
လိင်ပိုင်းဆိုင်ရာစော်ကားခံခဲ့ရသည်ဟု ဆရာဝန်များကအတည်ပြုထားသည့် နေပြည်တော်မှ မူကြိုအရွယ် မိန်းကလေးငယ်နှင့်မိသားစု၏ အမည်ရင်းအပါအဝင် အသေးစိတ်အချက်အလက်များကို ရဲအရာရှိများ ဦးဆောင်သည့် ဒီဇင်ဘာ ၁၉ ရက် သတင်းစာရှင်းလင်းပွဲတွင် လူသိရှင်ကြားထုတ်ဖော်ပြောဆိုခဲ့သည်။
ထို့အပြင် ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်မှုများပြုလုပ်နေသည့် “ရဲဇာနည်”အမည်ရ Facebook စာမျက်နှာတွင်လည်း ဗစ်တိုးရီးယားမိသားစုနှင့်သက်ဆိုင်သည့် စာရွက်စာတမ်းများကို ထုတ်ပြန်ဖြန့်ချိခဲ့ပြန်သည်။ နာရီ ပိုင်းအကြာတွင် ရဲဇာနည် Facebook ၌ အဆိုပါစာရွက်စာတမ်းများနှင့် သတင်းစာရှင်းလင်းပွဲ ဗီဒီယိုဖိုင်တို့ မရှိတော့ သော်လည်း ရဲတပ်ဖွဲ့က ကိုယ်တိုင်ပြန်လည်ဖြုတ်ခြခြင်းလား၊ အများပြည်သူ၏ တိုင်တန်းမှုများအရ Facebook က ဖြုတ်ချလိုက်ခြင်းလား ဆိုသည်မှာကို အတည်မပြုနိုင်သေးပေ။
ရဲတပ်ဖွဲ့၏ ထိုသို့ပြုမူပုံများနှင့်ပတ်သက်၍ ထင်ရှားသည့် ရှေ့နေများ၏ သဘောထားအမြင်များကို Myanmar Now က စုစည်းဖော်ပြလိုက်ပါသည်။

“တရားစွဲဆိုနိုင်တာက ကလေးရဲ့မိဘများက ပိုပြီး လုပ်ပိုင်ခွင့်ရှိပါတယ်”
ဦးခင်မောင်ဇော်(ကိုအောင်ကြီး၏ ရှေ့နေအဖွဲ့ခေါင်းဆောင်)
ကလေးသူငယ်ဥပဒေကို ချိုးဖောက်တဲ့သဘောရောက်ပါတယ်။ တရားစွဲဆိုနိုင်တာက ကလေးရဲ့မိဘများက ပိုပြီး လုပ်ပိုင်ခွင့်ရှိပါတယ်။ စစ်အစိုးရလက်ထက်ကတည်းက ဗိုလ်ချုပ်ခင်ညွန့်ကို တိုက်ခိုက်တဲ့အခါမှာ ထင်ရှားတဲ့ ဥပဒေဆိုရိုးစကားရှိပါတယ်။ ဥပဒေအထက်မှာ ဘယ်သူမှမရှိစေရပေါ့ဗျာ။ အဲဒါနဲ့တွဲဖက်တဲ့စကားရပ်က ဥပဒေအောက်တွင် လူတိုင်းတန်းတူရှိပေါ့။ အဲဒီတော့ ဒီလိုထုတ်ပြန်ပြောဆိုမှုတွေဟာ ရဲတပ်ဖွဲ့နဲ့အရာရှိကြီးတွေမို့ မဆွဲဘူးဆိုရင်တော့ ဥပဒေအထက်မှာရှိနေမှာဖြစ်သလို ဥပဒေအောက်မှာလည်း လူတိုင်းတန်းတူမရှိဘဲ ဖြစ်သွားမှာပေါ့ခင်ဗျာ။

“သူတို့ရဲ့ရာထူးအရဆိုရင်သူတို့ပိုပြီးသိပါတယ်”
ဒေါ်ရွက်နုအောင်(ဗစ်တိုးရီးယားဘက်မှ ရှေ့နေ)
တကယ့်ကို မြန်မာနိုင်ငံရဲ့တရားစွဲအဖွဲ့အစည်း CIDအပါအဝင် အရာရှိကြီးတွေ ဒီလိုပြောတာဟာ တမင်ထည့်သွင်းပြောကြားမှုလား၊ သတိလက်လွတ်ပြောတာလားဆိုတာ ကာယကံရှင်တွေ အသိဆုံးဖြစ်မှာပါ။ ရဲမှူးအဆင့်နဲ့ အထက်မြင့်တဲ့သူတွေပြောကြတာလေ၊ သူတို့ရဲ့ရာထူးအရဆိုရင်သူတို့ပိုပြီးသိပါတယ်။ ဥပဒေကြောင်း အရတော့ လောလောဆယ်မပြောချင်သေးဘူး။

