ဆောင်းပါး

ရှစ်လေးလုံးအရေးတော်ပုံ တောင်းဆိုချက်များကို လည်ပြန်ကြည့်ခြင်း

(ရန်ကုန်) – ၁၉၈၈ ခုနှစ် ဇွန်လတုန်းက ဖြစ်သည်။ လှည်းတန်းလမ်းဆုံတွင် မီးပွိုင့်မိနေသည့် ကျောင်းကားပေါ်မှ အသက် ၁၄ နှစ် အရွယ် ၈ တန်း ကျောင်းသူတစ်ဦး တိတ်တဆိတ် ဆင်းသွားသည်။

သူဦးတည်ရာက မီးပွိုင့်အနီးရှိ ရန်ကုန်တက္ကသိုလ်ပရိဝုဏ်အတွင်းသို့ ဖြစ်သည်။ သူ့ပခုံးထက် အနီရောင်လွယ်အိတ်ထဲတွင် သူကိုယ်တိုင်ရေးသားထားသည့် ထိုနှစ် မတ်လ ၁၃ရက်နေ့က အင်းစိန် ကြို့ကုန်းတွင် ကျည်ဆန်ထိ သေဆုံးခဲ့ရသူ စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်အကြောင်း အမှတ်တရကဗျာစာရွက်များ ပါရှိသည်။

အသက် ၄၄ နှစ်အရွယ် ဒေါ်မျိုးမြတ်မြတ်က ၁၉၈၈ လူထုလှုပ်ရှားမှုတွင် စတင်ပါဝင်ခဲ့ချိန် လွန်ခဲ့သည့် နှစ် ၃ဝ က အကြောင်းကို အမှတ်တရ ပြောပြနေခြင်းဖြစ်သည်။

၁၉၈၈ အရေးတော်ပုံမှာ နှစ်ပေါင်း ၃ဝ ကြာခဲ့ပြီဖြစ်သော်လည်း ယနေ့ လျှောက်လှမ်းနေရသည့် ဒီမိုကရေစီခရီးလမ်းအပေါ်တွင် အားရမှုမရှိသေးဟု သူက ပြောသည်။

“ကျွန်မ တစ်ယောက်တည်းအနေနဲ့ကတော့ စစ်မှန်တဲ့ဒီမိုကရေစီ မရသေးဘူးလို့ ခံစားရပါတယ်။ ရှင်းရှင်းပြောရရင်တော့ အားမရဘူးပေါ့။ လက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးဖြစ်စဉ်တွေအပေါ် အားမရပါဘူး” ဟု ၎င်းက ပြောသည်။

နှစ် ၃ဝ ပြည့် ၁၉၈၈ အရေးတော်ပုံ နှစ်ပတ်လည်အစီအစဉ်ကို ရန်ကုန်တက္ကသိုလ်တွင် ကျင်းပနိုင်ခဲ့သော်လည်း တောင်းဆိုခဲ့သော စစ်မှန်သည့် ဒီမိုကရေစီ ခရီးလမ်းမှာ မှုန်ပျပျသာ ရှိနေသေးသည်ဟု အခမ်းအနားတက်ရောက်လာသူအများစုက ယူဆကြသည်။

နှစ် ၃ဝ ခရီးကြမ်း

ရန်ကုန်တက္ကသိုလ် အပန်းဖြေနားနေဆောင်(RC)တွင် သြဂုတ်လ ၆ ရက်နေ့က စတင်ကျင်းပနေသည့် ရှစ်လေးလုံး နှစ် ၃ဝပြည့်အခမ်းအနား ဓာတ်ပုံနှင့် အမှတ်တရပြခန်းတွင် ကြည့်ရှုစရာများက စုံလင်လှသည်။

ထိုပြခန်းတွင် ရှစ်လေးလုံး အရေးတော်ပုံကြေညာချက်များ ထုတ်ပြန်ရာတွင် အသုံးပြုခဲ့သည့် လက်နှိပ်စက်၊ လက်ပတ်များကို ချုပ်သည့် အပ်ချုပ်စက်၊ အလံတို့ကိုလည်း တွေ့မြင်ရမည်ဖြစ်သည်။

တပ်မတော်သားတို့က ကျောင်းသားများကို ပစ်ခတ်နေပုံများ၊ ယခု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထိုစဉ်က မိန့်ခွန်းပြောဆိုနေပုံများကို ခန်းမနံရံတွင် တွေ့မြင်ရမည်ဖြစ်သည်။

အရေးတော်ပုံအတွင်း ပြည်တွင်း၊ ပြည်ပမီဒီယာများ၏ ရေးသားတင်ပြချက်များကိုလည်း အမှတ်တရ ချိတ်ဆွဲထားသည်ကို တွေ့မြင်ရမည်ဖြစ်သည်။

