သတင်း

အသက်အန္တရာယ် စိုးရိမ်၍ မင်းပြားရှိ ကျေးရွာအုပ်ချုပ်ရေးမှူး ၇၀ နုတ်ထွက်ရန်ဆွေးနွေး

အသက်အန္တရာယ် ကျရောက်မည်ကို စိုးရိမ်သဖြင့် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး ၇၀ က ရာထူးမှ နုတ်ထွက်ရန် ဒီဇင်ဘာလ ၁၆ ရက် ယနေ့တွင် ဆွေးနွေးခဲ့ကြကြောင်း ဆွေးနွေးပွဲတက်ရောက်ခဲ့သည့် စွန်ရဲကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်သောင်းလှက Myanmar Now ကို ပြောသည်။

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်အတွင်း၌ ယခုရက်ပိုင်းအတွင်း အုပ်ချုပ်ရေးမှူး နှစ်ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံးမှု ဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက် ကျေးရွာအုပ်ချုပ်ရေးမှူးများ ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ ကျေးရွာအုပ်ချုပ်ရေးမှူးများသည် တပ်မတော်စစ်ကြောင်းတစ်ခု ရွာတွင်းဝင်ရောက်လာခဲ့ပြီးနောက် သေနတ်ဖြင့် ပစ်သတ်ခံရခြင်းဖြစ်သည်ဟု ဒေသခံများက စွပ်စွဲထားပြီး တပ်မတော်ဘက်ကမူ သတင်းထုတ်ပြန်ခဲ့သော်လည်း မည်သည့်အတွက် သေဆုံးရသည်ကို ရှင်းရှင်းလင်းလင်း မဆိုထားပါ။

အစိုးရက မျက်ကွယ်ပြုပြီးတော့ ဒီအတိုင်းပဲ သေတဲ့သူသေပါစေကွာ အဲဒီလိုနေမယ်ဆိုရင်တော့ အကုန်လုံးက ထွက်မယ့်ဘက်ကို များပါတယ်ဟု ဦးကျော်သောင်းလှက ပြောသည်။

အုပ်ချုပ်ရေးမှူးများ၏ ယင်းသို့ပြောဆိုမှုနှင့် ပတ်သက်၍ Myanmar Now က အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဆက်သွယ်မေးမြန်းရာတွင် တပ်မတော်က ထုတ်ပြန်ထားပြီးဖြစ်၍ ထုတ်ပြန်ချက်အတိုင်းသာ ဖြစ်ကြောင်း ဖြေကြားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ တပ်မတော်က ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ရာ ဒီဇင်ဘာ ၁၁ ရက် ၁၀ နာရီခန့်တွင် စိတ္တရကျေးရွာအနီးသို့ အရောက်၌ တပ်မတော်စစ်ကြောင်း ပစ်ခတ်တိုက်ခိုက်ခံရသဖြင့် ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ တပ်မတော် စစ်ကြောင်းကို စတင်ပစ်ခတ်ခဲ့သည့် နေအိမ်အား ဝင်ရောက်စစ်ဆေးရာ ဖုံသာဝကျေးရွာမှ ဦးဉာဏ်သိန်းနှင့် ကျောက်မော်ကျေးရွာမှ ဦးကျော်အေးမောင်တို့ နှစ်ဦးအား လက်နက်ငယ်ကျည် ထိမှန်သေဆုံးလျက် တွေ့ရှိရကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ဖြစ်စဉ်နေရာအနီး၌ မသင်္ကာဖွယ်ရာ စုဝေးရောက်ရှိနေသည့် ကိုမောင်မောင်သန်း အပါအဝင် အမျိုးသား ခုနစ်ဦးအား ဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်း၊ လုပ်ထုံးလုပ်နည်းနှင့် အညီ စစ်ဆေးနိုင်ရန် မင်းပြားမြို့မ ရဲစခန်းသို့ လွှဲပြောင်း အပ်နှံသွားမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

စိတ္တရရွာ ရာအိမ်မှူး ဦးမောင်ဖြူထွန်းကမူ ဒီဇင်ဘာ ၁၁ ရက် ညက တပ်မတော်စစ်ကြောင်းတစ်ခု ရွာအတွင်းသို့ ရောက်လာပြီးနောက် ရိုက်နှက်မှုကြောင့် အသက် ၄၂ နှစ်အရွယ် ဖုံသာဝကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဉာဏ်သိန်းမှာ နောက်စေ့တွင် ဒဏ်ရာရပြီး သေဆုံးသလို ကလေးနှစ်ယောက်မိခင် အသက် ၃၉ နှစ်အရွယ် မဖြူဖြူဝင်းမှာလည်း ယာဘက်ရင်အုံတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးသွားကြောင်း Myanmar Now ကို ပြောသည်။

ယင်းအပြင် ဖမ်းဆီးခေါ်ဆောင်ခံသွားရသည့် ကျောက်မှော်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်အေးမောင်၏ အလောင်းကို ဒီဇင်ဘာ ၁၄ ရက်တွင် တွေ့ရှိခဲ့ရကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးများက ဆိုသည်။

မင်းပြားမြို့ပေါ်ရှိ ရပ်ကွက် ခုနှင့် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်ချုပ်ရေးမှူး ၆၂ ဦးတို့သည် အဆိုပါ အုပ်ချုပ်ရေးမှူးနှစ်ဦး သေဆုံးခဲ့သည့် ကိစ္စအပါအဝင် ၎င်းတို့၏ လုံခြုံရေးနှင့် ပတ်သက်ပြီး ယနေ့ မင်းပြားမြို့တွင် ဆွေးနွေးခဲ့ကြောင်း ပွင့်ထီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးရွှေမိုးက ဆွေးနွေးပွဲအပြီးတွင် Myanmar Now ကိုပြောသည်။

ကျေးရွာအုပ်ချုပ်ရေးမှူး သေဆုံးမှုနှင့် ပတ်သက်ပြီး အပြစ်ရှိလျှင် တရားဥပဒေအရသာ အပြစ်ပေးသင့်ကြောင်း ယခုဆွေနွေးပွဲကို ပါဝင်ခဲ့သူ အိုင်းဝန်းကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။

ယခုနှစ် မတ်လနှင့် ဇွန်လတွင် ယခုကဲ့သို့ ကျေးရွာအုပ်ချုပ်ရေးမှူးများ ဖမ်းဆီးခံကြရသဖြင့် လုံခြုံရေးအတွက် စိုးရိမ်ပြီး မြောက်ဦးနှင့် ကျောက်တော်မြို့များမှ အုပ်ချုပ်ရေးမှူး ၁၀၀ ကျော် နုတ်ထွက်စာတင်ခဲ့ကြပြီး ၎င်းတို့ထဲမှ အချို့မှာ နုတ်ထွက်ခဲ့ကြသည်။

Related Articles

Back to top button