
ဖျာပုံမြို့နယ်၊ ပင်လယ်ပြင်ရှိ ကျားဖောင်တစ်ခုပေါ်တွင် နှိပ်စက်ခံခဲ့ရသည်ဆိုသော ကိုကျော်ဇင်မြတ်(ခေါ်) ဂေါ်ဇီလာကြီးအမှုတွင် ဖောင်ဦးစီး ဝင်းကိုအား အပြင်းအထန်နာကျင်စေမှုဖြင့် အမှုဖွင့်ထားပြီး ယခုသီတင်းပတ်အတွင်း မြို့နယ်တရားရုံးတွင် တရားစွဲတင်မည်ဖြစ်ကြောင်း အဆိုပါအမှုကို စစ်ဆေးနေသူ ဒုရဲအုပ် ထင်ကျော်က Myanmar Now ကို ပြောသည်။
ကိုကျော်ဇင်မြတ်ကို နှိပ်စက်ခဲ့သည်ဟုဆိုသည့် ကျားဖောင်ပေါ်တွင် ကိုကျော်ဇင်မြတ်အပါအဝင်၊ ဖောင်ဦးစီး ဝင်းကိုနှင့် သူ့ယောက်ဖအပါအဝင် နောက်တဦးနှင့် လူလေးဦးသာ ရှိသည်ဟု ကိုကျော်ဇင်မြတ်က ဆိုသည်။
ကိုကျော်ဇင်မြတ်၏အဆိုအရ ၎င်းကို နှိပ်စက်ခဲ့သည်မှာ ၃ ဦးဖြစ်သော်လည်း ဖောင်ဦးစီး တဦးတည်းကိုသာ တရားစွဲတင်မည်ဖြစ်ပြီး ယခုအခါ အာမခံဖြင့် လွှတ်ပေးထားသည်ဟု ဒုရဲအုပ်ထံမှ သိရသည်။
ဖောင်ဦးစီး ဝင်းကိုက လုံးပတ် ၈ လက်မခန့်၊ အရှည် ၁၃ တောင်ခန့် ရှိသည့် ကျားဖောင်ဒေါက်ကို ဗိုက်ပေါ်တင်၍ တက်ခုန်ခြင်း၊ ကျားဖောင် ဒေါက်တစ်ဖက်စကို ဗိုက်ပေါ်သို့ ပစ်ချခြင်း၊ ဗိုက်ကို ကြိုးခေါက်များနှင့် ရိုက်ခြင်းတို့ ပြုလုပ်ကြောင်း၊ ဖောင်ပေါ်ရှိ ကျန်သူများက ဝင်းကိုက သူ့ကို ရိုက်နှက်နိုင်ရန် ချုပ်ပေးကြကြောင်း ကိုကျော်ဇင်မြတ်က Myanmar Now နှင့် ဒီဇင်ဘာ ၄ ရက်က တွေ့ဆုံစဉ် ပြောခဲ့သည်။
ခြောက်ရက်ကြာမျှ ပြင်းပြင်းထန်ထန် ညှဉ်းပန်းနှိပ်စက်ပြီးနောက် “သူတို့က ညှဉ်းပန်းနှိပ်စက်ပြီး သတ်မှာလေ။ အဲဒီလို ပုံစံမျိုးနဲ့ မသေချင်ဘူး။ သတိလစ် ရေဝင်ပြီးသေ၊ ဒါ အသေမြန်တယ်။ သူတို့ လက်ထဲမှာဆိုရင် မျဉ်းပြီးတော့ သူက သတ်မှာ။ အဲဒါဆိုရင် ငါ မခံနိုင်ဘူး။ အဲဒီလို စိတ်ကူးလေး ရပြီးတော့ သူတို့ အလစ်မှာ ဘောသီး နှစ်လုံးယူပြီး ရေထဲ ခုန်ချသွားတာ” ဟု ကိုကျော်ဇင်မြတ်က ဆိုသည်။
အောက်တိုဘာလတွင် ပင်လယ်မှ လွတ်မြောက်၍ ရက်သတ္တပတ်ကြာမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တက်ရောက်ကာ ခွဲစိတ်နိုင်ခဲ့ပြီး အူမကြီးကို ဝမ်းဗိုက်အပြင်သို့ ထုတ်ထား၍ ယခုချိန်ထိ ပိုက်ဖြင့် ဝမ်းသွားနေရဆဲ ဖြစ်သည်။