အကျဉ်းထောင်ပုံစံတူ အခန်းကျဉ်းထဲတွင်တော့ နိုင်ငံရေးအကျဉ်းသားများ ဝတ်ဆင်ရသည့် ဝတ်စုံ၊ သံခြေချင်း၊ သံဒေါက်တို့ကို ပြသထားသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) မှ ဦးချစ်ကိုကိုက ပြပွဲလာရောက်သူများကို ၎င်းတို့ မည်သို့နေထိုင်ခဲ့ရသည်ကို ရှင်းပြနေသည်။

ဦးချစ်ကိုကိုက ရှစ်လေးလုံးအရေးတော်ပုံကာလတွင် ရဟန်းရှင်လူ ပြည်သူပေါင်း သုံးထောင်ကျော် ကျဆုံးသွားခဲ့သည်ဟု ပြောသည်။

၁၉၆၂ ခုနှစ်မှ ယနေ့အချိန်ထိ နိုင်ငံရေးလှုပ်ရှားမှုတွင် ပါဝင်ဆက်စပ်မှုကြောင့် အကျဉ်းကျခဲ့သူ ရှစ်ထောင်မှ တစ်သောင်းကြား ရှိမည်ဟု ခန့်မှန်းကြောင်း၊ ၎င်းတို့က အယောက်လေးထောင်ကျော်နှင့် ပတ်သက်ပြီး မှတ်တမ်းပြုစုနိုင်ခဲ့ကြောင်း ပြောသည်။

၁၉၈၈ ခုနှစ်မှ ယနေ့အထိ ဒီမိုကရေစီလှုပ်ရှားမှု နှစ် ၃ဝ ကာလအတွင်း အသက်ဆုံးရှုံးခဲ့ရသူများ၊ ထောင်သွင်း အကျဉ်းကျခံခဲ့ရပြီးနောက် မိသားစုဘဝပျက်သုဉ်းမှုများလည်း ရှိခဲ့ရသည်ဟု ၎င်းက ပြောသည်။

“တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို တန်းတူညီမျှပေးနိုင်မဲ့ ဖက်ဒရယ်ပြည်ထောင်စုကို အာမခံချက်ပေးနိုင်မဲ့ ဒီမိုကရေစီစနစ်ဆိုတာကတော့ အရမ်းကြီးတော့ အားမကောင်းသေးပါဘူး” ဟု ၎င်းက ပြောသည်။

ပြန်လည်သုံးသပ်ခြင်း

ရန်ကုန်တက္ကသိုလ်ရှိ ဝိဇ္ဇာခန်းမဆောင်တွင် အသက် ၄ဝ ကျော် လူလတ်ပိုင်းများ တက်ကြွစွာ လှုပ်ရှားနေကြသည်။ အများစုမှာ ကျောင်းသားလှုပ်ရှားမှု၊ နိုင်ငံရေးလှုပ်ရှားမှုများနှင့် ဆက်စပ်ပြီး နှစ်ပေါင်းများစွာ အကျဉ်းချခံခဲ့ရသူများဖြစ်သည်။

ခန်းမအတွင်း စင်ပေါ်တွင် ညာလက်မောင်းများ မြှောက်ထားသော ဆန္ဒပြနေသူများက ဘယ်လက်ဖြင့် ခွပ်ဒေါင်းပုံ အနီရောင်အလံကို ဆုပ်ကိုင်ထားကြပုံ ဗီနိုင်းကို ချိတ်ဆွဲထားသည်။

ထိုဗီနိုင်းထက်တွင် “ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ နှစ် ၃ဝ ကာလ ပြန်လည်သုံးသပ်ခြင်း ဆွေးနွေးပွဲ” ဟု အနီရောင်စာလုံးဖြင့် ရေးသားထားသည်။

တစ်ဦးလျှင် ၃ မိနစ်ကြာ ဆွေးနွေးနိုင်ပြီး ဆွေးနွေးနေသည့် ခေါင်းစဉ်ကို စာရွက်ပေါ်တွင် ရေးထားသည်ကို တွေ့ရသည်။

နိုင်ငံရေးဆွေးနွေးပွဲအကျိုးဆောင်အဖြစ် ဆောင်ရွက်နေသူ ဦးရဲကျော်စွာမှာ ရှစ်လေးလုံးအရေးတော်ပုံကာလတွင် ရန်ကုန်၊ အထက(၂)ဗိုလ်တထောင်မှ (၁၅) နှစ် အရွယ် ၉ တန်း ကျောင်းသားဖြစ်သည်။

၁၉၉ဝ တွင် ထောင် သုံးနှစ်၊ ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားဘဝတွင် ထောင် ၁၉ နှစ် ချမှတ်ခံရပြီး ၂ဝဝ၅ တွင် ပြန်လွတ်လာသူဖြစ်သည်။

ဦးရဲကျော်စွာက ရှစ်လေးလုံး နှစ် ၃ဝပြည့်ကို နိုင်ငံရေးအနှစ်သာရရှိစွာ ကျင်းပနိုင်ရန်အတွက် ဤဆွေးနွေးပွဲ ပြုလုပ်ရခြင်းဖြစ်သည်ဟု ပြောသည်။

