ထိုင်းနိုင်ငံတွင် ဆေးကုသမှုခံယူနေသည့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် မကြာမီရက်ပိုင်းအတွင်း ပြန်လည်တာဝန်ထမ်းဆောင်တော့မည်ဟု လတ်တလော ယာယီဝန်ကြီးချုပ် ဦးဇာနည်အောင်က ပြောသည်။
“သူ့ကိုကုသတဲ့ဆရာဝန်မဟုတ်တော့ ရက်အတိအကျပြောဖို့တော့ ခက်ပါတယ်၊။ သို့သော် ရက်ပိုင်းအတွင်း ဝန်ကြီးချုပ်ကြီးဟာ တာဝန်ပြန်လည်ထမ်းဆောင်တော့မယ်” ဟု ယာယီဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားသည့် လျှပ်စစ်၊ စွမ်းအင်နှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က ဆိုသည်။
အောက်တိုဘာ ၂၄ ရက်က ရန်ကုန်တွင်ကျင်းပသည့် ပါတီ၊ စုံညီတွေ့ဆုံပွဲအပြီးတွင် ထိုင်းနိုင်ငံသို့ ထွက်ခွာသွားသည့်အတွက် ဒေါက်တာဇော်မြင့်မောင် ဆေးကုသရန် ထွက်ခွာသွားသည်မှာ ယနေ့တွင် ၄၅ ရက်ပြည့်ပြီဖြစ်သည်။
မန္တလေးတိုင်းဝန်ကြီးချုပ် သွေးကင်ဆာရောဂါ ခံစားနေရကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ပြောရေးဆိုခွင့်ရှိသူက နိုဝင်ဘာ (၈)ရက်တွင် အတည်ပြုခဲ့သည်။
“အသက်ကြီးမှ ပေါ်လာတာဖြစ်တဲ့အတွက် ဒီ (သွေးကင်ဆာ) ရောဂါဟာ ပြင်းထန်ခြင်း မရှိပါဘူး” ဟုပါတီ၏ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က နိုဝင်ဘာ (၈) ရက်က ရန်ကုန်၊ ဗဟန်းမြို့နယ်ရှိ ပါတီဌာနချုပ်တွင် သတင်းထောက်များနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
- ဒေါက်တာဇော်မြင့်မောင် ထိုင်းတွင် ဆေးကုသမှု ခံယူနေရ
- မန်းဝန်ကြီးချုပ် သွေးကင်ဆာရောဂါ ခံစားနေရဟု NLDအတည်ပြု
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ဒုတိယဥက္ကဋ္ဌ (၂)အဖြစ် တာဝန်ယူထားသူ အသက် ၆၈ နှစ်အရွယ် ဒေါက်တာ ဇော်မြင့်မောင်သည် ပါတီတွင်းသြဇာကြီးသူတဦးလည်း ဖြစ်သည်။
ဒေါက်တာဇော်မြင့်မောင်သည် ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရသူတဦးဖြစ်ပြီး စစ်အစိုးက ၁၉၉၀ ပြည့်နှစ်မှ ၂၀၀၉ ခုနှစ်ထိ ၁၉ နှစ်ကြာ ထောင်သွင်းအကျဉ်းချခံခဲ့ရသူလည်း ဖြစ်သည်။
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ကျောက်ပန်းတောင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရသည်။
ထို့နောက် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီး အမရပူရမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရကာ တိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် တာဝန်ပေးအပ်ခံရသည်။