သတင်း

NLD အမတ်နှင့်အဖွဲ့ကို AAဖမ်းတာဖြစ်နိုင်ဟု ချင်းပြည်နယ်အစိုးရဘက်က ခန့်မှန်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) မှ အမျိုးသားလွှတ်တော်အမတ်နှင့်အဖွဲ့ ယနေ့နံနက်ပိုင်းက ချင်းနှင့်ရခိုင် နှစ်ပြည်နယ် နယ်စပ်တွင် ပျောက်ဆုံးနေခြင်းသည် ရက္ခိုင့်တပ်တော် AA ၏ လက်ချက်ဖြစ်နိုင်ကြောင်း ချင်းပြည်နယ်အစိုးရဘက်က ခန့်မှန်းလိုက်သည်။

ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁) ၏ အမျိုးသားလွှတ်တော်အမတ် ဦးဝှေ့တင်းသည် နေပြည်တော်တွင် မနက်ဖြန် ( နိုဝင်ဘာ ၄ ) ပြန်စမည့် လွှတ်တော်အစည်းအဝေးတက်ရန် ရေလမ်းကြောင်းဖြင့် ချင်းပြည်နယ်၊ ပလက်ဝ မှ ရခိုင်ပြည်နယ်၊ ကျောက်တော်သို့အသွား ပွေ့ကုန်းအမည်ရှိနေရာတွင် ပျောက်ဆုံးနေခြင်းဖြစ်သည်။

သူနှင့်အတူ နိုင်ငံခြားသား ငါးဦး ၊ စကားပြန်နှင့် ယာဉ်မောင်းများအပါအဝင် စုစုပေါင်း ၁၀ ဦး ပျောက်ဆုံးနေကြောင်း ပလက်ဝမြို့နယ်အုပ်ချုပ်ရေးမှူး၏ အစီရင်ခံစာကို ကိုးကားပြီး Khit Thit သတင်းဌာနက ရေးသားသည်။ ၎င်းတို့ ပျောက်ဆုံးခဲ့သည့် အချိန်နှင့် နောက်ဆုံးအဆက်အသွယ်ရသည့် အချိန်ကို လောလောဆယ် မသိရသေးပါ။

၎င်းတို့အား ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးထားသည်ဟု လတ်တလောတွင် သုံးသပ်ထားကြောင်း ချင်းပြည်နယ်အစိုးရ၊ စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဝန်ကြီးဦးစိုးထက်က ပြောသည်။

“လက်နက်ကိုင်က တပ်မတော်နဲ့ AA နှစ်ဖွဲ့ပဲ ရှိတယ်။ တပ်မတော်ကဖမ်းတာ မဟုတ်တာတော့ သေချာတယ်”” ဟု ၎င်းက ဆိုသည်။

သို့သော် ယင်းဖြစ်ရပ်အတွက် AA ဘက်က ထုတ်ဖော်ပြောဆိုခြင်းမရှိသလို Myanmar Now ကလည်း AA ဘက်သို့ ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

ပျောက်ဆုံးနေသူများအား ရှာဖွေနေဆဲဖြစ်ပြီး ယနေ့ည ၁၀ နာရီအထိ ရှာမတွေ့သေးဟု ချင်းပြည်နယ် စိုက်ပျိုးရေး၊မွေးမြူရေး၊ သစ်တော နှင့်သတ္တုဝန်ကြီး ဦးမန်ဟင်းဒါလ်က ပြောသည်။

ပျောက်ဆုံးနေသူများအား တပ်မတော်စစ်ကြောင်းများက လိုက်လံရှာဖွေနေကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောသည်။

ပလက်ဝနှင့် ကျောက်တော်အကြား ဒေသများသည် ရက္ခိုင့်တပ်တော် AA လှုပ်ရှားနေသည့် နေရာများလည်းဖြစ်သည်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃၁ မှ စက်တင်ဘာ ၁၄ အထိ ပလက်ဝမြို့နယ် မှ လူ၈၂ ဦးကို AA က ဖမ်းသွားခဲ့ပြီး ပြန်မလွှတ်သေးဟု အောက်တိုဘာ ၃၁ တွင် သမ္မတရုံးက သတင်းထုတ်ပြန်သည်။

ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူများ ပြန်လည်လွတ်မြောက်လာစေရေးအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့က အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ လိုအပ်သလို ကူညီဆောင်ရွက်ပေးနိုင်ရန် တင်ပြထားရှိကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးကို ကိုးကားပြီး အဆိုပါသတင်းတွင် ရေးသားထားသည်။

Show More

Related Articles

Back to top button