ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် နိုဝင်ဘာ နှင့် ဒီဇင်ဘာအတွင်း ကလေးသူခိုးကိစ္စနှင့် တို့ဆေး ကဲ့သို့သော အများပြည်သူ ထိတ်လန့်စိုးရိမ်ဖွယ် ကောလာဟလများနှင့် သတင်းမှားများ များစွာပျံ့နှံ့ခဲ့သည်။ နယ်မြို့နှင့် ကျေးလက်ဒေသများတွင် ဆိုရှယ်မီဒီယာပေါ်မှ ယင်းကောလာဟလကြောင့် ကလေးသူခိုးဟု စွပ်စွဲမှုများလည်း မြင့်တက်ခဲ့ပြီး ထိတ်လန့်မှုများ ရှိခဲ့သည်။
အဆိုပါကောလာဟလနှင့် သတင်းမှားများကို Click-bait Website ဟု ခေါ်သည့် လူကြည့်များစေရန် ဖြားယောင်းသည့် အကြောင်းအရာများ ရေးသားပြီး ဝင်ငွေရှာနေသည့် ဝက်ဘ်ဆိုက်များက ဖြန့်ဝေခဲ့ကြသည်ကို Myanmar Now က တွေ့ရှိထားသည်။
အဆိုပါ ဝက်ဘ်ဆိုက်များထဲမှ လတ်တလောတွင် medicalsharing.website ဟု လိပ်စာတပ်ထားသည့် Chue May Medical Sharing အမည်ဖြင့် ဝက်ဘ်ဆိုက်တစ်ခုမှာ ပျံ့နှံ့မှုအားကောင်းလာပြီး လူကြည့်များလာခဲ့သည်။ ၎င်းတို့သည် Chue May Medical Sharing ဟူသည့်နာမည်နှင့် ရှိသလို၊ Medical Sharing ဟုလည်း ရေးသားထားသည်ကို တွေ့ရသည်။
ယင်းဝက်ဘ်ဆိုက်သည် ၂၀၁၉ နိုဝင်ဘာအတွင်းကမှ လှုပ်ရှားအသက်ဝင်လာခြင်းဖြစ်သော်လည်း လပိုင်းအတွင်းမှာပင် လျင်မြန်စွာတိုးတက်လာသည်ကို တွေ့ရသည်။ ၂၀၁၉ နိုဝင်ဘာနှောင်းပိုင်းနှင့် ဒီဇင်ဘာလဆန်းအထိ တစ်ပတ်တာကာလအတွင်း အဆိုပါ ဝက်ဘ်ဆိုက်တွင် တို့ဆေးနှင့် ကလေးသူခိုးကဲ့သို့သော သတင်းတု သတင်းမှားအကြောင်းအရာပေါင်း ၁၀ ခုထက်မနည်း ဖြန့်ဝေခဲ့သည်။
အဆိုပါအကြောင်းအရာများကို ၎င်းတို့၏ ဝက်ဘ်ဆိုက်လင့်ခ်မှတစ်ဆင့် Facebook တွင် ပြန်လည်မျှဝေသူ “သောင်းနှင့်ချီ” ရှိခဲ့ပြီး ဝင်ရောက်ကြည့်ရှူမှု “သိန်းချီ” ရှိခဲ့သည်။ အဆိုပါ Website ကို KKD – Burma https://www.facebook.com/kokodway.help/ ဆိုသည့် Facebook Page နှင့် KKD-Burma KKD – Burma ဆိုသည့် Facebook Page နှစ်ခုက ပုံမှန်ဖြန့်ဝေလေ့ရှိသည်။ ထို့အပြင် များပြားလှသည့် Group (ဂရု) များတွင်လည်း Facebook အကောင့်တုများအသုံးပြု၍ အဆိုပါ သတင်းဝက်ဘ်ဆိုက်ကို ဖြန့်ဝေနေသည်ကို တွေ့ရသည်။
လွန်ခဲ့သည့် ဇန်နဝါရီ ၂ရက်နေ့တွင် တင်ခဲ့သည့် အဆိုပါ website ၏ လူကြည့်အများဆုံးနှင့် မျှဝေသူအများဆုံးဖြစ်သည့် မြေးဖြစ်သူမှအဘိုးဖြစ်သူအား အလုပ်မလုပ်ဟုဆိုကာ ရိုက်နှက် http://medicalsharing.website/archives/3231 ဆိုသည့် သတင်းကို Myanmar Now က အချက်အလက် စစ်ဆေးကြည့်ခဲ့သည်။