ဒေါ်စုဒါလီအောင် (ကိုအောင်ကြီး၏ရှေ့နေ)
ဒီအမှုနဲ့ပတ်သက်ပြီး နှစ်ဖက်ရှေ့နေတွေ၊ တရားရုံး၊ ဥပဒေအရာရှိ၊ မီဒီယာတွေရော တရားရုံးမှာ လာရောက်နားထောင်တဲ့ ပြည်သူအားလုံးကပါ ကလေးလေးရဲ့ အမည်နဲ့ မိသားစုရဲ့ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကိုရော အကုန်လုံးက သိပါတယ်။ ဒါပေမယ့် သူတို့က ထုတ်မပြောကြပါဘူး။ ဥပဒေနဲ့ဝေးတဲ့ ပြည်သူတွေကတောင် ထိန်းသိမ်းနေပါလျက်နဲ့ ဥပဒေကို အတိအကျလိုက်နာရတဲ့ ရဲတပ်ဖွဲ့၊ သာမန်အဆင့်တောင်မဟုတ်ဘူး အရာရှိကြီးတွေက နာမည်ထုတ်ပြောတဲ့အပြင် လူမှုကွန်ရက်ပေါ်မှာ စာရွက်စာတမ်းတွေကိုပါ ထုတ်ဖော်ပြသလိုက်တဲ့အပေါ် အပြင်းအထန်ရှုတ်ချပါတယ်။
ကလေးမိသားစုဝင်တွေနဲ့ ရှေ့နေတွေကို တိုင်တန်းသူရှိတုန်းက အမည်မှန်ကို မပြောဘဲ အမည်ဝှက်ကိုပြောတာကိုတောင်မှ ရဲတပ်ဖွဲ့က ကလေးသူငယ်ဥပဒေမြောက်ပါတယ်ဆိုပြီး သူတို့ကအမှုဖွင့်ပေးတာ၊ အခု ဗစ်တိုးရီးယား မိဘလိပ်စာ အတိအကျ၊ အမည်မှန်တွေ ထုတ်ဖော်ပြောဆိုတဲ့ ထုတ်ပြန်တဲ့ ရဲတပ်ဖွဲ့ရဲ့ လုပ်ရပ်ဟာ သိသိကြီးနဲ့ ချိုးဖောက်တာလားလို့ မေးခွန်းထုတ်ချင်ပါတယ်။
ရဲတပ်ဖွဲ့ဟာ ဝန်ထမ်းတွေဖြစ်တဲ့အတွက် ဝန်ထမ်းဥပဒေတွေ၊ စောင့်ထိန်းရမယ့် ကျင့်ဝတ်သိက္ခာတွေနဲ့လည်း ငြိစွန်းနိုင်ပါတယ်၊ ကလေးသူငယ်ဥပဒေနဲ့လည်း ငြိစွန်းနိုင်ပါတယ်၊ လူမှုကွန်ရက်မှာ ဖြန့်ဝေတဲ့အတွက် ဆက်သွယ်ရေးဥပဒေ ၆၆ (ဃ)နဲ့လည်း ငြိစွန်းနိုင်ပါတယ်။

