သတင်း

ဥပဒေတွင် ထည့်သွင်းရေးဆွဲရန် လွှတ်တော်အမတ်များ ကျားဖောင်များသို့ သွားကြည့်

ကျားဖောင်လုပ်ငန်းခွင်တွင်း ဖြစ်ပွားနေသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို လေ့လာပြီး ဥပဒေပြဋ္ဌာန်းကာကွယ်နိုင်ရန် အမျိုးသားလွှတ်တော်အမတ်များ ဖျာပုံမြို့နယ်ရှိ ကျားဖောင်လုပ်ငန်းများသို့ ယနေ့ ရောက်ရှိနေပြီဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်မေသန်းနွဲ့က ပြောသည်။

လက်ရှိတွင် ငါးလုပ်ငန်းဦးစီးဌာနက မြန်မာ့ပင်လယ်ပြင်ငါးလုပ်ငန်းဥပဒေကို ပြင်ဆင်သည့် ဉပဒေမူကြမ်းကို အမျိုးသားလွှတ်တော်သို့ ပေးပို့ထားပြီး ထိုဥပဒေမူကြမ်းနှင့် ပတ်သက်၍ လွှတ်တော်က ဆွေးနွေးရာတွင် ယင်းကိစ္စကို ထည့်သွင်းဆွေးနွေးနိုင်ရန် အမျိုးသားလွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီက ကွင်းဆင်းလေ့လာခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကော်မတီက ဖျာပုံမြို့နယ်ရှိ လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာန၊ ခရိုင်ရဲတပ်ဖွဲ့၊ ငါးလုပ်ငန်းဦးစီးဌာန စသည့် ဌာနပေါင်းစုံနှင့် တွေ့ဆုံဆွေးနွေးသည့်အပြင် ကျားဖောင်လုပ်ငန်းရှင်များနှင့် ရေလုပ်သားများရှိရာ ပင်လယ်ကမ်းစပ်ရှိ ကျေးရွာများသို့ သွားရောက်၍ အလုပ်ရှင်အလုပ်သမား အခက်အခဲ၊ ပြဿနာများကို နားထောင်၍ အချက်အလက် ရယူနေကြောင်း ၎င်းက ပြောသည်။

ထိုအချက်များ ရရှိပြီးပါက အမျိုးသားလွှတ်တော်၌ မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေကို ပြင်ဆင်နိုင်ရန် ဆွေးနွေးမည်ဖြစ်ပြီး ဥပဒေ၊ နည်းဥပဒေ ပြဋ္ဌာန်းနိုင်ရန် ဆက်လက်ဆောင်ရွက်မည်ဟု သူက ဆိုသည်။

ကော်မတီသည် ယနေ့ ဒီဇင်ဘာလ ၁၂ ရက်တွင် ဖျာပုံမြို့နယ်ရှိ ကျားဖောင်လုပ်ငန်းများလုပ်ကိုင်ရာ ကျေးရွာများမှ တစ်ခုဖြစ်သော နောက်မီးကျေးရွာသို့ ရောက်ရှိနေသည်ဟု သိရသည်။

ပြီးခဲ့သည့်လပိုင်းက ဒဂုံတက္ကသိုလ်ကျောင်းသား ကိုမြတ်သူရထွန်းကို အကြောင်းပြု၍ ပင်လယ်ပြင် ကျားဖောင်လုပ်ငန်းများရှိ လူ့အခွင့်အရေးချိုးဖောက်မှုများကိစ္စကို လူအများက အာရုံစိုက်လာကြသည်။ ယင်းနောက် လူကုန်ကူးခံခဲ့ရသည့် ရေလုပ်သားအချို့လည်း နောက်ထပ် လွတ်မြောက်လာခဲ့သည်။