အဆိုပါသတင်းကို ပြန်လည်မျှဝေသူ ၂၀,၀၀၀ ကျော်ရှိခဲ့ပြီး လူပေါင်းသိန်းနှင့်ချီ ဖတ်ရှုခဲ့သည်။ အဆိုပါအဖြစ်အပျက်သည် စစ်ကိုင်းတိုင်းဒေသကြီး “မူရွာ” မြို့တွင်ဖြစ်ပွားခဲ့ပြီး ရဲစခန်းတွင်တိုင်ကြားထားခြင်းမရှိကြောင်း ဓာတ်ပုံများနှင့်တကွ ဖော်ပြထားသည်။ (မှတ်ချက်။ ။ မူရင်းတွင် ‘မုံရွာ’ ကို ‘မူရွာ’ ဟုမှားရေးထားသည်)
ယင်းဓာတ်ပုံများကို Myanmar Now က စစ်ဆေးကြည့်သည့်ရာတွင် မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့ခြင်း မဟုတ်ဘဲ အင်ဒိုနီးရှားနိုင်ငံ စင်ထရယ် ဂျာဗားတွင်ဖြစ်ပွားခဲ့သည့် အကြောင်းအရာဖြစ်နေကြောင်း တွေ့ရသည်။
ထို့အပြင် အဆိုပါဝက်ဘ်ဆိုက်တွင် တရားဝင်သတင်းဌာနများ၏ သတင်းများကိုလည်း ခွင့်ပြုချက်မရှိဘဲ ကူးယူဖော်ပြနေသည်ကို တွေ့ရသည်။ Myanmar Now အနေဖြင့် အဆိုပါဝက်ဘ်ဆိုက်ကို လက်ရှိစီမံနေသူတစ်ဦးနှင့် ဆက်သွယ်မေးမြန်းခဲ့သည်။ ယင်းပုဂ္ဂိုလ်မှာ အဆိုပါ သတင်းမှားများကို ပုံမှန် ဖြန့်ဝေနေသည့် KKD – Burma ဆိုသည့် Page မှ ဖြစ်သည်။
သတင်းမှားများ သတင်းတုများနှင့် သတင်းကူးယူမှုများနှင့် ပတ်သက်ပြီး မေးမြန်းခဲ့ရာတွင် ဝက်ဘ်ဆိုက်ကို လက်ရှိစီမံအသုံးပြုနေသူက “ကျွန်တော်တို့က သတင်းကို ဝါသနာပါလို့ တင်လိုက်တာပါ။ ဂျာနယ်လစ်တစ်ယောက်မဟုတ်တော့ စည်းကမ်းတွေ၊ မူတွေတော့ မသိပါဘူးခင်ဗျ၊ များသောအားဖြင့် Own Writer တွေကို Credit ပေးပြီး တင်ဖြစ်ပါတယ်” ဟု KKD – Burma စာမျက်နှာက ပြန်လည် ဖြေကြားခဲ့သည်။

သို့သော်လည်း အဆိုပါ ဝက်ဘ်ဆိုက်သည် Facebook ၏ ထုတ်ကုန်တစ်ခုဖြစ်သည့် Instant Articles နှင့် ချိတ်ဆက်ထားပြီး ၎င်းတို့တင်သည့် သတင်း၏ ပျံ့နှံ့မှုပေါ်မူတည်ပြီး ဝင်ငွေများရရှိနေသည်။ Facebook မှ ဝင်ငွေရရှိမှုအကြောင်းကို မေးမြန်းသည့်အခါ “အဆိုပါ ဝက်ဆိုဘ်ကို ပိုင်ရှင်ထံမှ ခေတ္တယူငင်အသုံးပြုနေသည့်အတွက် ၎င်းအနေနှင့် မသိကြောင်း” ဖြေကြားခဲ့သည်။
လက်ရှိ medicalsharing.website ကဲ့သို့သော Click Baits Website များသည် တရားဝင် သတင်းဌာနများထက် လူအများ၏ ကြည့်ရှုမှု ပိုမိုများပြားနေသော်လည်း သတင်းများနှင့်ပတ်သက်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုမရှိပေ။ အဆိုပါ ဝက်ဘ်ဆိုက် များသည် သတင်းတု သတင်းမှားများကို ဖြန့်ဝေလေ့ရှိသောကြောင့် Myanmar Now အနေဖြင့် အဆိုပါ ဝက်ဘ်ဆိုက်များကို အချက်အလက်စစ်ဆေးပြီး ဆက်လက်ထုတ် ပြန်သွားမည်ဖြစ်သည်။