ဒီမိုကရေစီအရေးတော်ပုံ နှစ်၃ဝခရီး၊ တန်းတူရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု၊ မြန်မာ့နိုင်ငံရေးနှင့် စစ်အာဏာရှင်စနစ် ဟူသည့် ခေါင်းစဉ် သုံးခုဖြင့် ဆွေးနွေးသွားမည်ဟု သူက ပြောသည်။

“ဆွေးနွေးသူအများစုက ဖက်ဒရယ်ပြည်ထောင်စုအကြောင်းကိုပဲ အဓိကထား ဆွေးနွေးကြပါတယ်။ ဖက်ဒရယ်အပေါ်မှာ ဆွေးနွေးကြတဲ့အခါမှာတော့ နည်းသဏ္ဌာန်နဲ့ ချဉ်းကပ်ပုံကွာခြားတာလောက်ပဲ ရှိပါတယ်” ၎င်းက ပြောသည်။

ကျောင်းနံရံတဝိုက် ဒေါင်းအလံစိုက်

ရှစ်လေးလုံးကာလတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူ ဦးကိုကိုကြီးသည် နိုင်ငံရေးစာတမ်းတစ်စောင်ကို လုပ်ဖော်ကိုင်ဖက်များအကြား ဆွေးနွေးခဲ့ခြင်းကြောင့် ၁၉၈၉ ဧပြီတွင် ထိန်းသိမ်းခံခဲ့ရသည်။

ထိန်းသိမ်းခံရမှုမှာ လအနည်းငယ်သာ ကြာသည်။ သို့သော်လည်း ၁၉၉၁ ခုနှစ် ဒီဇင်ဘာလတွင် ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးနိုဘယ်ဆုရရှိခြင်းကို ထောက်ခံဆန္ဒပြရာ ထောင်ဒဏ် နှစ်(၂ဝ) ချမှတ်ခြင်းခံခဲ့ရသည်။ ပြန်လွတ်လာပြီး နှစ်အနည်းငယ်အကြာ ၂ဝဝ၈ တွင် ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခံရပြန်သည်။

ရှစ်လေးလုံး နှစ် ၃ဝပြည့် အခမ်းအနားကို ရန်ကုန်တက္ကသိုလ်တွင် ကျင်းပနိုင်ခဲ့ခြင်းမှာ ၎င်းတို့ အိပ်မက်တစ်ခု အကောင်အထည်ပေါ်လာခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

“တစ်ချိန်က ကျွန်တော်တို့ အိပ်မက်ပေါ့၊ ကျောင်းနံရံတစ်ဝိုက်မှာ ဒေါင်းအလံစိုက်ဖို့ဆိုတာပေါ့။ အဓိပတိလမ်းမထက်မှာ ခွပ်ဒေါင်းအလံတွေ ရဲဘလောင်းခတ်ပြီး တလူလူလွင့်နေတာကို မြင်တွေ့ရတော့ စိတ်ထဲမှာ ပီတိဖြစ်တယ်” ဟု ၎င်းက ပြောသည်။

အသွင်သဏ္ဌာန်ပြောင်းလဲခြင်းထက် အနှစ်သာရပြောင်းနိုင်ရန်အတွက် ရှစ်လေးလုံးအရေးတော်ပုံ၏ ရပ်တည်ချက်၊ ကြွေးကြော်သံများကို ဆက်လက်ဆောင်ရွက်ရန် လိုအပ်နေသေးသည်ဟု ပြောသည်။

ထို့ပြင် လွှတ်တော်တွင် ရွေးကောက်ခံကိုယ်စားလှယ်မှာ ၇၅ရာခိုင်နှုန်းသာ ရှိသေး၍ ဒီမိုကရေစီတင်းပြည့်ကျပ်ပြည့်ဟု မပြောဆိုနိုင်ကြောင်း၊ အစိုးရအဖွဲ့အစည်းတွင်လည်း တပ်က တိုက်ရိုက်ခန့်အပ်ပြီး အမည်စာရင်းတင်သွင်းနေခြင်းများကလည်း ရှိနေသေးကြောင်း ၎င်းက ထောက်ပြသည်။

“အခြေခံ ရှစ်လေးလုံးစိတ်ဓာတ်အပေါ်မှာ ကွဲပြားမှုမရှိပါဘူး။ နေရာဒသအလျောက် ဆောင်ရွက်ပုံနည်းလမ်းအရ မတူတာတွေရှိပေမဲ့ ဘုံသဘောတူညီချက်ကတော့ ရှစ်လေးလုံးကြွေးကြော်သံတွေ ရှစ်လေးလုံးရည်မှန်းချက်တွေကို ဆက်ပြီးတော့ ဆောင်ရွက်ရမယ်” ဟု ၎င်းက ပြောသည်။

Show More

Related Articles

Back to top button