဖို့ လာပြောတယ်၊ လောင်းကစားကိစ္စမျိုး ဆိုလို့ရှိရင်တော့ ကျွန်တော် ကြော်ငြာမရိုက်ဘူးလို့ ငြင်းထားတာ” ဟု သရုပ်ဆောင်ခင်လှိုင်က ဆိုသည်။
၂၀၁၉ ခုနှစ်တွင် အသစ်ပြဋ္ဌာန်းခဲ့သည့် လောင်းကစားဥပဒေတွင် ပြည်ထောင်စုအစိုးရ၏ခွင့်ပြုချက်ဖြင့် ကာစီနိုရုံ (လောင်းကစားခန်း) များ ထူထောင်ခွင့်ပေးထားသော်လည်း နိုင်ငံသားများ ကစားခွင့်မရှိသလို အွန်လိုင်းလောင်းကစားများကို ခွင့်မပြုထားပေ။
ထို့ပြင် လောင်းကစားပြုလုပ်ရန် စည်းရုံးလှုံ့ဆော်ခြင်းကိုလည်း တားမြစ်ထားပြီး အနည်းဆုံးထောင်ဒဏ် ၁ လ မှ ၆ လအထိ ချမှတ်ရမည့်အပြင် အနည်းဆုံး ကျပ် ငါးသောင်း မှ အများဆုံး ကျပ် တစ်သိန်းအထိ ဒဏ်ငွေလည်း ချမှတ်ခံရနိုင်သည်။
သို့သော်လည်း သရုပ်ဆောင်အချို့နှင့် နာမည်ကြီး လူသိထင်ရှားသူအချို့မှာ အွန်လိုင်းဂိမ်းလောင်းကစားခြင်းကို တရားဝင်ကဲ့သို့ ကြော်ငြာနေကြပြီး ၎င်းတို့အနက် တချို့ကမူ ကိုယ်တိုင်ကစားကြသည်ဟုပင် ကြော်ငြာနေကြသည်။
လောင်းကစားများနှင့်ပတ်သက်ပြီး ၂၀၁၈ သြဂုတ်က မင်္ဂလာဒုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက လွှတ်တော်တွင် မေးခွန်း မေးမြန်းခဲ့ဖူးသည်။
“မြေပြင်မှာပြန်ကြည့်ရင် နည်းပညာအရ အစိုးရရဲ့ထိန်းချုပ်မှုအောက်မှာ အဲ့ဒါတွေက မရှိဘူးဗျ။ နိုင်ငံတကာမှာလည်း အဲ့ဒီပြဿနာတွေက ရင်ဆိုင်နေရတယ်” ဟု ဦးအောင်လှိုင်ဝင်းက ဆိုသည်။
ထို့ပြင် “အွန်လိုင်းကနေပြီးတော့ လောင်းကစားမှမဟုတ်ဘူး။ တခြားသော လိင်ပိုင်းဆိုင်ရာ အရောင်းအဝယ်လုပ်တာတို့ နောက်ပြီး ငွေကြေးခဝါချတာတို့ နောက် အတိုးပေးငွေချေးလုပ်ငန်းတို့ အဲ့ဒီလိုမျိုးတွေ လုပ်နေကြတဲ့အခါကျတော့ ထိန်းချုပ်ဖို့တော့ ခက်တယ်။ ဥပဒေအရတော့ တရားမဝင်ဘူး။ တကယ်လက်တွေ့ကျတော့ ထိန်းချုပ်ဖို့ တော်တော်လေးအခက်အခဲရှိမယ်” ဟု သူက ပြောသည်။
Myanmar Now က တွေ့ရှိထားသည့် တရားမဝင် အွန်လိုင်းလောင်းကစားဂိမ်းများကို ကြော်ငြာသရုပ်ဆောင်ပေးပြီး ကိုယ်ပိုင်Facebook ပေါ်တွင်ပင် ဖြန့်ဝေနေသည့် မော်ဒယ်သရုပ်ဆောင်များကို ဖော်ပြလိုက်ပါသည်။
May – (ယခု အဆိုပါ ဗီဒီယိုကို သူ၏ Facebook ပေါ်မှ ဖျက်ပြီး ဖြစ်သည်)
ပိုပို (Blue Mark ရထားသည်)
Htet Htet Htun
Nan Su Oo
Hsu Myat Noe Oo
Han Lay
Wai Lar Ri
Han Thi
Shin Yoon Myat
Swe Zin Htet (Blue Mark ရထားသည့် Facebook အကောင့်ဖြစ်သည်)
May Barani Thaw
Bnyair Phome Pyae
Ninzi May
Thun Thit Sar Zaw
Kyaw Htet Zaw
Hsaung Wutyee May
Lei Yamin
Hnin Nu Nandar
Khin Injinn Kyaw
JerryBerry
Shwe Ma Bon
Yamin Eain Dray
Heinn, The Men’s Looks
Phyu Thainge Kyaw
MinPhone Myat
မွန်လေး