သတင်း

အတိုင်ပင်ခံပုဂ္ဂိုလ် လူထုထောက်ခံပွဲအတွက် ကျောက်ပန်းတောင်း၌ ရန်ပုံငွေကောက်

ကျောက်ပန်းတောင်းမြို့နယ် NLD ပါတီရုံးခွဲသည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ထောက်ခံမည့်ပွဲ ကျင်းပရန်အတွက် လိုအပ်သည့် ရန်ပုံငွေကို ပြည်သူများထံမှ အလှူငွေကောက်ခံလျက်ရှိသည်ဟု မြို့နယ်ပါတီဥက္ကဋ္ဌက ပြောသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်း၌ ၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့သော နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးများအတွင်း လူမျိုးသုဉ်းသတ်ဖြတ်သည်ဆိုသော စွပ်စွဲချက်ဖြင့် ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် တရားစွဲထားသည်။

ထိုသို့ တရားစွဲဆိုထားခြင်းအပေါ် အမှုရင်ဆိုင်မည့်အဖွဲ့ကို ဦးဆောင်မည်ဟု ကြေညာထားသည့် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပွဲများ ကျင်းပလျက်ရှိရာ မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့၌လည်း ကျင်းပမည်ဖြစ်ရာ ထိုပွဲအတွက် ရန်ပုံငွေရှာဖွေနေခြင်းဖြစ်သည်ဟု ဥက္ကဋ္ဌဦးဇော်ဝင်းက ပြောသည်။

တိုင်းပြည်ကို တရားစွဲခံထားရတာကိုး။ … ကျွန်တော်တို့ခေါင်းဆောင်နောက်က လူထုတစ်ရပ်လုံးရှိတယ်ဆိုတာကို ကျွန်တော်တို့ပြချင်တာ” ဟု ဦးဇော်ဝင်းက ပြောသည်။

ရန်ပုံငွေအတွက် ကျောက်ပန်းတောင်းမြို့နယ် NLD အပါအဝင် ကျူရှင်ဆရာအဖွဲ့၊ လူမှုရေးကွန်ရက်၊ ဈေးသူဈေးသားများ၊ ကုန်သည်ပွဲစားများ စသည့် အဖွဲ့အသီးသီးတို့မှ ကိုယ်စားလှယ်ခုနစ်ဦးပါဝင်သော ဘဏ္ဍာငွေရှာဖွေရေးကော်မတီကို သီးသန့်ဖွဲ့ထားသည်ဟု ၎င်းကဆိုသည်။

နယ်သာလန်နိုင်ငံ ဒန်းဟက် (သည်ဟေ့ဂ်) မြို့ရှိ ICJ ၌ အမှုစတင်ကြားနာမည့် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် မြန်မာနိုင်ငံမြို့ကြီးအချို့၌ ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံပွဲများပြုလုပ်ရန် စီစဉ်နေကြပြီး ကျောက်ပန်းတောင်းမြို့၌ ၁၁ ရက်နေ့တွင် ကျင်းပမည့် ထောက်ခံပွဲအတွက် ပြည်သူများ ပူးပေါင်းလာစေရန် မြို့နယ် NLD ပါတီက စည်းရုံလှုံ့ဆော်လျက်ရှိသည်။

လက်ရှိတွင် ကျေးရွာများသို့ လိုက်လံစည်းရုံးနိုင်ရေးအတွက် စီစဉ်နေပြီး ထောက်ခံပွဲအတွက် ကျပ်သိန်း ၂၀ ခန့် ကုန်ကျနိုင်ကြောင်း၊ ထို့အတွက် ရန်ပုံငွေရှာသည့်အနေဖြင့် အလှူငွေကောက်ခံရခြင်းဖြစ်ကြောင်း ဦးဇော်ဝင်းက ပြောသည်။

“ပြည်သူတွေက လိုလိုလားလားထည့်ကြတယ်” ဟု ၎င်းက ပြောသည်။ လျာထားသည့် ပမာဏနီးနီး ရထားပြီးဖြစ်သည်ဟုလည်း ဆိုသည်။

ထောက်ခံပွဲကျင်းပရေး ရန်ပုံငွေကောက်ခြင်းမှာ NLD ပါတီဗဟို၏ ညွှန်ကြားချက်မဟုတ်ကြောင်းနှင့် ကျောက်ပန်းတောင်းမြို့နယ်ပါတီ၏ လုပ်ရပ်အပေါ် ပြည်သူများအနေဖြင့် ဆန္ဒအလျောက်ပါဝင်သည့်အပေါ် ပြောဆိုစရာ မရှိပါကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က Myanmar Now ကို ပြောသည်။

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများနှင့် ပတ်သက်ပြီး အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စား တရားစွဲဆိုခဲ့သည့် ဂမ်ဘီယာနိုင်ငံ၏ လျှောက်ထားချက်ကို ICJ က ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကြားနာမည်ဖြစ်ပြီး နောက်တစ်ရက်တွင် မြန်မာက ပြန်လည်လျှောက်ထားရမည် ဖြစ်သည်။

Show More

Related Articles

Back to top button