ကိုကျော်ဇင်မြတ် နှိပ်စက်ခံရမှုတွင် ဖောင်ဦးစီး ဝင်းကို တစ်ဦးတည်းကို အမှုဖွင့်ရခြင်းမှာ ကာယကံရှင် ကိုကျော်ဇင်မြတ်၏ဖခင် ဦးမြင့်လွင်၏ တိုင်စာအရဖြစ်ကြောင်း ဒေါ်ညိမ်းရဲစခန်းအပိုင် ကုလားထိပ်ရဲကင်းမှူး ဒုရဲအုပ်ထင်ကျော်က ဆိုသည်။
“ဖျာပုံမြို့နယ်တရားရုံးမှာ စွဲတင်ပါမယ်။ ဥပဒေက (ဥပဒေအကြံပေး) ဘယ်လို ကျမလဲတော့ မသိသေးဘူးပေါ့။ ကျွန်တော်တို့ စွဲတင်တာကို ဥပဒေက ဆေးစာဘာညာ ကြည့်ပြီးတော့ ဆေးစာမှာပါတဲ့ ထင်မြင်ချက်ကို ကြည့်ပြီးတော့ ပုဒ်မ ပြောင်းရင်လည်း ပြောင်းသွားနိုင်တယ်။ ပုဒ်မ ကြီးရင်လည်း ကြီးသွားနိုင်တယ်။ ငယ်ရင်လည်း ငယ်သွားနိုင်တယ်ပေါ့” ၎င်းက ဆက်လက်ပြောကြားသည်။
တရားစွဲတင်မည့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၅ မှာ မည်သူမဆို တစ်ဦးတစ်ယောက်သောသူအား မိမိအလိုအလျောက် အပြင်းအထန် နာကျင်စေမှုဖြစ်ပြီး ပြစ်မှုထင်ရှားပါက ခုနစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။
အောက်တိုဘာ ၃၁ ရက်တွင် ဖျာပုံမြို့နယ် ဒေါ်ငြိမ်းရဲစခန်း၌ ဖွင့်လှစ်ခဲ့သည့် ထိုအမှုကို ဒီဇင်ဘာ ၂ ရက်ရောက်မှသာ ရဲက ရန်ကုန်မြို့တွင် တရားလိုကို စစ်ဆေးခဲ့သည်။ ထိုရက်များမှာ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ဖျာပုံမြို့နယ်ရှိ ကျားဖောင်လုပ်ငန်းအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် ဖျာပုံမြို့နယ် ကျေးရွာများသို့ ကွင်းဆင်းစစ်ဆေးရန် ရောက်ရှိနေချိန် ဖြစ်သည်။
“ကျွန်တော် စတိုင်ကတည်းက သေဖို့များပြီ၊ အဲဒီလိုပဲ ပြောထားတာ။ အသက်အန္တရာယ်ရှိနေပြီ ပြောရဲ့သားနဲ့ မလာတာ။ အဲဒီလို မလာလို့ တိုင်းတွေ ဘာတွေ လျှောက်တိုင်ပြီးတော့ ဖေ့ဘွတ်ခ်တွေ ဘာတွေ တက်ပစ်လိုက်တာ”ဟု ကိုကျော်ဇင်မြတ်၏ဖခင် ဦးမြင့်လွင်က ဆိုသည်။
ဖျာပုံမြို့နယ်၊ ပင်လယ်ပြင်တွင် စက်တင်ဘာ ၁ ရက်မှ အောက်တိုဘာ ၇ ရက်ထိ ၃၇ ရက်တွင်း လူပေါင်း ၅၇ ဦး ပျောက်ဆုံးခဲ့ကြောင်း ဖျာပုံမြို့နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသိမ်းဆွေထံမှ သိရသည်။
၂၀၁၇ ခုနစ်မှစ၍ ၂၀၁၉ အထိ သုံးနှစ်အတွင်း ပင်လယ်ပြင်တွင် လူပျောက်ဆုံးမှု၊ သေဆုံးမှုနှင့် ခိုက်ရန်ဖြစ်ပွားမှု စာရင်းတို့ကို ဖျာပုံခရိုင် ရဲတပ်ဖွဲ့ထံ သွားရောက်၍ Myanmar Now က အကြိမ်ကြိမ်တောင်းခံသော်လည်း “လျှို့ဝှက်ရမည့်အချက်များ” ဖြစ်သည်ဟူ၍ မရရှိခဲ့ပေ။