“ဒါမျိုးလုပ်ရင် တရားဥပဒေနဲ့ငြိစွန်းတယ်”
ဦးအောင်စိုးဦး (တရားလွှတ်တော်ရှေ့နေ)
မြန်မာနိုင်ငံမှာ ကလေးသူငယ်နဲ့ပတ်သက်တဲ့ ဥပဒေရှိပါတယ်။ ကလေးသူငယ်နဲ့ပတ်သက်တဲ့ မှုခင်းဖြစ်လာရင် ကျူးလွန်ခံရသူမပြောနဲ့ ကျူးလွန်သူတို့ သက်သေတို့ကိုတောင် နာမည်ဖော်ပြခွင့်၊ အခြားအချက်အလက်တွေ ရုပ်ပုံတွေ ဖော်ပြခွင့်မရှိပါဘူး။ ဒါမျိုးလုပ်ရင် တရားဥပဒေနဲ့ ငြိစွန်းတယ်၊ အရေးယူတယ်ပေါ့။ ပြီးတော့ ဗစ်တိုးရီးယားကိစ္စနဲ့ပတ်သက်ပြီး ဗစ်တိုးရီးယားရဲ့ ဖခင်နဲ့မိသားစုဝင်တွေအပါအဝင် ကိုအောင်ကြီးရဲ့ရှေ့နေတွေကိုလည်း အင်တာဗျူးတစ်ခုမှာ ဘယ်သူဘယ်ဝါ၊ ဘယ်သူ့သားသမီးပါဆိုတာကို ထည့်မပြောဘဲ ကိုကို၊ ညီညီဆိုတဲ့ အသုံးအနှုန်း သုံးမိရုံနဲ့တင် ရဲတပ်ဖွဲ့က အမှုကိုလက်ခံပြီး ကလေးသူငယ်ဥပဒေနဲ့ အမှုဖွင့်ပေးခဲ့တယ်။
ဆိုတော့ အဲဒီလိုရဲတပ်ဖွဲ့ကြီးကနေ တိုင်းသိပြည်သိ သတင်းစာရှင်းလင်းပွဲလုပ်ပြီးတော့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရတဲ့ ကလေးငယ်ရဲ့နာမည်နဲ့ မိဘနာမည် နေရပ်လိပ်စာအတိအကျကို ကြေညာပေးတာဟာ ဥပဒေနဲ့ လုံးဝမညီပါဘူး။ ဘာကြောင့်အဲဒီလို အတိအကျထည့်သွင်းပြီး ဘာကြောင့်သတင်းစာရှင်းလင်းပွဲ လုပ်ရတယ်ဆိုတဲ့ အကြောင်းရင်းကို မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ပြည်သူတွေသိအောင် ထပ်မံရှင်းပြသင့်ပါတယ်။ ရဲတပ်ဖွဲ့ဟာ ဒီကိစ္စနဲ့ပတ်သက်ပြီး တာဝန်ယူ တာဝန်ခံမှုရှိကြောင်း ပြကိုပြရမှာပါ။ နစ်နာသူတွေအနေနဲ့လည်း ဥပဒေကြောင်းအရ ဆောင်ရွက်သင့်ပါတယ်။
နောက်တစ်ချက်က တရားစီရင်ရေးကို ဒီလိုသတင်းစာရှင်းလင်းပွဲလုပ်ပြီး မေးခွန်းထုတ်တာမျိုးလုပ်သင့်ရဲ့လား ဆိုတာလည်း ရဲတပ်ဖွဲ့ကို မေးခွန်းထုတ်ချင်ပါတယ်။ တရားရုံးကို မထီမဲ့မြင်ဖြစ်အောင် ဘယ်သူမှ ဝေဖန်လို့မရ ပါဘူး။ အဲဒီတော့ ရဲတပ်ဖွဲ့ရဲ့လုပ်ရပ်က တရားရုံးအပေါ်မှာ မလုပ်သင့်တဲ့ အလေ့အကျင့်မျိုးကို စံပြအနေနဲ့ လုပ်ပြနေတာလားလို့တောင် သံသယရှိပါတယ်။

“သွေးရိုးသားရိုးလို့တော့ ကျွန်မ မယူဆဘူး”
ဒေါ်အေးနုစိန် (တရားလွှတ်တော်ရှေ့နေ)
ကျွန်မ ရှေ့နေလုပ်လာတာ နှစ်ပေါင်း ၄၀ လောက်နီးနီး အတွေ့အကြုံအရ ရဲဆိုတာ ကိုယ်စွဲတင်လိုက်တဲ့အမှုကို အပြစ်မရရင် လုံးဝကိုမကျေနပ်ဘူး။ အခုက အောင်ကြီးကို အကြောင်းအမျိုးမျိုးပြပြီး စွဲတင်တာ လွတ်သွားတယ်။ အဲဒီတော့ ရဲက ငါတို့လုပ်တာဟာ ဒီလိုပဲပျက်ပြယ်သွားရကောင်းလားဆိုတဲ့ဟာမျိုးနဲ့ ကျင့်ဝတ်တွေကိုဖောက်ဖျက်ပြီး တစ်ဖက်လှည့်နဲ့ သတိမထားမိသလိုလိုနဲ့ ဗစ်တိုးရီးယားနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေ ကို သတင်းစာရှင်းလင်းပွဲလိုနေရာမျိုးမှာ ထုတ်ပြန်လိုက်တယ်ဆိုတာ သွေးရိုးသားရိုးလို့တော့ ကျွန်မ မယူဆဘူး။ တစ်ဖက်လှည့်နဲ့ ထိခိုက်အောင်လုပ်တဲ့သဘောမျိုး ဖြစ်တယ်လို့ပဲ ကျွန်မ ပြောချင်တယ်။
ဥပဒေစိုးမိုးမှုအားနည်းလို့ နစ်နာသူက တောင်းဆိုဖို့ကိစ္စတွေမှာ တွန့်ဆုတ်နေကြရပေမယ့် ဥပဒေပေါ်မှာ ဘယ်သူမှမရှိရဘူးဆိုတဲ့ ဆောင်ပုဒ်ကို ကျွန်မတို့နိုင်ငံမှာ အမှန်တကယ်ကျင့်သုံးကြမယ်ဆိုရင် နစ်နာသူမှန်သမျှဟာ ရာဇဝတ်မှုအရရော၊ တရားမကြောင်းအရရော တရားစွဲဆိုခံစားပိုင်ခွင့်ရှိတယ်၊ ကျူးလွန်သူတွေကို အပြစ်ပေးရမယ်။