
လူမျိုးသုဉ်းသတ်ဖြတ်မှုဖြင့် မြန်မာ့တပ်မတော် ခေါင်းဆောင်များကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုလိုက်သည့်အပေါ် ထောက်ခံသည့် စာတစ်စောင်ကို ပြည်တွင်း လူ့အခွင့်အရေး လှုပ်ရှားသူများက ရန်ကုန်မြို့ရှိ ကုလသမဂ္ဂရုံးသို့ ယနေ့နေ့လယ်ပိုင်းတွင် သွားရောက်ပေးပို့ခဲ့ကြသည်။
ထိုထောက်ခံသည့်စာတွင် မြန်မာတပ်မတော် ခေါင်းဆောင်များအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုဖြင့် ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုသည့်အပေါ် ထောက်ခံကြောင်းပါရှိပြီး မြန်မာ့တပ်မတော်က ကချင်၊ ကရင်၊ ရှမ်း၊ ကရင်နီ၊ ရခိုင်နှင့် မွန်ပြည်နယ်ရှိ တိုင်းရင်းသားများအပေါ်တွင်လည်း လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ခဲ့ကြောင်း ပါရှိသည်။
ထိုထောက်ခံစာကို ပြည်တွင်း တက်ကြွလှုပ်ရှားသည့် အဖွဲ့အစည်းများဖြစ်သည့် ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနှင့် အမျိုးသမီးအဖွဲ့၊ ကရင် အမျိုးသမီးအစည်းအရုံး၊ တိုင်းရင်းသားလယ်သမားများ အစည်းအရုံးနှင့် လူ့ဘောင်သစ် လူငယ်အဖွဲ့တို့က ပေးပို့ခဲ့ခြင်းဖြစ်သည်။
လူ့ဘောင်သစ်လူငယ်အဖွဲ့ ဥက္ကဋ္ဌ မအိသဉ္ဇာမောင်က တပ်မတော်က တိုင်းရင်းသားဒေသများတွင် သာမကဘဲ မြေပြန့်ဒေသများတွင်ပါ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ယနေ့တိုင် ကျူးလွန်နေဆဲဖြစ်သည့်အတွက် တပ်မတော်ကို အရေးယူရန် တရားစွဲဆိုထားသည့် အပေါ် ထောက်ခံခြင်းဖြစ်ကြောင်းပြောသည်။
“ကျွန်မတို့က အပြစ်ပေး အရေးယူနိုင်တဲ့ အခြေအနေမှာမျိုး ရှိမနေတာကြောင့် အပြစ်ပေးအရေးယူနိုင်တဲ့ လူတွေကနေပြီး တပ်မတော်ကို အပြစ်ပေးအရေးယူတဲ့အပေါ်မှာ တရားစွဲဆိုတဲ့အပေါ်မှာ ကျွန်မတို့က ကြိုဆိုတယ်ဆိုတဲ့ အကြောင်းကို အဓိကထား ပြောချင်တာပေါ့နော် ” ဟု ၎င်းက ပြောသည်။
ထောက်ခံစာပေးပို့သည့် အဖွဲ့များတွင် တစ်ဖွဲ့အပါအဝင်ဖြစ်သည့် ကရင်အမျိုးသမီးအစည်းအရုံး (KWU) ဥက္ကဋ္ဌ ဒေါ်နော်အုန်းလှက ထိုသို့ ထောက်ခံစာပေးပို့ရခြင်းမှာ နယ်သာလန်နိုင်ငံတွင် လူမျိုးသုဉ်းသတ်ဖြတ်မှုအပေါ် သွားရောက်ဖြေရှင်းသည့် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲများ နိုင်ငံအနှံ့အပြားတွင် ကျင်းပနေခြင်းနှင့် ဆက်စပ်သည်နေသည်ဟု ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲများ နိုင်ငံအနှံ့အပြားတွင် ကျင်းပနေခြင်းကြောင့် မြန်မာတစ်နိုင်ငံလုံးက ထိုလူမျိုးသုဉ်းသတ်ဖြတ်မှုအပေါ် ထောက်ခံနေသည်ဟု နိုင်ငံတကာက ထင်မြငသွားနိုင်ပြီး ထိုသို့မဟုတ်ကြောင်း နိုင်ငံတကာကို သိရှိစေလို့၍ ပေးပို့ရခြင်းဖြစ်သည်ဟု Myanmar Now ကို ပြောသည်။
“ပြည်သူတွေကို နားလည်အောင် သတင်းအချက်အလက်မှန် မပေးဘဲနဲ့ ပြည်သူတွေကို အသုံးချတယ်လို့ ထင်ပါတယ်” ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်ရှိ မွတ်စလင်များအပေါ် အကြမ်းဖက်သတ်ဖြတ်သည်ဟူသော စွပ်စွဲချက်ဖြင့် တပ်မတော်ခေါင်းဆောင်များနှင့် အစိုးရအဖွဲ့ကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားပြီး ယနေ့တွင် စတင်ကြားနာခဲ့သည်။
ထိုသို့ တရားစွဲဆိုခြင်းကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နယ်သာလန်နိုင်ငံ ဟိဂ် (The Hague) မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံးသို့ သွားရောက်ဖြေရှင်းနေပြီး မြန်မာနိုင်ငံ မြို့ကြီးအချို့တွင်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပွဲများ ပြုလုပ်လျက်သည်။