၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲနိုင် လွှတ်တော် ကိုယ်စားလှယ်များ ဦးဆောင် တည်ထောင်ထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီ (UNDP) သည် လာမည့်နှစ် ရွေးကောက်ပွဲ၌ တိုင်းဒေသကြီးများတွင်သာ အဓိကထား ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ပါတီအထွေထွေအတွင်းရေးမှူး ဒေါ်နော်အုန်းလှက ပြောသည်။
ပြည်နယ်များတွင် ၎င်းတို့ပါတီနှင့် မဟာမိတ်ပြုလုပ်ထားသော စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုး များ မဟာမိတ်အဖွဲ့ (UNA) အဖွဲ့ဝင် နိုင်ငံရေးပါတီများရှိနေသဖြင့် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် UNDP က တိုင်းဒေသကြီးများတွင်သာ အဓိကထား ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။
ယင်းပါတီတွင် တိုင်းရင်းသားခေါင်းဆောင် ၈ ဦးက နာယကအဖြစ် တာဝန်ယူထားပြီး တိုင်းရင်းသားခေါင်းဆောင်များဖြစ်သည့် SNLD (ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်)ပါတီမှ ခွန်ထွန်းဦး၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်မှ ပုကျင့်ရှင်းထန် တို့လည်း ပါဝင်သည်။
တိုင်းရင်းသားခေါင်းဆောင် ၈ ဦးကို ပါတီနာယကအဖြစ် ထားရှိရခြင်းမှာ ၎င်းတို့ ဖြတ်သန်းလာသည့် နိုင်ငံရေးအတွေ့အကြုံအရ ပါတီကို အကြံပေး ထိန်းကျောင်းပေးရန်အတွက် ဖြစ်ကြောင်း ပါတီဥက္ကဋ္ဌ ဦးဒေးဗစ်လှမြင့်က ပြောသည်။
“ကော်မရှင်ဥပဒေအရ လူတစ်ယောက်တည်းကနေ ပါတီ နှစ်ခုကို တာဝန်ယူလို့ မရဘူးဗျ။ သူတို့ကို ကျွန်တော်တို့ရဲ့ နာယကတွေ ခေါင်းဆောင်တွေအနေနဲ့ ထားတာပေါ့” ဟု ၎င်းက ပြောသည်။
ပါတီဥက္ကဋ္ဌ ဦးဒေးဗစ်လှမြင့်သည် ၁၉၉၀ ရွေးကောက်ပွဲနိုင် ငပုတောမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး ဒုဥက္ကဋ္ဌ(၁) အဖြစ် သာပေါင်းမဲဆန္ဒနယ် အမတ် ဦးသန်းဝင်း၊ ဒုဥက္ကဋ္ဌ (၂) အဖြစ် နိုင်ငံရေးလေ့လာသုံးသပ်သူ စာရေးဆရာ ဦးသန်းဝင်းလှိုင်တို့က တာဝန်ယူထားသည်။
လက်ရှိ နိုင်ငံရေးအခင်းအကျင်းအရ လွှတ်တော်တွင်းနှင့် လွှတ်တော်ပြင်ပ ဟန်ချက်ညီညီသွားရန် လိုအပ်နေပြီး လွှတ်တော်တွင်းနိုင်ငံရေးမှာ အားကောင်းသည့် အခြေအနေတွင် မရှိသေးသည့်အတွက် လွှတ်တော်တွင်းနိုင်ငံရေး အားကောင်းလာစေရန် ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်ရန် ကြိုးပမ်းခြင်း ဖြစ်ကြောင်း ဦးဒေးဗစ်လှမြင့်က ပြောသည်။
“အဓိကအားဖြင့်ပြောချင်တာက အာဏာရရေးဆိုတဲ့လမ်းကြောင်းကို ကျွန်တော်တို့က သွားနေတာမဟုတ်ဘူး။ လက်ရှိ တိုင်းပြည်ရဲ့ လိုအပ်ချက်အရ ဝင်လာတဲ့ သဘောမျိုးဗျ” ဟု ၎င်းက ပြောသည်။
ပါတီတည်ထောင်ခွင့်ရရန် ယခုနှစ် ဧပြီလတွင် ရွေးကောက်ပွဲကော်မရှင်ထံသို့ စတင်လျှောက်ထားခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာလ ၁၁ ရက်နေ့တွင်မှ ပါတီမှတ်ပုံတင် ရရှိခဲ့ခြင်းဖြစ်သည်။
ပါတီကို ၁၉၉၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့မှ အဖွဲ့ဝင်များ ဦးဆောင်တည်ထောင်ခြင်းဖြစ်ပြီး ညီညွတ်သောအမျိုးသား ဒီမိုကရေစီအဖွဲ့ (UNDP) ၊ ပြည်ထောင်စုတိုင်းရင်းသား တောင်သူလယ်သမားသမဂ္ဂ၊ လူ့အခွင့်အရေးချိုးဖောက်မှု စုံစမ်းဖော်ထုတ်ရေးကော်မတီ စသည့် အစုအဖွဲ့များပါဝင်ပြီး ပါတီဦးဆောင်သူ အများစုမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းရန် ကြိုးပမ်းခဲ့ကြသူများဖြစ်သည်။
၂၀၀၈ဖွဲ့စည်းပုံ အတည်ပြုချိန်တွင် မြန်မာနိုင်ငံ၏ လူဦးရေမှာ ၅၇ သန်းရှိနေပြီး ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ၅၁ သန်းကျော်သာ ရှိသည့်အတွက် အခြေခံဥပဒေ အတည်ပြုစဉ်က လူဦးရေစာရင်း မှားယွင်းသည်ဟု ထောက်ပြပြီး အခြေခံဥပဒေ ပျက်ပြယ်ကြောင်း ၁၉၉၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့က ထုတ်ဖော်ကြေညာခဲ့ကြသည်။