ရက္ခိုင့်တပ်တော် စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီအရင်း အစုစပ်ပါဝင်ထားသည်ဟု ဆိုသော ရခိုင်စာ စားသောက်ဆိုင် တစ်ဆိုင်ကို ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ (ဗဟို) က ယနေ့ ဇန်နဝါရီလ ၉ ရက်တွင် ချိပ်ပိတ်ခဲ့သည်။
ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ အသောကလမ်းရှိ Phoenix ရခိုင်စာ စားသောက်ဆိုင်ကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအဖွဲ့နှင့် ရဲများ၊ အထူးစစ်ဆေးရေးဦးစီးဌာနတို့က ယနေ့ နံနက် ၁၁ နာရီခွဲခန့်က လာရောက်ချိပ်ပိတ်ခဲ့ခြင်းဖြစ်ပြီး ထိုသို့ ပိတ်ရခြင်းနှင့်ပတ်သက်၍ တိကျသည့်အကြောင်းရင်းကိုတော့ ရဲတပ်ဖွဲ့နှင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့နှင့် အဆက်အသွယ်မရသဖြင့် မသိရသေးပါ။
သို့သော် AA ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ညီအရင်း ကိုအောင်မြတ်ကျော်က အဆိုပါ Phoenix ဆိုင်တွင် ရှယ်ယာထည့်ဝင်ထားသည့် အတွက်ကြောင့် ဆိုင်ကိုချိပ်ပိတ်ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြသည့် စာတစ်စောင်တွင် တွေ့ရသည်ဟု အဆိုပါဆိုင်မှ အမည်မဖော်လိုသူ ဝန်ထမ်းတစ်ဦးက Myanmar Now ကို ပြောသည်။
“အခု စင်ကာပူက ပြန်လာတဲ့ အဖွဲ့အစည်းတွေ အဖမ်းခံရတယ်ဆိုတာ ဖြစ်တယ်ပေါ့။ အဲဒီလူရဲ့ ထွက်ဆိုချက်အရ ဒီဆိုင်မှာ ရှယ်ယာပါတယ်ဆိုပြီးတော့ အဲဒီလူရဲ့ ပိုင်ဆိုင်မှုကို စစ်တာ” ဟု ယင်းဝန်ထမ်းက ပြောသည်။
ကိုအောင်မြတ်ကျော်ပါဝင်သည့် ရခိုင်အသင်း (စင်ကာပူ) သည် AA အဖွဲ့ကို ရန်ပုံငွေရှာဖွေပေးနေသည်ဟုဆိုကာ စင်ကာပူအစိုးရက အသင်းဥက္ကဋ္ဌ ကိုဟိန်းဇော်၊ ခေါင်းဆောင် ကိုအောင်မြတ်ကျော် အပါအဝင် စုစုပေါင်းရခိုင်ခြောက်ဦးကို ပြီးခဲ့သည့်နှစ် ဇူလိုင်လ အတွင်း ပြည်နှင်ဒဏ်ပေးခဲ့သည့်အတွက် မြန်မာနိုင်ငံသို့ ပြန်ရောက်လာခဲ့သည်။
ရန်ကုန်ပြန်ရောက်လာသည့် ၎င်းတို့ ၆ ဦးနှင့် ဆက်စပ်သူများအပါအဝင် စုစုပေါင်း ၈ ဦးကို အချိန်မတူ၊ နေရာမတူဘဲ အသီးသီးဖမ်းဆီးလိုက်ပြီး သြဂုတ်လ ၉ ရက်တွင် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံး၌ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)၊ ပုဒ်မ ၅၂(က)တို့ဖြင့် တရားစွဲဆိုခဲ့သည်။
- ရခိုင်အသင်း(စင်ကာပူ) ဥက္ကဋ္ဌ အပါအဝင် ၈ ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲ
- ရခိုင်အသင်း(စင်ကာပူ) ဥက္ကဋ္ဌအပါအဝင် ၈ ဦးကို တရားသူကြီး ၂ ဦးဖြင့် ခုံရုံးဖွဲ့ကာ စတင်စစ်ဆေး
Phoenix စားသောက်ဆိုင်ကို ရခိုင်တိုင်းရင်းသား ဦးထွန်းထွန်းလွင်ဆိုသူက ပိုင်ဆိုင်ပြီး ကိုအောင်မြတ်ကျော် ရှယ်ယာပါခြင်းကို ယခုအမှု ဖြစ်မှသာ သိရှိရခြင်း ဖြစ်သည်ဟု အထက်ပါဝန်ထမ်းက ဆိုသည်။
ဦးထွန်းထွန်းလွင်နှင့် Myanmar Now က အဆက်အသွယ်မရသေးပါ။
Myanmar Now က ယင်းစားသောက်ဆိုင်သို့ ယနေ့ သွားရောက်ခဲ့ရာတွင် ဆိုင်တံခါးပိတ်ထားပြီး “မည်သူမျှ မကျူးကျော်ရ။ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေး အဖွဲ့မှ ယာယီသိမ်းဆည်းထားသည်။ ဝင်ရောက်ကျူးကျော်၊ ပြောင်းလဲ၊ လွှဲပြောင်း ဖျောက်ဖျက်ပါက ဥပဒေအရ အရေးယူခြင်းခံရမည်” ဟု အနီရောင် တားမြစ်စာ ကပ်ထားသည်ကို မြင်တွေ့ခဲ့ရသည်။
ယနေ့ အာဏာပိုင်များက ဆိုင်သို့ လာရောက်စစ်ဆေးမှု မတိုင်ခင် လွန်ခဲ့သည့် နှစ်ရက်ကလည်း ဆိုင်၏ အခွန်ဆောင်မှုနှင့် လိုင်စင်သက်တမ်းတိုးသည့် အထောက်အထားများကိုပင် သက်ဆိုင်ရာကို ပေးခဲ့ရသည်ဟု ဝန်ထမ်းက ဆိုသည်။
၎င်းတို့ဆိုင်ကို ချိပ်ပိတ်ခဲ့၍ ဝန်ထမ်းများက နေရပ်သို့ ပြန်မည်ဟု ဆိုသည်။
၂၀၁၉ ခုနှစ် နှစ်လယ်ပိုင်းခန့်က ရန်ကုန်ရှိ ရခိုင်စားသောက်ဆိုင်များနှင့်ပတ်သက်၍ AA နှင့် ဆက်နွှယ်မှုများရှိသည်ဟု တပ်မတော်ထောက်ခံသည့် Facebook အကောင့်များက သတင်းဖြန့်မှုများ ရှိခဲ့သည်။
ရက္ခိုင့်တပ်တော် AA ၏ပြောခွင့်ရအရာရှိ ခိုင်သုခက အဆိုပါဆိုင်မှာ ၎င်းတို့နှင့် ပတ်သက်ခြင်းမရှိသလို၊ AA အတွက် ငွေကြေးခဝါချပေးနေသည်ဆိုသည်မှာလည်း မမှန်ကြောင်း Myanmar Now ကို ပြောသည်။
“ဘာမှဆိုင်ဘူးဗျ။ အဲဒီကိစ္စတွေက ကျွန်တော်တို့နဲ့ဘာမှပတ်သက်မှုမရှိဘူး။ အဲဒီဆိုင်တွေကလည်း အကြာကြီးကတည်းက သူတို့ဖွင့်ပြီးတော့ လုပ်နေကြတဲ့ဆိုင်တွေ ဘာမှပတ်သက်မှုမရှိပါဘူး” ဟု ခိုင်သုခက ဆိုသည်။