သတင်း

နှစ်လကျော်ကြာဖမ်းထားသည့် NLD အမတ်ကို AA ပြန်လွှတ်ပေး

NLD အမတ် ဦးဝှေ့တင်းအား နှစ်လနီးပါးကြာ ဖမ်းဆီးထားခဲ့ပြီးနောက် ယနေ့တွင် ပြန်လွှတ်ပေးလိုက်ပြီဟု ရက္ခိုင့်တပ်တော် (AA) က ယနေ့ (ဇန်နဝါရီ ၂၁) တွင် ကြေညာလိုက်သည်။

ချင်းပြည်နယ်မဲဆန္ဒနယ်အမှတ်(၁၁)မှ အမျိုးသားလွှတ်တော်အမတ် ဦးဝှေ့တင်းသည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၃ ရက်က လွှတ်တော်တက်ရန်အတွက် ချင်းပြည်နယ် ပလက်ဝမှ ရခိုင်ပြည်နယ် ကျောက်တော်သို့ ရေလမ်းခရီးဖြင့်အသွား ချင်း နှင့် ရခိုင် ပြည်နယ်နှစ်ခု၏ နယ်စပ်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ဦးဝှေ့တင်းကို ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိ လုံခြုံပြီး အန္တရာယ်ကင်းသည့် နေရာတစ်ခုတွင် ပြန်လွှတ်ပေးလိုက်သည်ဟု AA ၏သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ သူနှင့်အတူ ကျောင်းဆရာတစ်ဦးကိုလည်း ပြန်လွှတ်ပေးခဲ့သည်ဟု AA ပြောခွင့်ရအရာရှိ ခိုင်သုခက ပြောသည်။

၎င်းကို ပြန်လွှတ်ပေးမည်ဟု မိသားစုဝင်များကို ကြားခံလူတချို့က ယနေ့ အကြောင်းကြားခဲ့ပြီး ချင်းပြည်နယ်နှင့်ရခိုင်ပြည်နယ်စပ် ဘုယုံးကျေးရွာအနီးတွင် လာရောက်ခေါ်ဆောင်ရန် ပြောဆိုခဲ့သည်ဟု ချင်းပြည်နယ်အစိုးရအဖွဲ့မှ စည်ပင်ဝန်ကြီးဦးစိုးထက်က Myanmar Now ကို ပြောသည်။

ဦးဝှေ့တင်းသည် သူ၏မိသားစုဝင်နှင့်အတူ အဆိုပါနေရာမှ အတူထွက်ခွာလာပြီဖြစ်ကြောင်း ပလက်ဝရှိမိသားစုဝင်များကို ယနေ့နေ့လယ် ၃ နာရီခွဲခန့်က ဖုန်းဆက်အကြောင်းကြားခဲ့သည်ဟု ဦးစိုးထက်က ဆိုသည်။

“အခု စက်လှေနဲ့ ထွက်လာနေပြီ ပြောတယ်။ ဒါဆိုရင် မကြာဘူးရောက်တော့မှာပါ” ဟု ဦးစိုးထက်က ပြောသည်။

NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က လွှတ်တော်အမတ် ဦးဝှေ့တင်း ပြန်လည်လွတ်မြောက်လာသည့် သတင်းကို ကြားရသော်လည်း မိသားစုနှင့် တိုက်ရိုက်အဆက်အသွယ်မရသေးသည့်အတွက် အတည်မပြုနိုင်သေးကြောင်း ဆိုသည်။

ဦးဝှေ့တင်းကို AA ကဖမ်းဆီးခဲ့စဉ် သူနှင့်အတူ ကုလားတန်တံတားစီမံကိန်းအတွက် ချင်းပြည်နယ် ပလက်ဝမြို့နယ်ကိုရောက်ရှိနေသည့် အိန္ဒိယနိုင်ငံသား ၅ ဦး၊ စက်လှေမောင်းသမားများအဝင် စုစုပေါင်း ၁၀ ဦးခန့်လည်း ပါဝင်ခဲ့သည်။

ဖမ်းဆီးထားသူများမှ အိန္ဒိယနိုင်ငံသားတစ်ဦးမှာ အမောဖောက်၊ သေဆုံးသွားသည်ဟု AA ထုတ်ပြန်ခဲ့ပြီး ဦးဝှေ့တင်းမှလွဲ၌ ကျန်သည့် ဖမ်းဆီးထားသူများကို ၂၀၁၉ နိုဝင်ဘာ ၄ တွင် ပြန်လွှတ်ပေးခဲ့သည်။

ဦးဝှေ့တင်းသည် ရက္ခိုင့်တပ်တော်အား သိက္ခာကျအောင် လုပ်ကြံရေးသားခြင်း၊ မြန်မာစစ်တပ်၏ ဝါဒဖြန့်အရေးအသားများကို ထပ်ဆင့်ဖြန့်ဝေခြင်းစသည့် အချက်များကြောင့် ဖမ်းဆီးထိန်းသိမ်းရခြင်း ဟု AA ဘက်က အကြောင်းပြခဲ့သည်။

AA ၏ အဆိုပါလုပ်ရပ်သည် နိုင်ငံတော်က ဆောင်ရွက်နေသည့် အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုတို့အပြင် ပြည်သူလူထုဆန္ဒနှင့် ကိုယ်စားပြုမှုအပေါ် တိုက်ရိုက်ဆန့်ကျင် အကြမ်းဖက်ခြင်းဖြစ်သဖြင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ပြည်ထောင်စုလွှတ်တော်ကလည်း ၂၀၁၈ နိုဝင်ဘာ ၁၈ တွင် ကြေညာခဲ့သည်။

Show More

Related Articles

Back to top button