ယင်းဖြစ်စဉ်များနှင့် ပတ်သက်၍ ပင်လယ်ကျားပိုက် လုပ်ငန်းရှင်များအသင်းက ပြီးခဲ့သည့်ရက်ပိုင်းက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး လုပ်ငန်းရှင်များအနေဖြင့်လည်း လုပ်သားရှားပါးသည့် အခက်အခဲ၊ ကျားဖောင်လုပ်ငန်းလုပ်ကိုင်ရန် ကြိုတင်ငွေ သိန်းနှင့်ချီ၍ ထုတ်ပေးရာတွင် လုပ်သားက လိမ်လည်သည့် အခက်အခဲများ ရှိကြောင်း ရှင်းလင်းခဲ့သည်။

တက္ကသိုလ်ကျောင်းသား ကိုမြတ်သူရထွန်းသည် ရန်ကုန်မြို့လယ်ကောင်တွင် ပွဲစားတစ်ဦးနှင့် ချိတ်ဆက်မိကာ ဖျာပုံမြို့နယ်၊ ခါးပြတ်ကျေးရွာရှိ သဉ္ဇာထွန်းကျားဖောင်လုပ်ငန်းထံ ရောင်းစားခံရပြီး လုပ်အား ခေါင်းပုံဖြတ်ခံခဲ့ရသည်။

မိသားစုက ၎င်းအား ငွေကျပ် ၆ သိန်းကျော်ဖြင့် ပြန်လည်ရွေးယူသည့်အခါ ဒဏ်ရာအများအပြားဖြင့် တွေ့ရှိခဲ့ရပြီး ပင်လယ်ပြင်တွင်းရှိ ကျားဖောင်ပေါ်တွင် ဖောင်ဦးစီးဖြစ်သူ၏ ညှဉ်းပန်းနှိပ်စက်မှုကို ခံခဲ့ရကြောင်း ကိုမြတ်သူရထွန်းက ဖွင့်ဟခဲ့သည်။

ထိုပြဿနာများကို ၂၀၁၆ ခုနစ်မှစ၍ နှစ်စဉ်နှစ်တိုင်း ပြည်တွင်းမီဒီယာများက မီးမောင်းထိုးပြခဲ့ပြီးဖြစ်သော်လည်း ယနေ့အချိန်ထိ မဖြေရှင်းနိုင်သေးပါ။ လက်ရှိတွင် ဖျာပုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များက မြန်မာ့ပင်လယ်ငါးဖမ်းလုပ်ငန်းဥပဒေကို ပြင်ဆင်နိုင်ရန် ကြိုးပမ်းနေပြီး အဆိုပါကိစ္စများတွင် လုပ်ငန်းရှင်များကို စိစစ်ရမည့် ငါးလုပ်ငန်းဦးစီးဌာနအား လွှတ်တော်တွင်း မေးခွန်းမေးမြန်းရန် စီစဉ်နေသည်ဟု ဆိုသည်။

ဖျာပုံမြို့နယ်၊ ပင်လယ်ပြင်တွင် စက်တင်ဘာ ၁ ရက်မှ အောက်တိုဘာ ၇ ရက်အထိ ၃၇ ရက်အတွင်း လူပေါင်း ၅၇ ဦး ပျောက်ဆုံးခဲ့ကြောင်း ဖျာပုံမြို့နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသိမ်းဆွေထံမှ သိရသည်။

၂၀၁၇ ခုနစ်မှစ၍ ၂၀၁၉ ထိ သုံးနှစ်အတွင်း ပင်လယ်ပြင်တွင် လူပျောက်ဆုံးမှု၊ သေဆုံးမှုနှင့် ခိုက်ရန်ဖြစ်ပွားမှု စာရင်းတို့ကို Myanmar Now က ယခုလဆန်းပိုင်းအတွင်း ဖျာပုံခရိုင် ရဲတပ်ဖွဲ့ထံ သွားရောက်၍ အကြိမ်ကြိမ်တောင်းခံသော်လည်း “လျှို့ဝှက်ရမည့်” အချက်များ ဖြစ်၍ဟုဆိုကာ မရရှိခဲ့ပေ။

Show More

Related Articles

Back to top button